ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းသကဲ့သို့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းသကဲ့သို့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ပြောကြား
နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပါဝင်ဆွေးနွေးစဉ်
နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပါဝင်ဆွေးနွေးစဉ်
Published 25 November 2016
ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းရှိသလို၊ တွေ့ဆုံဆွေးနွေးရေးနည်း လမ်းဖြင့်လည်း ဆောင်ရွက်နေကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။
Centre for Development and Ethnic Studies (CDES) နှင့် Parliamentary Centre (Canada) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အောင်မြင်စွာ မည်သို့ ဖြေရှင်းရမည်ဟူသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပသည့်  ငြိမ်းချမ်းရေးဖိုရမ်တွင်  ဦးခင်ဇော်ဦးက ပါဝင်ဆွေးနွေးစဉ် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အဖွဲ့အစည်းများကိုလည်း မိမိတို့အနေဖြင့် လက်မှတ်ထိုးနိုင်အောင် တိုက်တွန်းနေကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာ ရပ်တန့်နေခြင်းမရှိကြောင်း ဦးခင်ဇော်ဦးက ပြောကြားသည်။
ဦးခင်ဇော်ဦးက “အခု ကျွန်တော်တို့  အခြေအနေတွေ အများကြီး တိုးတက်နေပါတယ်။ ဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ မကြာခင်ရက်ပိုင်းကတော့ ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေက ဖြစ်နေပါတယ်။ တိုက်ပွဲတွေ စဖြစ်နေတာကတော့ တိုက်ပွဲတွေ ဖော်တဲ့သူကနေ စဖော်တော့လည်း တိုက်ကြ၊ ခိုက်ကြရတာပေါ့။ ဒါလည်း ကျွန်တော်ထင်တယ် မကြာခင် ပြီးသွားပါလိမ့်မယ်။ ပြီးအောင်လည်း တစ်ဖက်က  စစ်ရေးနည်းနဲ့ ဖြေရှင်းတာရှိသလို၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်။ ဘာကြောင့်ဖြစ်သလဲ ဆိုတာလည်း အဖြေရှာနေပါတယ်။ ပြီးရင် ဘယ်လိုရမလဲ။ ဒါလည်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်။ ရလဒ် မရှိသေးတဲ့အတွက်ကြောင့် ဘယ်လိုလုပ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးတာပဲရှိပါတယ်။ ဆိုလိုချင်တဲ့ သဘောကတော့ ကျွန်တော်တို့ ဒီအတိုင်း ထိုင်ကြည့်မနေပါဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့မှ ကြိုးစား ဆောင်ရွက်နေပါတယ်။ ဝိုင်းကူညီတဲ့အဖွဲ့ တွေလည်း ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် နိုဝင်ဘာ ၂၀ ရက်က KIA၊ TNLA ၊ နှင့် MNDAA ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူ ၄၀ ခန့်နှင့် သေဆုံးသူ ၁၀ ကျော် ရှိနေပြီဖြစ်သည် ဟု ဒေသခံ လူမှုကူညီရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များ၏ အချက်အလက်များအရ သိရသည်။
လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ဟု ရှမ်းပြည်နယ ်အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန  NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
“အခုဆိုရင်တော့ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့နဲ့ကတော့ တန်းတူရည်တူ  ဒီငြိမ်းချမ်းရေး Process ကို ဆက်ပြီးတော့ သွားနေပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒကတော့ ဆက်ပြီးသွားနေမယ်။ တံခါးလည်း ဖွင့်ထားပါမယ်။ ဘယ်လိုပေါင်းရမလဲဆိုတာလည်း စဉ်းစားမယ်။ သို့သော် ကျွန်တော်တို့ ဆက်သွားနေမယ်။ ကျွန်တော်တို့ ရပ်မနေပါဘူး။ စောင့်မနေပါဘူး။ EAQs တွေနဲ့ ကျွန်တော်တို့ တပ်မတော်နဲ့ ကြားမှာ Gap  နည်းနည်းရှိပါတယ်။ အဲဒါက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဖြစ်ပါတယ်။ မူလက အစိုးရနဲ့ ကျွန်တော်တို့ကြားမှာလည်း Gap နည်းနည်းလေး ရှိခဲ့ပါတယ်။ သို့သော် ဘက်တစ်ဖက်တည်းမှာ အတူတူထိုင်လိုက်တဲ့အခါမှာ အခုဆိုရင် ကျွန်တော်တို့က inline ဖြစ်ပါတယ်။ အကုန်လုံး ညှိနှိုင်းတိုင်ပင် ဆွေးနွေးတဲ့ ပါတနာတွေ ဖြစ်သွားပါပြီ။ ဖြစ်နေပါပြီ။ အဲဒီတော့ အဓိက ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဒီလို ကျွန်တော်တို့ ပုံမှန်လေး သွားနေပါတယ်” ဟု ဦးခင်ဇော်ဦးက ထည့်သွင်း ပြောကြားသည်။
ထို့ပြင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ကျွန်တော်တို့ လက်ရှိ စီစဉ်ထားတဲ့အတိုင်းဆိုရင် အခုဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲကနေ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို သွားနေကြပါတယ်။ တစ်ချိန်တည်းမှာပဲလည်း ကျွန်တော်တို့ မှန်းထားတာကတော့ လာမယ့် ဖေဖော်ဝါရီမှာလုပ်မယ့် ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ထပ်ပြီးတော့ တွေ့ကြမယ်။အဲဒီအခါကျရင် ကျွန်တော်တို့ မျှော်လင့်တာက၊ ကျွန်တော်တောင်းပန်တာက ညီအစ်ကို မောင်နှမတွေ အားလုံးကို ညှိနှိုင်းပြီးရင်၊ ပြေလည်တဲ့ နားလည်မှု တစ်ခုရခဲ့ရင် လက်မှတ်ထိုးပေးကြပါ” ဟု  ပြောကြားသည်။
အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်သို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့သည်။

Most Read

Most Recent