ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ဘ၀ လုံလုံခြုံခြုံရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံ ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခွင့်မရ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ဘ၀ လုံလုံခြုံခြုံရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံ ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခွင့်မရ
နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
Published 21 November 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အန္တရာယ်ကင်းဝေးပြီး၊ စားဝတ်နေရေးအဆင်ပြေစွာ ဘဝလုံလုံခြုံခြုံရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ ကျူးကျော်သူများ နောက်ထပ်မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် တင်သွင်းခွင့်မရရှိခဲ့ကြောင်း အဆို တင်သွင်းခဲ့သူထံမှ သိရသည်။
အဆိုပါအရေးကြီးအဆိုကို နိုဝင်ဘာ ၂၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မေးခွန်းအဖြစ် ပြောင်းလဲမေးမြန်းရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
“လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုနဲ့ပတ်သက်လို့ အချက်အလက်တော့ပြည့်စုံတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့အစည်းတွေကတော့ ဒါတွေကိုဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတဲ့အပေါ်မှာ ဖြစ်စဉ်ကတော့ကြာပြီ။ ဒါပေမဲ့ ဖြစ်စဉ်ကြာပြီဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတဲ့အခါ ကိုယ့်မဲဆန္ဒနယ်မှာ ဖြစ်နေပြီး တိုင်းရင်းသားတွေက ပဋိပက္ခအပေါ်မှာ စိုးရိမ်ရတဲ့ ဒီအပေါ်မှာ ဘယ်လောက်ပဲ ဆောင်ရွက်ပေးပေး မပြည့်စုံတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် လွှတ်တော်မှာ တွန်းအားပေးဖို့ အနေနဲ့ ဒီအဆိုကိုတင်တယ်။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌကတော့ အဆိုနဲ့ပတ်သက်လို့ ကြာတော့ကြာပါပြီ။ လုပ်လည်း လုပ်ပေးနေတယ်။ ဒါပေမဲ့ ဒီအဆိုကို မေးခွန်းအနေနဲ့ လုပ်ပေးပါ။ ကျွန်တော်တို့က အကောင်းဆုံး ဖြစ်အောင် ကူညီပေးပါ့မယ်လို့ ပြန်ဖြေပေးတယ်” ဟု အဆိုရှင် ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
ယင်းအဆိုနှင့်ပတ်သက်၍ အဆိုရှင်အနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ စကားအတိုင်း မေးခွန်းအဖြစ် ပြောင်းလဲမေးမြန်းသွားမည်ဖြစ်ကြောင်း၊ အဆိုဖြစ်သည့်အတွက် အားလုံးခြုံ၍ပါသော်လည်း မေးခွန်းသို့ ပြောင်းလဲမေးမြန်းရမည် ဖြစ်သည့်အတွက် ဝန်ကြီးဌာနများခွဲ၍ တင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အဆိုတင်သွင်းခွင့်မရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေး ဆုံးရှုံးသည်ဟု ထင်မြင်မိကြောင်း ဦးကျော်ကျော်ဝင်းက ဆက်လက်ပြောကြားသည်။
“ဒါက ပြောမယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ပေါ့။ သူကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ပြောတာပေါ့။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာကလည်း ဥပဒေရဲ့ဘောင်ထဲမှာနေတာဆိုတော့ ဥက္ကဋ္ဌပြောတဲ့အခါ ကျွန်တော်တို့က လိုက်နာရမှာပဲလေ။ ကျေနပ်မှုကတော့ မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘယ်လောက်ပဲလုပ်လုပ် လွှတ်တော်ဆိုတာကတော့ အစိုးရအဖွဲ့ကို ခိုင်းတဲ့သဘောပေါ့။ ခိုင်းတဲ့သဘောဆိုတာက လွှတ်တော်တစ်ခုရှိပါလျက်နဲ့ ဒီကိစ္စ အရေးပေါ်လာတဲ့အခါ ဘယ်အချိန်ပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဒါကိုလွှတ်တော်ထဲမှာ လုပ်ကိုလုပ်ရမယ့် အပိုင်းလေ။ ဒါမဟုတ်ဘူးဆိုရင် အစိုးရအဖွဲ့ လုပ်တယ်ဆိုရင် လွှတ်တော်ဆိုတာ လုပ်စရာမှ မလိုတော့တာ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ဒီမေးခွန်းမေးဖို့၊ အဆိုတင်ဖို့မှ မလိုတော့တာ။ ဒါတော့ ဝမ်းနည်းတာပေါ့။ အခွင့်အရေးကတော့ ဆုံးရှုံးတာပေါ့။ဒါပေမဲ့ ဒီအခွင့်အရေးကို မဆုံးရှုံးရအောင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကတော့ ဒါတွေကို ကျွန်တော်တို့က ပြန်ပြီးအကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု ဦးကျော်ကျော်ဝင်းက ပြောကြားသည်။
လွှတ်တော်တွင် အဆိုတင်သွင်းခွင့် မရခြင်းမှာ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အခြားကိုယ်စားလှယ်များ၏ အယူအဆ သဘောထားများ ပြောကြားခွင့်မရ၍ လွှတ်တော်ကိုယ်စားလှယ်အတွက်သာမက ပြည်သူများအနေဖြင့် မြေပြင်မှ အခြေအနေများကို သိရှိခွင့်လည်း ဆုံးရှုံးကြောင်း ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
“အမျိုးသားလွှတ်တော်မှာတော့ ဒေသခံတွေရဲ့ ဘဝလုံခြုံရေး အေးချမ်းတည်ငြိမ်ရေးဆိုတဲ့ အနေအထားတွေကို ရလိုတဲ့အတွက်ကြောင့် အဆိုတစ်ရပ်အနေနဲ့ လွှတ်တော်ကို တင်ပြခဲ့တာ။ အဆိုကိုလက်ခံတာ လက်မခံတာ လွှတ်တော်တွေရဲ့ဥက္ကဋ္ဌ၊ အကြီးအကဲတွေရဲ့တာဝန်ပဲ။ သူတို့လုပ်ပိုင်ခွင့်။ သူတို့ လက်မခံတဲ့အတွက်ကြောင့် ပြည်သူတွေမှာ ဆုံးရှုံးတာပေါ့။ ဆုံးရှုံးတယ်ဆိုတာ လွှတ်တော်ထဲမှာ ဒီအဆိုကို တင်သွင်းလိုက်တဲ့အခါ အဆိုတင်သွင်းတဲ့ စုဆောင်းထားတဲ့ အချက်အလက်တွေ၊ သူ့အယူအဆတွေ၊ သူ့ရဲ့အမြင်၊ သူ့သဘောထား၊ အဲဒါတွေကို အဆိုနဲ့အတူတူ တင်ပြနိုင်သလို ဒီအဆိုကို လွှတ်တော်က လက်ခံလိုက်တဲ့အခါ တစ်နိုင်ငံလုံးက ရောက်ရှိနေကြတဲ့ ကိုယ်စားလှယ်တွေ ဝိုင်းဝန်း ဆွေးနွေးကြတဲ့အတွက်ကြောင့် ဝိုင်းဝန်း ဆွေးနွေးခွင့်ရတဲ့ အတွက်ကြောင့် တစ် နိုင်ငံလုံးက ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ အမြင်အသီးသီးကို တစ်နိုင်ငံလုံးက ကြားရတာပေါ့လေ။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိတာပေါ။ အဲဒီတော့ ဒီအဆိုတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အယူအဆကို တချို့က ထောက်ခံဆွေးနွေးကြမယ်။ တချို့က ဝေဖန်ဆွေးနွေးကြမယ်။ အဲဒီအပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးတဲ့ ဝန်ကြီးဌာနက လာပြီးဖြေမှာပေါ့။ ဖြေတဲ့အ ခါ ဝန်ကြီးဌာနရဲ့ဖြေကြားချက်ဟာ ဒီဘက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေနဲ့ ဘယ်လောက် ကွာဟမှုရှိသလဲ။ ဘယ်လောက် သဟဇာတ ဖြစ်မှုရှိသလဲဆိုတာ ပြည်သူတွေက ဝေဖန် ဆွေးနွေးဖို့ အခွင့်အလမ်းတွေရရှိကြတာပေါ့။ အဲဒီအပေါ်မှာ ပြည်သူတွေကလည်း အစိုးရရဲ့ အကောင်အထည်ဖော်နေတဲ့ အလုပ်၊ အစိုးရရဲ့ အကောင်အထည်ဖော်ဖို့ရည် ရွယ်ချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ မေးလိုက်တဲ့မေးခွန်းတွေ ဆက်စပ်ပြီးတော့ တကယ်ပြည်သူတွေရဲ့ လိုအပ်ချက်ဟာ မေးခွန်းဟာ ပြည်သူတွေရဲ့လိုအပ်ချက် ဟုတ် မဟုတ်၊ အစိုးရဝန်ကြီးဌာနရဲ့ဖြေကြားချက်ဟာ ပြည်သူတွေရဲ့လိုအပ်ချက် ဟုတ် မဟုတ် ဆိုတာလည်း ပြည်သူတွေတစ်ခါတည်း မြင်လို့ရတာပေါ့၊ ကြားလို့ရတာပေါ့။ အခုတော့ အဲဒါတွေ ဆုံးရှုံးသွားတာပေါ့” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားသည်။

Most Read

Most Recent