ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရက တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရက တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
Published 16 November 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရအနေဖြင့် တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။နိုဝင်ဘာ ၁၆ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ မရှိ”နှင့် ပတ်သက်သည့်မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က “အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ် ရှိ မရှိ။ အစီအစဉ်ရှိပါက မည်သို့မည်ပုံ စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုပါသည်။ အစီအစဉ်ရှိပါက ထိုစီစဉ်ဆောင်ရွက်မှုသည် ပြည်သူတို့၏ လူမှုဘဝအတွက် မည်မျှအထိ အကျိုးသက်ရောက်မှု ရှိမည်တို့ကို သိရှိလိုပါသည်။ အထက်ပါမေးခွန်းများ ဖြစ်လာရခြင်း အကြောင်းရင်းကို တင်ပြလိုပါတယ်။ ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေခြင်းဟာ ယခု အစိုးရလက်ထက်မှာ လူမှုဘဝရဲ့ အနီးကပ်ဆုံး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရခြင်းမှာလည်း ယခင်ခေတ်စနစ်တွေ အစိုးရတွေ လက်ထက်ကတည်းက ကုန်ဈေးနှုန်းတက်နေခြင်း ပြဿနာ ကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ယခုအစိုးရ တက်လာပြီးနောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းဟာ လျော့ကျမှု မရှိတဲ့အပြင် ယခင်အတိုင်းပဲ တရိပ်ရိပ် ဆက်မြင့်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတက်နေမှုကို အစိုးရတစ်ရပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအရလည်းကောင်း၊ ယခုအစိုးရရဲ့ မူဝါဒတစ်ရပ်ဖြစ်တဲ့ ပြည်သူအများစုဘ၀ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လည်းကောင်း၊ ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာ ပြည်သူတွေသိရှိအောင် ပွင့်လင်းမြင်သာမှုနဲ့ ချပြစေချင်လို့ ဖြစ်ပါတယ်။ မေးခွန်းမေးမြန်းခြင်းနဲ့ ပတ်သက်တဲ့ ပြည်တွင်းအခြေအနေများကိုလည်း ဆက်လက်တင်ပြလိုပါတယ်။ ဦးစွာ ပြည်သူအများစုရဲ့ ဝင်ငွေကို တင်ပြရမယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ ကျေးလက်နေစိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ တောင်သူလယ်သမား ရာခိုင်နှုန်း ၃၀ ရှိပါတယ်။ ၎င်းတို့မှာ မြေသိမ်းခံခဲ့ရမှုတွေ၊ ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝဘေးရင်ဆိုင်ရမှု၊ သီးနှံဈေးကွက်က အာမခံချက်မရှိမှု စတဲ့ လူမှုဘဝပြဿနာမျိုးစုံကို ကျော်လွန်ပြီးမှ ရရှိလာကြတဲ့ အလွန်နိမ့်ကျလှတဲ့ ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ မြန်မာပြည်မှာ အနိမ့်ဆုံးလုပ်ခ တစ်ရက်ကျပ် ၃၆၀၀ သာရရှိတဲ့ လက်လုပ်လက်စားများရဲ့ ဝင်ငွေ၊ တစ်လ ကျပ် ၁၂၀၀၀၀ သာရရှိတဲ့ အနိမ့်ဆုံး ဝန်ထမ်းများရဲ့ လစာဝင်ငွေ ဒီဝင်ငွေများ ရရှိသူများမှာ မြန်မာနိုင်ငံရဲ့ ပြည်သူအများစုပဲ ဖြစ်ပါတယ်။ ဝင်ငွေနိမ့်ကျခြင်း၊ ဝင်ငွေမတိုးခြင်းများ ကြုံတွေ့နေကြရတဲ့အပြင် ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ခံနေကြရပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ တစ်ဝက်ခန့်ဟာ မှီခိုသူတွေ ဖြစ်နေပါတယ်။ မိသားစုတစ်ခုမှာ ဝင်ငွေက ပုံမှန်အတိုင်း နိမ့်ကျနေချိန်မှာ ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေတော့ ဝင်ငွေနဲ့ ထွက်ငွေဟာ ဘယ်လိုမှ မမျှတနိုင်တော့ပါဘူး။ ဒီတော့ ရတဲ့ဝင်ငွေနဲ့ အိမ်ရှင်မတွေ အိမ်ထောင်ဦးစီးတွေက စီမံပြီး ချွေတာသုံးစွဲရင်းက ကျန်းမာရေးထိခိုက်လာမှုတွေ၊ လူနေမှုဘ၀ အဆင့်အတန်းနိမ့်ကျမှုတွေ၊ ဆင်းရဲမွဲတေမှုနဲ့ မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်း တက်နေမှုနဲ့ ပတ်သက်ပြီး စာစောင်တွေ၊ လေလှိုင်းတွေကတစ်ဆင့် ကျယ်လောင်တဲ့ ပြည်သူရဲ့အသံတွေသာမက ကျွန်မ မဲဆန္ဒနယ်က ပြည်သူအချို့ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြလာကြပါတယ်။ သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းတက်နေမှုကြောင့် လူမှုဘ၀ မွန်းကျပ်နေသူများ၊ အနာဂတ်နေ့သစ်များကို ယုံကြည်မျှော်လင့်နေကြသူများရဲ့ကိုယ်စား အထက်ပါမေးခွန်းများကို မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု မေးမြန်းသည်။အဆိုပါမေးခွန်းနှင့် ပတ်သက်၍ စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ဖြေကြားရာတွင် သတ်မှတ်ချိန် ၁၀ မိနစ်အတွင်း ကုန်ဈေးနှုန်း နှိုင်းယှဉ်မှုများ၊ ငွေကြေးဖောင်းပွမှု အခြေအနေများနှင့် သီအိုရီများ ပြောကြားခြင်းဖြင့်သာ အချိန်ကုန်သွားသဖြင့် လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်ရန် ပြောကြားခဲ့သော်လည်း လိုရင်းကို ဖြေကြားခြင်း မရှိသေးသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပန်းတောင်းမဲဆန္ဒနယ်က ဒေါ်ခင်နှင်းသစ်မေးတဲ့ မေးခွန်းကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြေစေချင်ပါတယ်။ မေးတဲ့ မေးခွန်းက အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေလို့ ထိန်းချုပ်မှု အစီအစဉ်မေးတာပါ။ အခုဒီမှာက ငွေကြေးဖောင်းပွမှုအခြေအနေတွေ ရှင်းလင်းတင်ပြတယ်။ ပြည့်စုံမှုရှိပါတယ်။ ကိုယ်စားလှယ်တွေ အားလုံးလည်း ဗဟုသုတရပါတယ်။ နောက်တစ်ခါ ကုန်ဈေးနှုန်းတက်လာတဲ့ အကြောင်းရင်းတွေလည်း အကျယ်တဝင့် ပြောသွားပါတယ်။ ပြီးတော့ ကုန်ဈေးနှုန်းမြင့်မားလာတဲ့ နှုန်းထားတွေလည်း အသေးစိတ် ပြောသွားပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဗဟုသုတတော့ ရပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ သတ်မှတ်ချိန်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနက ဖြေရတာ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ငါးမိနစ်နှစ်ကြိမ် ဆယ်မိနစ်အထိ တိုးပေးထားပါတယ်။ မေးတဲ့မေးခွန်းက ထိန်းချုပ်မှုအစီအစဉ် မေးတာပါ။ တက်တဲ့အကြောင်းရင်းတွေ၊ တက်နေတဲ့နှုန်းထားတွေ၊ ငွေကြေးဖောင်းပွတဲ့ အခြေအနေတွေကို အကျယ်တဝင့် အသေးစိတ်ပြောမယ့်အစား ကုန်ဈေးနှုန်းတက်တဲ့ အခြေအနေကို ထိန်းချုပ်မယ့် အစီအစဉ်မေးတာကို တိုတိုနဲ့လိုရင်းကို သတ်မှတ်ချိန်တွင်းမှာ ပြီးစေလိုပါတယ်။ အခု မိုက်ကို နှစ်မိနစ် တိုးပေးပါ့မယ်။ ဒါကို ပြည့်စုံအောင်ဖြေပေးပါ”ဟု ပြောကြားသည်။အရပ်ရပ် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းတွင် အချို့ကုန်စည်ကုန်ဈေးနှုန်းများသည် အတက်ချည်း မဟုတ်ဘဲ ရောင်းလိုအား၊ ဝယ်လိုအားနှင့် ဈေးကွက်အပေါ် မူတည်ကာ ဈေးနှုန်းများ တက်ခြင်း၊ ကျခြင်း ဖြစ်ပေါ်နေသည် ကိုတွေ့ရကြောင်း၊ လေ့လာသုံးသပ်ချက်အရ ထူးကဲစွာ ဈေးနှုန်းမြင့်တက်ခြင်း၊ ကျဆင်းခြင်းမျိုး မဟုတ်ဘဲ သာမန်အခြေအနေမျိုးတွင်သာ ဖြစ်လေ့ဖြစ်ထရှိသော ဈေးနှုန်းအတက်အကျသာ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုန်ဈေးနှုန်း ထိန်းညှိရန် လိုအပ်သည့်အချိန်တွင် ပြည်တွင်းထုတ် အချို့ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခွင့်ပြုပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဥပမာ ပဲပြုတ်အတွက် စားတော်ပဲ၊ ပုစွန်ဖြူ စသည်တို့ကိုလည်း တင်သွင်းခွင့် ပြုထားခဲ့ပါကြောင်း၊ ထို့ ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ လယ်ယာနှင့် မွေးမြူရေးလုပ်ငန်းသုံး ကိရိယာများနှင့်  စက်အပိုပစ္စည်းများ၊ တိရစ္ဆာန်အစာ ကုန်ကြမ်းကုန်ချောပစ္စည်းများနှင့် ဆေးဝါးများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သော ကုန်စည်များအဖြစ် သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း ဒေါက်တာသန်းမြင့်က ထည့်သွင်းဖြေကြားသည်။“သို့ဖြစ်ပါ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံစားသောက်ကုန် ဈေးနှုန်း သတင်းအချက်အလက်များ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများမှ နေ့စဉ်ဈေးနှုန်းသတင်း၊ ဈေးကွက်သတင်းများကို ကုန်သည်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကုန်ဈေးနှုန်းများကို အစိုးရက တိုက်ရိုက်ထိန်းချုပ် ဆုံးဖြတ်ပေးခြင်း မပြု ဘဲ ရောင်းလိုအား (Supply)နှင့် ဝယ်လိုအား (Demand) တို့အပေါ် မူတည်၍ သတ်မှတ်ဆုံးဖြတ်ခြင်း ဖြစ်ပါသဖြင့် ထိန်းညှိခြင်းကိုသာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ထည့်သွင်းပြောကြားသည်။ထို့နောက် မေးခွန်းရှင်က“ဝန်ကြီးဖြေသွားတဲ့အထဲမှာ သူက ကုန်ဈေးနှုန်းတွေကို စားဝတ်နေရေးလူမှုရေး လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ကုန်ဈေးနှုန်းတွေကို အသေးစိတ် ဖော်ပြသွားပါတယ်။ ဖော်ပြသွားတဲ့အထဲမှာ ရာခိုင်နှုန်းတွေ အများစုပြောသွားတဲ့အထဲမှာ ကုန်ဈေးနှုန်းမြင့်တက်တယ်ဆိုတဲ့ အကြောင်းတွေကို တော်တော်များများ ဖော်ပြသွားပါတယ်။ ဒီလိုဖော်ပြသွားပေမယ့် သူ့ရဲ့ ပထမဖြေကြားချက်တွေ ဥက္ကဋ္ဌကြီးပြောသလိုပါပဲ သူက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ဈေးနှုန်းတွေ ပြောသွားပြီးတဲ့အခါမှာ ကျွန်မရဲ့ မေးခွန်းထဲမှာ ပါသလိုမျိုး ဘယ်လိုဒီကိစ္စကို ဈေးနှုန်းတွေကို ဘယ်လိုထိန်းချုပ်မယ့် အစီအစဉ်ရှိတယ် မရှိဘူးဆိုတာ တိတိကျကျ ဖြေသွားတာ မရှိပါဘူး။ ဒါ့အပြင် ကျွန်မမေးတဲ့ မေးခွန်းနံပါတ်သုံး ထဲမှာလည်း ပါပါတယ်။ ဒီလိုမျိုး သူတို့ဆောင်ရွက်ပေးတယ်ဆိုရင်လည်း ဒါဟာ ပြည်သူလူထုရဲ့ လူမှုဘဝဟာ မည်မျှအထိ အကျိုးရှိနိုင်သလဲဆိုတဲ့ မေးခွန်းများကို ဖြေမသွားတဲ့အတွက် ဒီမေးခွန်းများကို ဆက်လက် ဖြေကြားပေးပါလို့ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ တင်ပြအပ်ပါတယ်”ဟု ပြောကြားသည်။ထိုသို့ ဆက်စပ်မေးခွန်းအပေါ် “ဒီမေးခွန်းနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနအနေနဲ့ အခု အဆင်သင့်မဖြစ်ရင် နောက်ဖြေနိုင်တဲ့အခါကျမှ သက်ဆိုင်ရာ ကိုယ်စားလှယ်ကို အဖြေလွှာ ပို့ပေးလို့ရပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက “ဟုတ်ပါတယ်ခင်ဗျ။ ဒီဟာကတော့ ကျယ်ပြန့်တဲ့အတွက်ကြောင့် နောက်ခံအကြောင်းတွေ ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဖို့အတွက် နောက်တစ်ကြိမ် Session မှာ ခွင့်ပြု ပေးပါရန် မေတ္တာရပ်ခံပါတယ်”ဟု ပြန်လည်တင်ပြသည်။လက်ရှိ ပြည်သူများခံစားနေရသည့် ကုန်ဈေးနှုန်းမြင့်တက်နေမှုကို ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်၊ စွမ်းဆောင်ရည်ဖြင့် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် ဝန်ကြီးတွင် ဘာမှမရှိကြောင်း၊ ထပ်ဆင့်မေးခွန်းကိုလည်း ဖြေနိုင်ရန် အလားအလာ မရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက Favour ပေးသည့် အနေဖြင့် Response ပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ပြန်လည်ဖြေဆိုခွင့်ပြုလျှင် အိုးနင်းခွက်နင်း ဖြစ်တော့မည် ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း မြင့်မားနေမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ရန် တိကျသည့် မူဝါဒလုပ်ငန်း အစီအစဉ်မရှိသည်ကို သက်သေခံသွားခြင်းပင် ဖြစ်ကြောင်း၊ ယခုအတိုင်းသာဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေးသည် ရင်လေးဖွယ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဝေဖန်ပြောကြားသည်။“ဒီမှာက ကုန်ဈေးနှုန်းတက်တာကို အောက်ခြေလူတန်းစားတွေက တကယ်ခံစားနေရတာ။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်ခင်နှင်းသစ်က ဒါကို ဘယ်လိုအစီအစဉ်ရှိလဲ မေးတယ်။ ဒါကို သူက ကုန်ဈေးနှုန်းတွေကို ရွတ်ပြတယ်။ သီအိုရီတွေ ဝယ်လိုအား ရောင်းလိုအားတွေပေါ့။ ဒါတွေကို ရွတ်ပြတယ်။ အဲဒီတော့ သူဖြေတဲ့အထဲမှာ ဝန်ကြီးဌာနရဲ့ Role က ပျောက်သွားတယ်။ ဘာမှ ဒါဟာ ဖြေဆေးမရှိဘူး။ သူ့ရဲ့ စီးပွားရေးသီအိုရီအရ ဖြစ်နေတာပါလို့ပြောတယ်။ ဒါဆို ဝန်ကြီးဌာန ဘယ်လိုတော့မလဲ။ ဘယ်နိုင်ငံမှာမဆို ဝန်ကြီးဌာနဆိုတာ ဒါကို Check လုပ်နေရမယ်။ Balance ဖြစ်အောင် ဘယ်လိုထိန်းနေရမလဲ။ ဘယ်လိုဟာကို ဟန့်တားရမလဲ။ ဘယ်လိုဟာကို Control လုပ်ရမလဲဆိုတာ။ ဒါဟာ ဝန်ကြီးဌာနရဲ့အရည်အချင်းပဲ။ ဒါ ဝန်ကြီးရဲ့အရည် အချင်းပဲ။ ကျွန်တော်မြင်တာကတော့ ဝန်ကြီးက ဘာမှအရည်အချင်းမရှိဘူး။ သူ့နေရာမှာ ဘယ်သူမဆို တက်လုပ်လို့ရတဲ့ ပုံစံမျိုးပဲ။ NLD မှာလည်း ထူးချွန်တဲ့ အမျိုးသမီးတွေ စီးပွားရေးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီးရှိပါတယ်။ ကျွန်တော်မြင်တာကတော့ မတန်ဘူးဗျ။ ကိုယ့်ရဲ့အရည်အချင်း ဘာမှမရှိဘူးဆိုတာ ပြသွားတယ်။ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်လည်း နိဂုံးချုပ်ပါတော့လို့ ပြောတယ်။ သူက အရှည်ကြီးပြောလာတဲ့အချိန်မှာ သူပြောတာတွေက ဝေ့လည်ဝေ့လည်နဲ့၊ ဘာမှလည်း ရေရေရာရာ မရှိဘူး။ နောက်ပြီးတော့ ထပ်ဆင့်မေးတဲ့ မေးခွန်းအပေါ်မှာလည်း သူဘာမှ တိတိကျကျရေရေရာရာ ဖြေနိုင်မှာ မဟုတ်ဘူး။ မဖြေနိုင်တော့ လွှတ်တော်ဥက္ကဋ္ဌက Outlet လေး ပေးလိုက်တာပေါ့ဗျာ။ အခု မဖြေနိုင်လည်း နောက်မှဖြေပါဆိုတော့ ဒါသူ့အတွက် အင်မတန် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားတာပေါ့ဗျာ”ဟု ဦးဦးလှစောက ပြောကြားသည်။ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ကျွန်တော်တို့မြင်တဲ့ ကိစ္စကတော့ မေးခွန်းရှင် မေးမြန်းတဲ့ကိစ္စက လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အပေါ် မှာ အစိုးရအဖွဲ့ ဒါမှမဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုများ ထိန်းချုပ်ညှိနှိုင်းဖြေရှင်းသွားမယ်  အဆင်ပြေအောင်ပေါ့လေ။ ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ မေးမြန်းချက်အပေါ် ဝန်ကြီး ဖြေသွားတာကတော့ တိုတိုနဲ့လိုရင်းပြောရရင်တော့ အားမရဘူးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ငွေကြေးဖောင်းပွမှုတွေ ဒါတစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်နေတဲ့ ကိစ္စဟာ အဓိက တာဝန်အရှိဆုံးက အစိုးရအဖွဲ့။ အစိုးရအဖွဲ့မှာမှ အဓိက အကောင်အထည်ဖော် လုပ်ဆောင်ရမှာက ဝန်ကြီးဌာနက ပိုပြီးတော့ အသေးစိတ် ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်တွေမှာ လည်းကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေမှာ လည်းကောင်း လေ့လာသုံးသပ်ရမယ်။ ဝန်ကြီးကတော့ အသေးစိတ်တော့ ရှင်းတော့ ရှင်းသွားတယ်။ ဒါပေမဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းမှာတော့ ဖြေကြားသွားတာ မရှိဘူး။ အဲဒီမှာလည်း လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ ထောက်ပြပြောဆို ခံခဲ့ရတယ်။ ဝန်ကြီးတစ်ပါးမှာ သူကိုင်တွယ်တဲ့ ဝန်ကြီးဌာနရဲ့ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဝန်ကြီးတစ်ပါးအနေနဲ့ သူ့ရဲ့ဝန်ကြီးဌာနအတွက် သူလုပ်ရမယ့် လုပ်ငန်းစဉ် မူဝါဒကို သူကိုယ်တိုင် ဂဃနဏ မသိထားဘူးဆိုရင် အခြားသော အကျိုးသက်ရောက်မှု အားလုံးကို ထိခိုက်စေလိမ့်မယ်လို့ ယူဆတယ်။ ဘယ်လိုပဲပြောပြော ကုန်ဈေးနှုန်းကြီးမြင့်တယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ မေးခွန်းမေးမှ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ယူလာပြီ ဆိုကတည်းက တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေလဲ။ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်ပါမယ်ဆိုတဲ့ ကြိုပြီးတော့ မူရှိကို ရှိထားသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီမူရှိထားပြီးတော့ အဲဒီအတိုင်း ဆောင်ရွက်မယ်ဆိုတဲ့ပုံစံ ဖြစ်ရပါမယ်။ လုပ်လို့ မရသေးဘူးဆိုတာ လက်ခံပါတယ်။ လုပ်နေပါတယ်ဆိုတာ ဖြစ်ရပါမယ်။ ဘယ်လိုတွေ ကိုင်တွယ်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း တိတိကျကျ ရှင်းရှင်းလင်းလင်း လွှတ်တော်ကိုယ်စားလှယ်တွေ သိအောင် တစ်ပြည်လုံး တစ်နိုင်ငံလုံး သိအောင် ရှင်းပြဖို့ လိုအပ်ပါလိမ့်မယ်လို့ ယူဆပါတယ်။ ဝန်ကြီးအနေနဲ့ အခုလို အဆင်သင့်မဖြစ်တာတော့ တော်တော်လေး အားမလိုအားမရ ဖြစ်မိပါတယ်”ဟု ပြောကြားသည်။

Most Read

Most Recent