ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကုန်စည်ဆိုင်ရာ အရည်အသွေး၊ စံချိန်စံညွန်း သတ်မှတ်မှုနှင့် မလိုအပ်သည့် အပိုကုန်ကျမှုများ လျှော့ချပေးနိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု အထူးလိုအပ်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကုန်စည်ဆိုင်ရာ အရည်အသွေး၊ စံချိန်စံညွန်း သတ်မှတ်မှုနှင့် မလိုအပ်သည့် အပိုကုန်ကျမှုများ လျှော့ချပေးနိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု အထူးလိုအပ်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
Published 2 November 2016
နေရိုင်း၊ ကျော်မျိုး

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကုန်စည်ဆိုင်ရာ အရည်အသွေး၊ စံချိန်စံညွှန်း သတ်မှတ်မှုနှင့် မလိုအပ်သည့် အပိုကုန်ကျမှုများကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု အထူးလိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် နိုဝင်ဘာ ၂ ရက်က ပြုလုပ်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပွဲ အခမ်းအနား၌ ကုန်သွယ်ကဏ္ဍတွင် တိုက်တွန်းလိုသည့် အချက်သုံးချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။“မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု အခြေအနေနဲ့ ပတ်သက်ပြီး အလေးအနက်ထား ပြောလိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှု အခြေအနေဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ကုန်သွယ်မှု အခြေအနေ ကောင်းမွန်ဖို့ ကုန်သွယ်ရေး မူဘောင်နဲ့ အင်စတီကျူးရှင်းတွေ၊ အခြေခံ အဆောက်အအုံနဲ့ ကုန်သွယ်ရေး ကော်ရစ်ဒါကြီးတွေ၊ ကုန်စည်ဆိုင်ရာ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်မှုတွေ၊ မလိုအပ်တဲ့ အပိုကုန်ကျမှုတွေကို အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မယ့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အထူးပဲ လိုအပ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။ကုန်သွယ်မှုလိုငွေ ပြနေခြင်းသည် ပို့ကုန်မြှင့်တင်ရေးကို တွန်းအားပေး လုပ်ဆောင်ရန် သတိပေးနေခြင်းဖြစ်ပြီး ကုန်သွယ်မှု လိုငွေက ပြည်တွင်းငွေကြေး ဖောင်းပွမှု၊ မြင့်တက်မှုကို တစ်ဖက်တစ်လမ်းမှ သက်ရောက်မှု ရှိနေသကဲ့သို့ ငွေကြေးတန်ဖိုးကို ကြီးကြီးမားမား ထိခိုက်မှု ရှိနေကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။ဒုတိယအချက် အနေဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုးနှင့် ကုန်သွယ်မှုအချိုး၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအပေါ် မှီခိုမှု Trade Dependency သည် ၃၀ ရာနှုန်းအထိ ရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ မြင့်မားလာရေးအတွက် ပထဝီနိုင်ငံရေး အချက်အချာကျမှုကို ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။အခြားအချက်တစ်ခု အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် မူဝါဒ ၁၂ ရပ်ပါ အရေးကြီးကဏ္ဍဖြစ်သည့် လယ်ယာကဏ္ဍကိုလည်း ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ ကုန်သွယ်မှုဘက်စုံ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (DTIS) ကို ပြုစုခဲ့ကြောင်း၊ ဆက်လက်ပြီး စီးပွားကူးသန်း ဝန်ကြီးဌာန အနေဖြင့် (DTIS) အစီရင်ခံစာပါ Action Matrix များ အပါအဝင် အခြားဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများက ပြုစုထားသည့် အစီရင်ခံစာပါ Action Matrix များ စုပေါင်းကာ Medium Term Plan View ရေးဆွဲပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ကုန်သွယ်မှုနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ ယှဉ်ပြိုင်မှု မူဝါဒ ဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန် ဥပဒေများကို နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများ ကိုက်ညီမှုနှင့် တိုးတက်လာသည့် ကုန်သွယ်မှုပုံစံများအတွက် အားနည်းချက် ရှိနေပြီး ဝန်ကြီးဌာနအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခြုံငုံမှု မရှိသည့်အတွက် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုဥပဒေ ရေးဆွဲရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

Most Read

Most Recent