မြန်မာနိုင်ငံသည် ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းခြင်းကြောင့် ကုန်ကျစရိတ်ပိုပြီး အချိန်နှောင့်နှေးမှုများ ရှိသဖြင့် နိုင်ငံခြား ကုန်သွယ်ရေးတွင် ကုန်သည်များအတွက် ပိုမိုခက်ခဲနေ

မြန်မာနိုင်ငံသည် ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းခြင်းကြောင့် ကုန်ကျစရိတ်ပိုပြီး အချိန်နှောင့်နှေးမှုများ ရှိသဖြင့် နိုင်ငံခြား ကုန်သွယ်ရေးတွင် ကုန်သည်များအတွက် ပိုမိုခက်ခဲနေ
Published 26 October 2016
ဇေယျာထွန်း

မြန်မာနိုင်ငံသည် ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုကာ အချိန်နှောင့်နှေးမှုများ ရှိသဖြင့် နိုင်ငံခြား ကုန်သွယ်ရေးတွင် ကုန်သည်များအတွက် ပိုမို ခက်ခဲနေရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက မှတ်ချက်ပြုထားသည်။အောက်တိုဘာ ၂၆ ရက်က နေပြည်တော် Hilton ဟိုတယ်တွင် ပြုလုပ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အားလုံးအတွက် တန်းတူအခွင့်အလမ်း အခမ်းအနား၌ ကမ္ဘာ့ဘဏ် အုပ်စု၏ နှစ်စဉ် Doing Business အစီရင်ခံစာတွင် အထက်ပါကဲ့သို့ မှတ်ချက်ပြုထားကြောင်း သိရသည်။မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းအရ လွယ်ကူသည့်နိုင်ငံ ၁၉၀ တွင် ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၁၇၀ သို့ ရောက်ရှိခဲ့ပြီး အကွာအဝေး အမှတ် ၄၄ ဒသမ ၀၁ မှ ၄၄ ဒသမ ၅၆ သို့ တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ယင်းကဲ့သို့ တိုးတက်ရာတွင် ထိပ်တန်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်သည့် အလေ့အထများ အပိုင်းတွင် ကွာဟချက် ရှိနေမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် ကုမ္ပဏီ မှတ်ပုံတင်စရိတ် လျှော့ချခြင်းဖြင့် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရာတွင် ပိုမို လွယ်ကူလာခဲ့ပြီး ကုမ္ပဏီတစ်ခု တရားဝင် မှတ်ပုံတင်ရာတွင် လိုအပ်သည့် ထောက်ခံစာနှင့် ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြရသည့် သတ်မှတ်ချက်ကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းစဉ်အား ပိုမို ပြုလုပ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။“မြန်မာနိုင်ငံဟာ အင်အားကောင်းကောင်းနဲ့ တိုးတက်နေတဲ့နှုန်းကို ထိန်းသိမ်းဖို့အတွက် အကူအညီဖြစ်စေတဲ့ စီးပွားရေး ရပ်ဝန်းတစ်ခု ဖန်တီးရာမှာ မှန်မှန်လေး တိုးတက်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မန်နေဂျာ အဗ္ဗဒူလာရေဆက် (Abdoulaye Seck) က ပြောကြားသည်။မြန်မာနိုင်ငံသည် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာနတစ်ခု တည်ထောင်ခွင့်ပြုသည့် ဥပဒေတစ်ခု ပြဋ္ဌာန်းခြင်းဖြင့် ကြွေးမြီဆိုင်ရာ သတင်းအချက်အလက် စနစ်ကို တိုးတက်စေကြောင်း၊ ဒေသတွင်းအခြားသော စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံများကဲ့သို့ အားလုံးပါဝင်သည့် တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်မည့် အနေအထားရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် ဒေသအနှံ့အပြားမှ ပြည်သူများ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဝင်ငွေအမျိုးမျိုး ရှိကြသည့် လူအုပ်စု အားလုံးအပေါ် အကျိုးဖြစ်ထွန်းစေမည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည့် အခွင့်အလမ်း အမှန်တကယ်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။ကမ္ဘာ့ဘဏ်အုပ်စု၏ ယခုနှစ် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း၏ ခေါင်းစဉ် ၁၀ ခုအနက် သုံးခုတွင် ကျား၊ မ ရှုထောင့်အား ပထမဆုံး အနေဖြင့် ထည့်သွင်းခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းနှင့် စာချုပ်စာတမ်းများအတိုင်း လိုက်နာစေခြင်းတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံ အနည်းငယ်တွင် ကျား၊ မ ဆိုင်ရာ အတားအဆီးများ ရှိပြီး မြန်မာနိုင်ငံတွင် အဆိုပါ အတားအဆီးများ မရှိကြောင်း သိရသည်။