နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်နိုင်ရန် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ် မရေးထိုးရသေးသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေး

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်နိုင်ရန် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ် မရေးထိုးရသေးသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေး
Published 17 October 2016
ကျော်ဇင်ဝင်း၊ ဝီရမိုးနေ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (CT) နှင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့်  ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ရန်ကုန်မြို့ရှိ ပါရမီဟိုတယ်တွင် အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် ပြုလုပ်ခဲ့ပြီးသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စများအား ပြန်လည်ရှင်းလင်းခြင်းနှင့် အောက်တိုဘာ ၁၈ နှင့် ၁၉ ရက်များတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင်ပြုလုပ်မည့် ဆဋ္ဌမအကြိမ် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
DPN အဖွဲ့ခေါင်းဆောင်ခူဦးရယ်က “ဒီနေ့က ကျွန်တော်တို့ DPN နဲ့ CT နဲ့ တွေ့တဲ့ပွဲ။ အဓိကကတော့ မနက်ဖြန် သန်ဘက်ခါ နှစ်ရက်တာ မူဘောင်ပြန်လည် သုံးသပ်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကနေပြီး တူညီတဲ့ အမြင်သဘောထားတွေကိုUpdate ပြန်လုပ်တာပါ။ အရင်တုန်းကတော့ လုပ်ခဲ့ကြတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ DPN ဘက်က နောက်ဆုံးလုပ်တဲ့ အစည်းအဝေးမှာ မတက်ရောက်နိုင်ခဲ့ဘူး။ အခြေအနေအရ။ ရက်ညှိတာ အဆင်မပြေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ မပါခဲ့ဘူး။ ဆိုတော့ နောက်ဆုံးအခြေအနေကို CT ဘက်ကနေ ပြီးတော့ ကျွန်တော်တို့ကို မျှဝေရင်းနဲ့ နောက်ဆုံးသူတို့ Update လုပ်ထားတဲ့ အခြေအနေကို ဒီမနက်ကတော့ ရှင်းလင်းချပြပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကလည်း ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ မရှိသေးတော့ ဒီညနေစောင်းမှာပဲ ဒီ Update လုပ်ထားတဲ့ အခြေအနေ အရပ်ရပ်ကို နောက်ဆုံးထပ်လောင်း ပြီးတော့ ရှင်းလင်းချပြမှုတွေလုပ်မယ်” ဟု ပြောကြားသည်။
ယခုပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းတွင် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန် (မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“နောက် ကျွန်တော်တို့ ဘက်ကလည်းပဲ ဒီမူဘောင်နဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက် သွားမယ့် အဆင့်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ဥပမာ အထူးသဖြင့် ကျွန်တော်တို့ မူဘောင်ကိစ္စ တစ်စုံလုံးကို ပြောမှာလား။ သို့တည်းမဟုတ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ကိုပဲ ဦးစားပေးပြီး ပြောမှာလား စသဖြင့်ပေ့ါ။ ကျွန်တော်တို့ နားလည်တာကတော့ မူဘောင်တစ်စုံလုံး အားလုံးကျေလည်ပြီးမှပဲ ကျန်တဲ့အဆင့်တွေကို ဘယ်လိုစမလဲဆိုတာ ကျွန်တော်တို့ နောက်မှပဲ စဉ်းစားရမယ့်သဘောလို့ နားလည်တယ်။ ဒါပေမဲ့ အခုအစိုးရဘက်က ခြေလှမ်းပြင်နေတာကတော့ ဒီလာမယ့် နိုဝင်ဘာလမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို စတင်မယ်ဆိုတဲ့သဘော ပြောတာ ကြားတယ်ဆိုတော့။ မူဘောင်ပြန်လည် သုံးသပ်မှု တစ်စုံလုံး မလုပ်ဘဲနဲ့ ဒီအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုလောက်ပဲ ညှိနှိုင်းဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ကြားတယ်။ ဒါနဲ့ပတ်သက်ပြီး CT ကို မေးဖို့ရှိပါတယ်။ သူတို့လည်း ဒါကို ရှင်းလင်းချပြဖို့ ရှိပါတယ်။ ဒီနေ့တစ်ရက်တာရဲ့ အနေအထားက အဓိက ကျတာကတော့ ဒါပါပဲ” ဟု ခူဦးရယ်က ဆက်လက်ပြောကြားသည်။
NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ခြင်း၊ ရေးဆွဲခြင်းများ ပြုလုပ်နိုင်သော်လည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြုခြင်းကိုမူ NCA စာချုပ်အရ အစိုးရ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကသာ ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း NCA လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သော ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“UPDJC မပါသေးတဲ့ အဖွဲ့တွေကတော့ အတည်ပြုတဲ့ အထဲမှာ မပါနိုင်ဘူး။ အကယ်၍ review လည်းလုပ်တယ်။ redraft လည်းလုပ်တယ် DPN ပါတယ်။ review နဲ့ မလုံလောက်လို့ အတည်ပြုတဲ့ အထဲမှာ ပါချင်တယ် ဆိုရင်တော့ UPDJC မှာ တရားဝင် ဝင်လုပ်ဖို့လိုတယ်။ UPDJC ရဲ့တရားဝင် ကိုယ်စားလှယ်ဖြစ်ဖို့။ UPDJC ရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်ရေးဆိုတဲ့ နေရာမှာလည်း NCA ပြဋ္ဌာန်းချက်အရ NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးသူများသည် လုပ်ခွင့်ရှိတယ်ဆိုတာ အဲဒါတော့ NCA ထဲမှာပဲ ဆုံးဖြတ်သွားလိုက်မယ်။ ဒါကြောင့်ဒီ NCA ထဲမှာ ပါဝင်ပြီးတော့ လက်မှတ်ထိုးပြီးတော့ တရားဝင် UPDJC အဖွဲ့ဝင် ဖြစ်ရင်တော့ အတည်ပြုတဲ့ အထဲပါမယ်။ အတည်ပြုပြီးရင် အကောင်အထည် ဖော်မှာဖြစ်တော့ အကောင်အထည် ဖော်တဲ့ဟာလည်း နိုင်ငံတော်အစိုးရက ဆက်လုပ်သွားမယ်ဆိုတော့ အကယ်၍ အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာလည်း ပူးတွဲအကောင်အထည် ဖော်ရေးမှာ ဆက်ပြီးတော့ ပါဝင်သွားမယ် ဆိုရင်လည်း NCA ကို ဖြတ်ကျော်ဖို့လိုမယ်။ NCA မှာ မထိုးဘဲနဲ့ အဲဒီအဆင့်သွားနိုင်ဖို့ အခက်အခဲရှိတယ်” ဟု ၎င်းကဆိုသည်။
DPN အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့်လည်း နေပြည်တော်တွင် အောက်တိုဘာ ၁၅ ရက်က ဆွေးနွေးခဲ့သည်။
 

Most Read

Most Recent