ရခိုင်ပြည်နယ်အရေး ကိစ္စများသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ကာ မြန်မာနိုင်ငံသားများသည် နံပါတ်တစ် ဦးစားပေး ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရခိုင်ပြည်နယ်အရေး ကိစ္စများသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ကာ မြန်မာနိုင်ငံသားများသည် နံပါတ်တစ် ဦးစားပေး ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 13 October 2016

ရခိုင်ပြည်နယ် အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများ မဟုတ်ဘဲ သွေးထိုးလှုံ့ဆော် မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Bert အား အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လက်ခံတွေ့ဆုံရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှု၌ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက ယခုခရီးစဉ်တွင် ရခိုင်ဒေသသို့ သွားရောက်ခဲ့မှု၊ ရခိုင်ဒေသ၏ ပဋိပက္ခကြီးမားမှု အခြေအနေ၊ မတူညီသည့် လူမှုအသိုက်အဝန်း နှစ်ခုအား ပေါင်းစပ်ရန် ခက်ခဲမှု အခြေအနေများ၊ စိန်ခေါ်မှုများနှင့် တပ်မတော်၏ သဘောထား အမြင်ကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ် အရေးကိစ္စများသည် ဘာသာရေးပဋိပက္ခများ မဟုတ်ဘဲ သွေးထိုးလှုံ့ဆော် မှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ် ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည် များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ မိမိနိုင်ငံဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်စဉ် ဘင်္ဂလားနယ်စပ်မှ ခေါ်လာသည့် ဘင်္ဂါလီများ မြန်မာနိုင်ငံ ရခိုင်ဒေသသို့ ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် မြန်မာနိုင်ငံ ဓလေ့ထုံးစံများကို လိုက်နာခြင်း မရှိသဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယင်းဘင်္ဂါလီများ အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီ စစ်ဆေးမှုကိုခံယူခြင်း၊ ဥပဒေနှင့် ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့် မကိုက်ညီသည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မှုများအား အကောင်းဆုံး ကူညီလုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မွန်းလွဲ ၃ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး HE.Mr.Tone Tinnes အား လက်ခံတွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှု၌ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NCA အပေါ် အခြေခံပြီး ပါဝင်လုပ်ဆောင်ရန် လိုအပ်မှုနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်အညီ ှSSR၊ DDR လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent