အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရအနေဖြင့် တစ်ရက်စောပြီး ဆောင်ရွက်ပါက တိုင်းပြည်အတွက် တစ်ရက်ပို အကျိုးရှိနိုင်ကြောင်းနှင့် ဆောင်ရွက်မှု အခြေအနေများကိုလည်း လူထုသိရှိရန် ထုတ်ပြန်ပေးသင့်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရအနေဖြင့် တစ်ရက်စောပြီး ဆောင်ရွက်ပါက တိုင်းပြည်အတွက် တစ်ရက်ပို အကျိုးရှိနိုင်ကြောင်းနှင့် ဆောင်ရွက်မှု အခြေအနေများကိုလည်း လူထုသိရှိရန် ထုတ်ပြန်ပေးသင့်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 11 October 2016
မျိုးမင်းထက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရအနေဖြင့် တစ်ရက်စောပြီး ဆောင်ရွက်ပါက တိုင်းပြည်အတွက် တစ်ရက်ပို အကျိုးရှိနိုင်ကြောင်းနှင့် ဆောင်ရွက်မှု အခြေအနေများကိုလည်း ပြည်သူလူထု သိရှိရန် ထုတ်ပြန်ပေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၌ ‘နိုင်ငံအဝန်း အဂတိ လိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းသည့်အဆို’ ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်မှလည်း ကန့်ကွက်သူမရှိ အတည်ပြုထားသည်။
ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် အဆိုနှင့် ပတ်သက်၍ “အမှန်အတိုင်း ပြောရမယ်ဆိုရင် အဲဒီအဆို တင်ပြီးတော့ ကန့်ကွက်မဲမရှိ၊ ကြားနေမဲမရှိ အတည်ပြုပြီးတဲ့ နောက်ပိုင်း အခုအချိန်ထိ ဘာမှထူးခြားမှု မရှိသေးဘူး။ ဘာသတင်းမှ မကြားသေးဘူး။ အဲဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆိုနှင့် ပတ်သက်ပြီး အစိုးရဘက်က ဘာမှလုပ်တာ မသိသေးဘူး။ မကြားသေးဘူး။ အန်ကယ်တို့တော့ မသိဘူး။ သူတို့လုပ်နေလား၊ ဘာလား မသိဘူး။ အန်ကယ်မသိတာကို ပြောတာ။ အန်ကယ်တို့ ဘာမှမသိဘူး” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
“တစ်ရက်ပိုပြီးတော့ တစ်ရက်စောစော ဒါကိုအရေးယူ ဆောင်ရွက်နိုင်ရင် တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိမယ်လို့ အန်ကယ်ပြောခဲ့တယ်။ လွှတ်တော်ထဲမှာ တရားဝင်ပြောခဲ့တယ်။ အဲဒီအတိုင်းပဲပေါ့။ အန်ကယ့် သဘောထားကတော့။ အစိုးရအနေနဲ့ တစ်ရက်စောပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရင် တစ်ရက်တိုင်းပြည် အတွက်ကော၊ ပြည်သူအတွက်ကော ပိုအကျိုးရှိမှာ သေချာတယ်လေ။ အဲဒါအန်ကယ်ရဲ့ တရားဝင်သဘောထား။ လွှတ်တော်ထဲမှာလည်း အန်ကယ်ဒီအတိုင်းပဲ ပြောတာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ဆက်လက် ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဆောင်ရွက်မှု အခြေအနေများကိုလည်း ပြည်သူလူထု သိရှိရန် ထုတ်ပြန်ပေးသင့်ကြောင်း ဒေါက်တာသန်းဝင်းက အကြံပြုထားသည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်း၏ စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော် ရှိသည့်အနက် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံကို စံထား၍ အဆင့်သတ်မှတ်ရာ၌ နံပါတ် (၁) တွင် ဒိန်းမတ်၊ (၂) တွင် နယူးဇီလန် (၃) တွင် ဖင်လန်၊ (၄) တွင် ဆွီဒင်၊ (၅) တွင် နော်ဝေတို့ ဖြစ်၍ မြန်မာနိုင်ငံသည် အဆင့် (၁၄၇) တွင် ရပ်တည်နေကြောင်း၊ အာဆီယံ နိုင်ငံများတွင်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့ သည် အဂတိလိုက်စားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
“လွှတ်တော်ကတော့ အန်ကယ်သိသလောက်က အဆိုတစ်ခု အောင်မြင်တယ် ဆိုရင်တော့ အဆိုက သမ္မတဆီ ပို့ရတယ်လို့ အန်ကယ်သိတယ်လေ။ အတည်ပြုတဲ့ အဆိုပေါ့။ မှတ်တမ်းတင်တဲ့ အဆိုတော့ မဟုတ်ဘူး။ အတည်ပြုတယ်ဆိုရင် သမ္မတဆီ ပို့ရတယ်ပေါ့။ ဟိုဘက်က ဘာလုပ်လဲ ဆိုတာတော့ အခုထိ အန်ကယ်တို့ မသိဘူး။ အန်ကယ်တို့က သိနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ အန်ကယ်တို့က လွှတ်တော်ထဲမှာပဲ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေပဲရှိတယ်။ အစိုးရကတော့ လုပ်ရင်လည်း လုပ်နေမှာပေါ့။ Action ယူရင်လည်း ယူနေမှာပေါ့။ ဆရာတို့ မသိတာလည်း ဖြစ်မှာပေါ့လေ။ အန်ကယ် အနေနဲ့တော့ ဘာမှမသိရသေးဘူး။ အဂတိလိုက်စားမှုတွေဟာ တိုင်းပြည်မှာ အင်မတန်မှ အခြေအနေတွေက အားလုံးက သိတဲ့အတိုင်းပဲ။ နိုင်ငံအဝန်းပဲ။ ဒါကထိထိရောက်ရောက်နဲ့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့က အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ လိုတာပေါ့။ တိုင်းပြည်အတွက် အရေးကြီးတာပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။
တိုင်ကြားစာများနှင့် ပတ်သက်၍ အထောက်အထား မပါသည့် ယေဘုယျဆန်ဆန် တိုင်ကြားစာများ၊ ပစ်စာများ၊ တိုင်ကြားသူ၏ အမည်ပါသော်လည်း ကနဦးစုံစမ်းသည့်အခါ တိုင်ကြားသူ အမှန်တကယ် မရှိသော တိုင်စာများ၊ ဥပဒေအာဏာ မတည်မီက ကိစ္စရပ်များ၊ ဥပဒေနှင့် သက်ဆိုင်မှု မရှိသော တိုင်စာများ၊ တရားရုံးတွင် စစ်ဆေးဆဲ ကိစ္စများ၊ စစ်ဆေးအရေးယူပြီး ဖြစ်သော်လည်း ထပ်မံတိုင်ကြားသည့် ကိစ္စရပ်များ၊ အဆင့်မြင့် အကြီးအကဲများသို့ လိပ်မူတိုင်ကြားစာများ၊ ကော်မရှင်သို့ မိတ္တူပေးစာနှင့် မှန်ကန်မှုမရှိသည့် တိုင်စာများ ဖြစ်နေ၍ တိုင်ကြားစာ များပြားသော်လည်း အမှန်တကယ် အရေးယူနိုင်သည့် အရေအတွက် နည်းပါးရခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက အထက်ပါ အဆိုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားထားသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ အချို့ပြဋ္ဌာန်းချက် များကိုလည်း ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဦးမြဝင်းက လွှတ်တော်၌ ပြောကြားထားသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ ဘယ်အစိုးရမဆို လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် အခုအစိုးရကလည်း လုပ်ရမှာပဲ။ လုပ်လည်း လုပ်နေတယ်။ အခုလောလောဆယ် ကျွန်တော်တို့ အခုဖြေရှင်း ဆောင်ရွက်နေတာ ဘာလဲဆိုတော့ အွန်လိုင်းကရော၊ စာတိုက်ကရော မျိုးစုံပေါ့နော်။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေဆီကို ပေးပို့တဲ့ တိုင်ကြားစာတွေပေါ့။ အဲဒီကနေစစ်တယ်။ နောက်တစ်ခုက ရုံးလုပ်ငန်းပေါ့နော်။ ဌာနတွင်း ဘတ်ဂျက်တို့ ဘာတို့ စာရင်းစစ်တို့ စိစစ်ရေးဆိုင်ရာမှာ အလွဲသုံးစားမှုတွေ၊ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေတွေ့ရင် အရေးယူတာရှိတယ်။ နောက်တစ်ခုက ကျော်စောမှုပေါ့ဗျာ။ ကျော်စောမှု ဆိုတာက ဥပမာ ပြည်သူတွေကနေ လွှတ်တော် ကိုယ်စားလှယ်တွေပြောတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကနေပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ မေးခွန်းတွေ တင်ကြတယ်။ မေးကြတယ်ပေါ့နော်။ ဥပမာ စီမံကိန်းတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ ကျန်တဲ့ဘတ်ဂျက် သုံးစွဲမှုဆိုင်ရာနဲ့ ပတ်သက်လို့ဖြစ်စေ အဲဒါမျိုးဆိုရင် ကျွန်တော်တို့က အခုအရေးယူတယ်။ အခုလောလောဆယ်တော့ ဒါတွေက လုပ်ဆောင်နေတယ်။ ဒီတိုက်တွန်းတာကလည်း ပြောရရင် အစိုးရက ကြိုဆိုတယ်။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စလည်းဖြစ်တယ်” ဟု သမ္မတရုံး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ အရေးယူမှုများ ရှိကြောင်း၊ အရေးယူမှုများနှင့် ပတ်သက်၍လည်း ထုတ်ပြန်သွားရန်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
 

Most Read

Most Recent