ဆားမလောက် အရက်ချက်စက်ရုံမှာ ဥပဒေနှင့်အညီ မလုပ်ကိုင်ဘဲ နိုင်ငံတော်သို့ ကျသင့်အခွန်ငွေများ အပြည့်အ၀ ပေးဆောင်ခြင်းမရှိကြောင်း ညောင်တုန်းမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့တင်ပြ

ဆားမလောက် အရက်ချက်စက်ရုံမှာ ဥပဒေနှင့်အညီ မလုပ်ကိုင်ဘဲ နိုင်ငံတော်သို့ ကျသင့်အခွန်ငွေများ အပြည့်အ၀ ပေးဆောင်ခြင်းမရှိကြောင်း ညောင်တုန်းမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သို့တင်ပြ
Published 30 September 2016
မင်းသူဝင်းထွဋ်

ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ဆားမလောက် အရက်ချက်စက်ရုံ (ကျားမင်းကြီး အရက်ချက်စက်ရုံ) မှာ သဘာ၀ ပတ်ဝန်းကျင်နှင့် ပြည်သူများ၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာ ထိခိုက်မှုများရှိနေပြီး စည်ပင်သာယာဥပဒေ၊ စက်ရုံအလုပ်ရုံများ ဥပဒေ၊ ဒေသန္တရ ကျန်းမာရေး ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ ကျေးရွာ အက်ဥပဒေများနှင့် ညီညွတ်မှုများ မရှိသည့်အပြင် နိုင်ငံတော်သို့ ကျသင့်သည့် အခွန်ငွေများ အမှန်တကယ် အပြည့်အ၀ ပေးဆောင်ခြင်းမရှိကြောင်း ညောင်တုန်းမြို့နယ် မဲဆန္ဒနယ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အဋ္ဌမနေ့ လွှတ်တော် အစည်းအဝေးတွင် ညောင်တုန်းမြို့နယ် မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက 'နိုင်ငံတော်သို့ ကျသင့်သည့်အခွန်ငွေ မှန်ကန်စွာ မပေးဘဲ လည်ပတ်နေသော အရက်ချက်စက်ရုံမှ ရေဆိုး အညစ်အကြေးများ တာဝန်မဲ့စွန့်ပစ်မှုကြောင့် စက်ရုံပိတ်သိမ်း အရေးယူရန် ရှိ၊ မရှိ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း' လွှတ်တော်သို့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရာတွင် ယင်းကဲ့သို့ ထည့်သွင်းတင်ပြ မေးမြန်းခဲ့ခြင်းဖြစ်သည်။ဆားမလောက် အရက်ချက်စက်ရုံ  (ကျားမင်းကြီး အရက်ချက်စက်ရုံ) မှာ နိုင်ငံတော်သို့ တစ်နေ့လျှင် ဂါလန် ၆၀၀၀ နှုန်းဖြင့်သာ အခွန်ပေးဆောင်နေသည်ကို မြို့နယ်အခွန်ရုံးမှ သိရကြောင်း၊ စက်ရုံမှရရှိသော လယ်ဂျာစာအုပ်ပါ အချက်အလက်များအရ ယင်းစက်ရုံရှိ အရက်ဆီချက်သော Operator များဖြစ်သည့် ကျားမင်းကြီး (KMG) ၊ မန်းရွှေရီ (MSY)၊ ဆား မလောက် (SML) ဟူသည့် စက်ရုံသုံးရုံ ခေါင်းတိုင်ခြောက်တိုင်မှ ၁၂ နာရီ တစ်ဂျူတီလျှင် ဂါလန် ၉၀၀၀ အထိ ချက်လုပ်နေပြီး တစ်နေ့ လျှင် ဂါလန် ၁၈၀၀၀ ထွက်ရှိနေကာ ၉၆-၉၇ ဒီဂရီ ပြင်းအားဖြင့်ချက်သည့် အရက်အဆီချက် စက်ရုံဖြစ်ကြောင်း၊ စက်ရုံမှာ ပန်းလှိုင်မြစ်နံဘေးတွင် တည်ဆောက်ထားခြင်း၊ အနီးတွင် မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် ကပ်လျက်ရှိနေပြီး ကိုက် ၅၀၀ အတွင်း ရဲစခန်းနှင့် တောင်သူလယ်သမား ဆေးရုံပါ တည်ရှိနေသောကြောင့် တည်ဆဲဥပဒေများနှင့် မညီညွတ်ကြောင်း၊ စက်ရုံမှ ပန်းလှိုင်မြစ်အတွင်းသို့ စွန့်ပစ်သည့် ရေဆိုးများကြောင့် မြစ်အတွင်းရှိ သယံဇာတများ ပျက်စီးသည့်အပြင် ပန်းလှိုင် မြစ်ရေကိုသာ သောက်သုံးနေရသည့် ကျေးရွာများမှ ဒေသခံများမှာ အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ကိုယ်ဝန် ဆိပ်တက်ခြင်း၊ သားလျှောသားပျက်ဖြစ်ခြင်းများကိုပါ ကြုံတွေ့နေရကြောင်း ထို့ကြောင့် အဆိုပါ နိုင်ငံတော်သို့ ကျသင့်အခွန်တော်ငွေ မှန်ကန်စွာ မပေးသွင်းဘဲ လိမ်ညာကာ လည်ပတ်နေပြီး သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့် အဆိုပါစက်ရုံအား ဖယ်ရှားပိတ်သိမ်းပေးရန် ရှိ၊ မရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက တိုင်းဒေသကြီးအတွင်း ကြယ်ပွင့်ပြမေးခွန်းအဖြစ် ထည့်သွင်းမေးမြန်းရာမှ သိရသည်။“ဒီအရက်ချက်စက်ရုံက ဧရာဝတီတိုင်းမှာ အခွန်အများဆုံးဆောင်နေတဲ့ စက်ရုံဖြစ်တယ် ဆိုပေမယ့် အစ်မတို့ စက်ရုံကရတဲ့ စာအုပ်ပါ အချက်အလက်တွေအရ သူတို့ ပုံမှန်ထွက်ရှိတဲ့ နှုန်းထားအတိုင်း အခွန်ဆောင်ထားတာ မဟုတ်ဘဲ လိမ်လည်ထားတယ်။ အစ်မအနေနဲ့ အစိုးရကိုပြောချင်တာက ပြည်သူတွေရဲ့အသက်တွေကို ငွေအသပြာနဲ့ မလဲစေချင်ဘူးလို့ ပြောချင်ပါတယ်” ဟု အရက်ချက်စက်ရုံနှင့် ပတ်သက်၍ လွှတ်တော်သို့ မေးခွန်းမေးမြန်းခဲ့သူ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ် (၁)  မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။ယင်းမေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက လွှတ်တော်အတွင်း ပြန်လည် ဖြေကြားရာတွင် “ဆားမလောက် အရက်ချက်စက်ရုံနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ကနေ စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ ညွှန်ကြားခြင်းများ လုပ်ခဲ့ပါတယ်။ ညွှန်ကြားချက်များနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက်ဆောင်ရွက်ခြင်းများ ရှိပါတယ်။ ဒီလို စီစဉ်ဆောင်ရွက်တဲ့ကိစ္စကို ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။ ၂၃ ရက် ၈ လ ၂၀၁၆ ရက်နေ့မှာပဲ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့က စိစစ်ဆေးအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ခဲ့စဉ်မှာပဲ စွန့်ပစ်ပစ္စည်းများနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်းများနှင့် မညီရင် တစ်လက်စတည်း ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ၂၆ ရက် ၉ လ ၂၀၁၆ ကနေစပြီးတော့ အရက်ချက်စက်ရုံကို ခေတ္တ ပိတ်သိမ်းထားပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ညွှန်ကြားချက် အပေါ် မူတည်ပြီးတော့ ၂၆ ရက် ၉ လ ၂၀၁၆ ရက်နေ့ နောက်ပိုင်းမှာ စက်ရုံ ဆက်လက် လည်ပတ်နေမယ်ဆိုရင်လည်း ကျွန်တော်တို့က ထိရောက်စွာ အရေးယူမယ်ဆိုတာ ဖြေကြားလိုပါတယ်” ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ဆက်လက်၍ ဝန်ကြီးက စက်ရုံလည်ပတ်ရန်အတွက် ဒေသခံများ အမှန်တကယ် မလိုလားပါက စက်ရုံအား အပြီးတိုင်ပိတ်သိမ်းနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖြေကြားသည်။လွှတ်တော်အတွင်း ယင်းစက်ရုံနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းစဉ် ဆားမလောက်ကျေးရွာ ဒေသခံများက လေ့လာသူအဖြစ် လာရောက်နားထောင်ခဲ့ကြပြီး လာရောက် လေ့လာသူများ၏ သဘောထားမှာ စက်ရုံအား ကျေးရွာအတွင်းမှ အလျင်အမြန် ပြောင်းရွှေ့ပိတ်သိမ်းပေးရန် လိုလားလျက် ရှိနေကြကြောင်း သိရသည်။