ပါးရဲဓလေ့မှာ မပျော်မွေ့ကြတော့ပါ

ပါးရဲဓလေ့မှာ မပျော်မွေ့ကြတော့ပါ
Published 31 May 2016
အောင်သူထွန်း (ကလေးမြို့)

ကန်ပက်လက်မြို့ အဝင်နားက ကျွန်တော်တို့အညာမှာ ဇရပ်လို့ ခေါ်တဲ့ အဆောက်အအုံတစ်ခုမှာ ကျွန်တော် ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။ ဇရပ်ပေါ်မှာ ခဏနားရင်းနဲ့ ရှုခင်းဓာတ်ပုံလေး ရိုက်ဖို့ပါ။ ဒါပေမဲ့ ဇရပ်ပေါ်မှာ ကျွန်တော်တို့ထက် ဦးအောင် လဲလျောင်းနေတဲ့သူ နှစ်ယောက်ရှိပါတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။ အမျိုးသားကြီးက အဆောက်အအုံရဲ့ သစ်သားတန်းလေးကို ခေါင်းအုံးရင်း ရေဒီယိုကလာတဲ့ မြန်မာ့အသံလိုင်းကို ဖွင့်ရင်း နားထောင်နေပါတယ်။ သူ့ရဲ့တစ်ဖက်မှာတော့ အမျိုးသမီးတစ်ဦး။ ကျွန်တော်တို့ အနီးကပ်သွားတော့ ကျွန်တော်တို့ကို အမျိုးသမီးကြီးက လှမ်းကြည့်တယ်။ ဒါနဲ့ ကျွန် တော်တို့ကလည်း သူမကို လှမ်းကြည့်လိုက်တော့ ပါးရဲထိုးထားတဲ့ ချင်းတိုင်းရင်းသူကြီး တစ်ဦးပါ။ ကျွန်တော်တို့က ကင်မရာကို ထုတ်လိုက်တော့ သူမက တစ်ဖက်ကို လှည့်သွားလိုက်ရင်း သူမမှာပါတဲ့ အင်္ကျီစလေးနဲ့ သူမ မျက်နှာကို ဖုံးကွယ်လိုက်ပါတယ်။
 
ကျွန်တော်ထင်တယ်။ သူမရဲ့ ပါးပြင်ပေါ်မှာထိုးထားတဲ့ ပါးရဲလို့ ခေါ်တဲ့ တက်တူးတွေကြောင့် သူမ ရှက်ရွံ့နေဟန် ရှိပါတယ်။ ကျွန်တော်တို့က သူမတို့ ဇနီးမောင်နှံနဲ့ ရင်းနှီးမှု ရယူရင်း စကားပြောကြရပါတယ်။ သူတို့ရဲ့ သားသမီးတွေအကြောင်း သူတို့ တောင်ယာတွေအကြောင်း မေးမြန်းပြောဆိုရပါတယ်။ နောက်တော့ သူမကို ကျွန်တော်ဓာတ်ပုံရိုက်ချင်ကြောင်း ပြောပြပါတယ်။ အလွယ်တကူ ခွင့်ပြုပါတယ်။ သူမက သူမရဲ့ ပလိုင်းလေးထဲမှာပါတဲ့ အထုပ်လေးတစ်ခုကို ထုတ်လိုက်ပါတယ်။ အဲဒီထဲက ပါလာတာက သူမတို့ရိုးရာ ဆွဲကြိုးတွေပါ။ ဆွဲကြိုးတွေကိုဆွဲပြီး ဓာတ်ပုံရိုက်ခွင့် ပြုပါတယ်။ သူမက မြန်မာစကားကို သိပ်နားလည်ဟန် မတူပါ။ သူမရဲ့ ခင်ပွန်းနဲ့သာ စကားတွေ ပြောနေပါတယ်။
 
ကျွန်တော်က သူ့ခင်ပွန်းကို မေး ကြည့်ပါတယ်။ “ခင်ဗျားတို့ ခေတ်တုန်းက လူပျိုလှည့်ရင် ပါးရဲမထိုးတဲ့ မိန်းကလေးကို လူပျိုမလှည့်ကြဘူးဆို”လို့မေးကြည့်တယ်။ “အဲဒီလိုရယ်တော့လည်း မဟုတ်ပါဘူး။ သူ့ဖူးစာနဲ့သူ လာကြတာပါ။ ပါးရဲမထိုးလည်း လူပျိုလှည့်ကြတာပါပဲ”လို့ ပြန်ဖြေပါတယ်။ ဘာကြောင့် ပါးရဲထိုးကြတာပါလိမ့်။ ကျွန်တော်တို့ ဓာတ်ပုံရိုက်ပြီးတော့  တောင်ယာက ပြန်လာတဲ့ သူတို့ လင်မယားက ခွေးလေးကို သံကြိုးနဲ့ ဆွဲခေါ်ပြီး ထွက်သွားတော့တယ်။
 
ချင်းတောင်လို့ ပြောလိုက်ရင် လူတွေရဲ့ စိတ်ဝင်စားမှုတစ်ခုက ဒေသခံတွေ ပါးရဲထိုး ( ပါးမည်းထိုး) တာကို တွေ့ချင်မြင်ချင်ကြပါတယ်။ ပါးရဲလို့ပဲခေါ်ခေါ် ပါးမည်းလို့ပဲ ခေါ်ခေါ် တချို့ကလည်း တက်တူးထိုးထားတဲ့ ချင်းတိုင်းရင်းသူတွေတဲ့။ 
သူတို့ကို ဘယ်လို ခေါ်ခေါ် သူတို့တစ်တွေဟာ ချင်းပြည်နယ် တောင်ပိုင်းမှာသာ တွေ့ရကြတာပါပဲ။ ပါးပေါ်မှာ အမည်းစင်းကြောင်းတွေ၊ အစက်အပြောက်တွေ၊ အဝိုင်းတွေ၊ ရှည်မျောမျောတွေ ဒီဇိုင်းအစုံတွေအပြင်  မျက်နှာပြည့် အမည်းတွေ ထိုးကြတဲ့ ချင်းတိုင်းရင်းသူတွေပါ ရှိကြတာကိုး။ ဒီလို ပါးရဲထိုးတာကို ဘာအတွက်ကြောင့် ထိုးခဲ့တယ်ဆိုတာ သမိုင်းကြောင်း အမျိုးမျိုးပြောဆိုနေခဲ့ကြတာကလည်း ဒီနေ့အချိန်အထိပါ။ ဘာကြောင့် ဒီလို ပါးရဲထိုးကြတယ်ဆိုတာ ဘယ်သူကမှ သေချာတဲ့ အထောက်အထား မပြောနိုင်သေး။ ဒီလို ပါးမဲထိုးကြတဲ့ ချင်းတိုင်းရင်းသူတွေဟာ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့တွေမှာ တွေ့ ရပါတယ်။
 
ပါးရဲထိုးတဲ့နေရာမှာ အစိတ်၊ အကျဲ၊ အပြည့် ထိုးတာအထိ တွေ့ရပါတယ်။ မျိုးနွယ်စုအလိုက် ပါးရဲထိုးကြတဲ့ ဒီဇိုင်းလို့ ခေါ်ရမှာပေါ့ မတူကြပါဘူး။ ပါးရဲထိုးတယ်ဆိုတာ တကယ်တော့ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ပါးကို ကြိမ်ဆူးနဲ့ မင်လို့ခေါ်ရတဲ့ အရွက်ကရတဲ့ ဆေးရည်နဲ့ ထိုးကြရတယ်လို့ သိရပါတယ်။ ဒီလို ပါးရဲထိုးပြီးချိန်ဆိုရင် တစ်ပတ်လောက်ဟာ ထမင်းတောင် စားမရဘူးလို့ ဆိုကြပါတယ်။ ပါးရဲထိုးတာဟာ ချင်းတိုင်းရင်းသူကြီးတွေရဲ့ ပါးပြင်ပေါ်ကို တစ်ကြိမ်တည်းနဲ့ ပြီးတာ မဟုတ်ပါဘူး။ တစ်ခါထိုးထားလိုက် နားထားလိုက်၊ ပြန်ထိုးလိုက်နဲ့ လနဲ့ချီပြီး ကြာလေ့ရှိတယ်လို့ သိရပါတယ်။ ပါးရဲထိုးတော့မယ်ဆိုရင် အားကောင်းမောင်းသန် ယောက်ျားကြီးတွေ ဘေးက ချုပ်ပေးထားကြရတယ်လို့ ဆိုကြပါတယ်။ သံနဲ့ တစ်ချက်တည်း လက်မထိပ်ရိုက်လို့ တွန့်သွားတဲ့ သူရဲကောင်းကြီးတွေ ရှိသေးပေတာကိုး။ သူတို့ မျက်နှာပေါ်မှာ ဘယ်လောက်ခံစားရရှာမှာပါလိမ့်။ ပါးရဲထိုးပေးတဲ့သူဟာ တချို့ပြောတာက အမျိုးသမီးတွေ ဖြစ်ကြသလို တချို့ကျတော့လည်း ယောက်ျားသားတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။
 
“ ပါးရဲထိုးတာကို မြန်မာဘုရင်တွေ တော်ကောက်မှာစိုးလို့ ထိုးကြတယ်ဆိုပြီး ပြောကြဆိုကြတာတွေရှိသလို တခြားအကြောင်းရင်းတွေကိုလည်း ပြောကြပါတယ်။ တစ်ဦးနဲ့ တစ်ဦး  တစ်နေရာနဲ့တစ်နေရာ မတူညီကြပါဘူး။ ဒါပေမဲ့ ပါးရဲထိုးတဲ့သူတွေ တူညီချက်တစ်ခုက သူတို့ခေတ် သူတို့အခါတုန်းကတော့ သူမတို့တစ်တွေဟာ ပါးရဲမှ မထိုးဘူးဆိုရင် ခေတ်မမီဘူး။ ပါးရဲမထိုးတဲ့ အမျိုးသမီးဟာ သိမ်ငယ်တယ်လို့တောင် ခံစားကြရတယ်လို့ ဘိုးဘွားမိဘတွေပြောတာ ကြားဖူးပါတယ်။ ပါးရဲထိုးတာကလည်း အလကားထိုးလို့ ရတာ မဟုတ်ဘူး။ တန်ရာတန်ကြေး ပေးထိုးကြရတာ။ အဲဒါကလည်း သူတို့ခေတ်ကဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ဈေးတော်တော် ကြီးတယ်လို့ပြောကြပါတယ်။ တချို့ဆိုရင် ပါးရဲထိုးဖို့ ပေးစရာမရှိလို့ အလုပ်အကျွေးပြုပြီး  ပါးရဲထိုးကြရတယ်လို့ ကြားဖူးပါတယ်။ ယနေ့ခေတ်မှာတော့ ချင်းတောင်ပိုင်းမှာရော ချင်းတောင်မှာရော ပါးရဲထိုးတဲ့သူ မရှိတော့ပါဘူး”ဟု ကန်ပက်လက်မြို့သားကြီး ကိုလိန်းကီးက ပြောပြပါတယ်။
 
ပါးရဲထိုးထားတဲ့ ချင်းတိုင်းရင်းသူ အမျိုးသမီးကြီးတွေကို အရင်ဆုံး ကျွန်တော်မြင်ဖူးတာ မင်းတပ်မြို့မှာပါ ။ ဓာတ်ပုံရိုက်မယ်ဆိုရင် သူမတို့ မျက်နှာကို မသိမသာ ကွယ်လိုက်လေ့ရှိတာကို တွေ့ရပါတယ်။ သူမတို့မျက်နှာကို ဘာအတွက်ကြောင့် ဒီလိုချယ်သခဲ့တယ်ဆိုတာ သေချာတဲ့အဖြေတစ်ခု ကျွန်တော်မရခဲ့ပါဘူး။
 
“အခုခေတ်မှာတော့ ပါးရဲထိုးတာ မရှိတော့ပါဘူး ။ ပါးမည်းထိုးထားတဲ့ သူတွေဟာ အသက် ၅၀ ကျော် ဝန်းကျင်တွေ များပါတယ်။ သူမတို့ကို ပါးရဲထိုးပေးတဲ့ ဆရာဟာ ဘယ်သူလဲလို့မေးရင် တော်တော်များများက သေကြပြီလို့ သိရပါတယ်။ ပါးရဲထိုးတာကို သူမတို့ရဲ့ အသက် ၁၀ နှစ်၊ ၁၂ နှစ်ဝန်းကျင်က စထိုးကြတာလို့ သိရပါတယ်”ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဖြေကြားပါတယ်။
 
ပါးရဲထိုးတဲ့ ဓလေ့တစ်ခုက ချင်းပြည်နယ်မှာ ခေတ်တစ်ခေတ်အနေနဲ့ ရှိခဲ့တယ်ဆိုတာ ချင်းပြည်နယ်တောင်ပိုင်းက ချင်းတိုင်းရင်းသူကြီးတွေရဲ့ မျက်နှာပေါ်က ပါးရဲထိုးထားတာက သက်သေဖြစ်ပါတယ်။ ဒါက ဟိုယခင်က ရိုးရာအဖြစ်နဲ့ ကျင့်သုံးခဲ့တယ် ဆိုပေမယ့် ယနေ့ခေတ်မှာတော့ ပျောက်ကွယ်နေပါပြီ။ လူတစ်ယောက်ရဲ့မျက်နှာမှာ အမည်းရောင်တွေ ခြယ်သဆေးမင်ထိုးတယ်ဆိုတာ အဲဒီခေတ်အခါကလည်း အလှအပကိစ္စတစ်ခု ဖြစ်ခဲ့ရင်လည်း ဖြစ်ခဲ့မှာပေါ့။ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာဖြစ်ချင်လည်း ဖြစ်ပေမပေါ့။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ မရှိတော့ပြီ။ အချိန်ကာလတွေ ရွေ့လာတာနဲ့အမျှ ပြောင်းလဲမှုဆိုတာတွေ ရှိလာစမြဲပါ။ ချင်းတောင် တောင်ပေါ်မှာရှိတဲ့ ချင်းတိုင်းရင်းသူတွေက မျက်နှာမှာ ပါးရဲထိုးတာကို စွန့်သွားကြပါပြီ။ ပါးမည်းထိုးထားတဲ့ ချင်းတိုင်းရင်းသူဦးရေဟာလည်း တဖြည်းဖြည်းတော့ လျော့ပါးနေပါပြီ။ ပါးရဲထိုးထားတဲ့ ဦးရေဟာ ရာဂဏန်းလေးသာ ရှိတော့ပါတယ်။ ချင်းတောင်ကို လာမယ်ဆိုရင်တော့ ချင်းတိုင်းရင်းသူတို့ရဲ့ ပါးရဲထိုးတဲ့ဓလေ့ ပျောက်ကွယ်ပြီဖြစ်ပေမယ့် ပါးရဲထိုးထားတဲ့ ချင်းတိုင်းရင်းသူအချို့ကိုတော့ မြင်တွေ့ရဦးမှာ အသေအချာ ဖြစ်ပါတယ်။

Most Read

Most Recent