မြန်မာနိုင်ငံ၏ အနုအာဟာရ အခြေအနေနှင့် အစားအစာစားသုံးမှု ပုံစံများနှင့် ပတ်သက်၍ အတိအကျ သိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း စစ်တမ်းကောက်မည်

မြန်မာနိုင်ငံ၏ အနုအာဟာရ အခြေအနေနှင့် အစားအစာစားသုံးမှု ပုံစံများနှင့် ပတ်သက်၍ အတိအကျ သိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း စစ်တမ်းကောက်မည်
Published 30 April 2016
ထွယ်ဆန်အောင်

မြန်မာနိုင်ငံ၏ အနုအာဟာရ အခြေအနေနှင့် အစားအစာ စားသုံးမှု ပုံစံများနှင့်ပတ်သက်၍ အတိအကျသိနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။“အာဟာရနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ နှစ် ၆၀ ကျော် အတွင်းမှာဆိုရင် မြန်မာနိုင်ငံမှာ အစားအစာဖူလုံပေမယ့် စားတဲ့ quality က အားနည်းနေပါတယ်။ အရင်ကထက်စာရင် အခုနောက်ပိုင်းမှာ လတ်တလော အာဟာရချို့တဲ့မှုတွေ၊ အိုင်အိုဒင်းချို့တဲ့မှုတွေ လျော့နည်းလာပေမယ့် အာဟာရချို့တဲ့မှုကြောင့် အရပ်ပုတဲ့နှုန်းတွေဟာ မြင့်နေတုန်းပါ။ သွေးအားနည်းတဲ့ ရောဂါတွေဟာလည်း မြင့်နေတုန်းပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ငါးနှစ်အောက် ကလေးတွေမှာ ဖြစ်ပွားမှုနှုန်းတွေ မြင့်မားနေဆဲပါ။ ဒါတွေနဲ့ ပတ်သက်ပြီးလုပ်ဆောင်ဖို့ အချက်အလက်တွေ အတိအကျသိနိုင်ဖို့အတွက် အနုအာဟာရနဲ့ ပတ်သက်ပြီး အခုနှစ်အတွင်းမှာ စစ်တမ်းကောက်ဖို့ လုပ်နေပါတယ်။ နောက်နှစ်ထဲမှာ ဒီစစ်တမ်းတွေ ထွက်လာဖို့ရှိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမေခင်သန်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ စတင်ကာ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာဟာရ အခြေအနေများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမှုကို ၂၀၀၃ ခုနှစ်က နောက်ဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် လက်ရှိရှိနေသည့်  အာဟာရဆိုင်ရာ အချက်အလက်များမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြုထားခြင်းမဟုတ်ဘဲ ဒေသအလိုက် ကောက်ယူထားသည့် အချက်အလက်များသာဖြစ်နေခြင်းကြောင့် တစ်နိုင်ငံလုံး ကိုယ်စားပြုနိုင်သည့် အချက်အလက်များ ရရှိရန် ကျန်းမာရေးဝန်ကြီးဌာနမှ ယခုနှစ်အတွင်း စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။ယခုကောက်ယူမည့် စစ်တမ်းကို တိုင်းနှင့်ပြည်နယ်များတွင် ဒေသအလိုက် ပိုင်းခြားကာ အသက်အရွယ်အလိုက် ကောက်ယူသွားမည်ဖြစ်ပြီး စားသောက်မှုပုံစံ အပါအဝင် အာဟာရ ရရှိမှုအခြေအနေများ၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း၊ ပရိုတင်းဓာတ်၊ အိုင်အိုဒင်း နှင့် သံဓာတ်ရရှိမှု အခြေအနေများကို ထည့်သွင်း ကောက်ယူသွားမည်ဟု သိရသည်။မြန်မာနိုင်ငံ၌ လက်ရှိတွင် လတ်တလော အာဟာရချို့တဲ့မှုကို ဖြစ်စေသည့် ပရိုတင်း ဓာတ်ချို့တဲ့ပြီး ပိန်လှီသည့် ကလေးငယ်များနှင့် ဗီတာမင်အေ ချို့တဲ့ပြီး ကြက်မျက်သင့်ခြင်းနှင့် ဝက်သက် ဖြစ်ပွားမှုကြောင့် သေဆုံးရသည့် ကလေးငယ်များနှင့် အိုင်အိုဒင်း ချို့တဲ့မှုကြောင့် လည်ပင်းရောဂါ ဖြစ်ပွားမှုနှင့် ဉာဏ်ရည်မမီ ဖြစ်ပွားမှုများမှာ ယခင်ကထက် သိသိသာသာ လျော့နည်းလာပြီဖြစ်ကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် အာဟာရနှင့် ပတ်သက်၍ အဓိကထား ဆောင်ရွက်ရမည့် အရေးကြီး ရောဂါမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်သည့် သွေးအားနည်းရောဂါ ဖြစ်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့သည့် ကလေးငယ်များအား လေ့လာရာတွင် အာဟာရချို့တဲ့သည့် ကလေးငယ်များမှာ နွမ်းပါး မိသားစုများမှဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်မှာ နွမ်းပါးလူဦးရေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည့်အတွက်  ကလေးငယ် နှစ်ဦးလျှင် တစ်ဦးမှာ အာဟာရချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း၂၀၁၃ ခုနှစ်က အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ (Lift) ၏ စစ်တမ်းအရ သိရသည်။