Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၁)

Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၁)
Published 29 April 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ဒီဆောင်းပါးရေးဖို့ ဖြစ်လာတာက စာရေးသူရဲ့ မိတ်ဆွေ တစ်ယောက်က ထပ်ကာ တလဲလဲ တိုက်တွန်း နှိုးဆော်မှုနဲ့ စာရေးသူရဲ့ နှစ်ကာလ ကြာရှည်စွာ လေ့လာ မှတ်သားခဲ့ရတဲ့ အသိပညာတွေကို ပေါင်းစပ် ရေးသားဖြစ်တာ ဖြစ်ပါတယ်။ စာရေးသူမှာ အများပြည်သူတွေရဲ့ အကျိုးကိုသာ ကြည့်စေလိုတဲ့ စိတ်ဆန္ဒ ရှိတာကြောင့် စိတ်ကူးမှားတွေနဲ့ အတ္တနဲ့ ကိုယ်ကျိုးရှာသူတွေကို မိမိတို့ရဲ့ အမှားတွေကို မှားမှန်း သိရှိကြပြီး အမှန်လမ်းကနေ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေကို ပြန်လည် ကျေးဇူးပြုစေလိုတဲ့ ဆန္ဒကြောင့် ဖြစ်ပါတယ်။Laundering ဆိုတဲ့ စကားလုံးတွေရဲ့ ပင်မ အဓိပ္ပာယ်က သန့်ရှင်းတဲ့ အဝတ်အထည်တွေကို လျှော်ဖွပ်ခြင်းအဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီ စကားလုံးကို ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ မတရားသဖြင့် ရယူပိုင်ဆိုင်ထားတဲ့ ရာဇဝတ်မှုနဲ့ မကင်းတဲ့ ငွေကြေးတွေကို ငွေဖြူအဖြစ် ပြုပြင် ပြောင်းလဲလိုတာကြောင့် နည်းလမ်း ပေါင်းစုံ သုံးပြီး လုပ်ဆောင်ကြတာတွေကို ငွေကြေး လျှော်ဖွပ်မှု Money Laundering အဖြစ် တင်စား အသုံးပြုလာကြတာ ဖြစ်ပါတယ်။ 
■ Money Laundering ဆိုတာ ဘာလဲMoney Laundering ဆိုတာက Finance လို့ခေါ်တဲ့ ငွေကြေးကို မတရား ရယူထားတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကနေ ရယူထားကြတဲ့ ငွေကြေးတွေကို မူရင်း ပိုင်ရှင်အဖြစ် ဟန်ဆောင်ပြီး တရားသဖြင့် ရယူ စုဆောင်း ရရှိမှုအဖြစ် လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ဆိုတယ်။ နှစ်စဉ် မတရား ရယူ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို ငွေကြေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကနေ ဒေါ်လာ ဘီလျံ ရာပေါင်းများစွာကို တရားဝင်တွေ ဖြစ်လာအောင် လုပ်ဆောင်ကြတာကို ငွေကြေးလျှော်ဖွပ်မှု ပြုလုပ်ကြတာ ဖြစ်ပါတယ်။စာရေးသူတို့ နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ကြာသည်အထိ စစ်အာဏာရှင် စနစ်နဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု၊ လူမှန် နေရာမှန် မဖြစ်မှု၊ အာဏာ အလွဲသုံးစားပြုမှု၊ အတ္တများ ကိုယ်ကျိုးရှာကာ အာဏာရှိသူနဲ့ ပေါင်းစားကြတဲ့ ခရိုနီ အမည်ခံ လူတွေက သမ္မာအာဇီဝနဲ့ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဆန္ဒ မပါတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်မှုက အမှန်အားဖြင့် ရာဇဝတ်မှု မမြောက်စေတာ ဖြစ်တယ်။ သို့ပေမဲ့ Rule of Law လို့ ခေါ်တဲ့ ဥပဒေ လွှမ်းမိုးမှု မရှိတာကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကနေ ရလာတဲ့ ငွေကြေးတွေက ငွေမည်းတွေ ဖြစ်လာစေပါတယ်။ အဲဒီ ငွေမည်းတွေကို ကာကွယ်လိုတာနဲ့ မှားယွင်းတဲ့ ဥပဒေတွေနဲ့ ကာကွယ်ထားခဲ့တာတွေ ပေါ်ပေါက်လာစေတယ်။တစ်နည်း ဆိုရရင် ဟိုယခင် အတိတ်ကာလမှာ အဓမ္မဝါဒီတွေက လွှမ်းမိုးခဲ့တာကြောင့် အမှန်တရား ကွယ်ပျောက်ခဲ့ရတယ်။ ဒီမိုကရေစီဆိုတာ အဓမ္မဝါဒီကို ပေယျာလကန်လုပ်ပြီး မှန်ကန်တဲ့ ဓမ္မဝါဒီအတိုင်း ဆောင်ရွက်လာနေတာ မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ အဓမ္မဝါဒီ သမားတွေကလည်း မိမိတို့ရဲ့ စိတ်ဓာတ်ကို ပြောင်းပြီး ဓမ္မဝါဒီ သမားတွေနဲ့ ပေါင်းကာ မိမိနိုင်ငံ မိမိလူမျိုး မိမိနိုင်ငံသားတွေ အကျိုးကိုသာ ရှေးရှု ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။စာရေးသူ အနေနဲ့ အကြံပြုလိုတာက တရားမဝင် ငွေကြေးခဝါချမယ့်အစား မိမိတို့ တရားမဝင် ရယူ ပိုင်ဆိုင်ထားတဲ့ ငွေမည်းတွေကို ပွင့်ပွင့်လင်းလင်းနဲ့ နိုင်ငံတော်ကို စနစ်တကျ ပြန်လည်အပ်နှံပြီး နိုင်ငံ အကျိုးပြုစေနိုင်ရင် နိုင်ငံသားတွေရဲ့ မေတ္တာကို ပြန်လည် ခံယူနိုင်ကြစေမှာ ဖြစ်ပါတယ်။အဲဒီလို မလုပ်ရင်တော့ ငွေမည်း ဆိုတာက တရားမဝင်ငွေကြေး ဖြစ်တာမို့ ရာဇဝတ်မှုနဲ့ အပြစ်ပေးခံရဖို့ များပါတယ်။ ဥပဒေ လွှမ်းမိုးချိန်မှာ လူတစ်ဦးစီက ဥပဒေရဲ့ လွှမ်းမိုးမှု ခံကြရမှာ ဖြစ်တယ်။စာရေးသူတို့ နိုင်ငံက မူးယစ်ဆေးတွေ၊ လူကုန်ကူးမှုတွေ၊ တရားမဝင် နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ ခိုးထုတ်မှုနဲ့ ငွေမည်းတွေကို ဖြစ်စေတာဖြစ်တယ်။ အကျင့်ပျက် ခြစားမှုတွေကနေ ရရှိတဲ့ ငွေကြေးနဲ့ တံစိုးလက်ဆောင်တွေကလည်း ငွေမည်းတွေအဖြစ် ပိုင်ဆိုင် ရရှိလာစေတာ ဖြစ်တယ်။ ငွေမည်းပိုင်ဆိုင်မှုတွေ များလာတဲ့အခါ အဲဒီ ငွေမည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ငွေဖြူ ဖြစ်အောင် လုပ်ကြပြန်တယ်။သာမန် အနေဖြင့် လူတွေ မသိနိုင်တဲ့ ငွေမည်းကနေ ငွေဖြူလုပ်နည်းတွေ များစွာ ရှိပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ် ရောင်းချနေကြတဲ့ စတိုးဆိုင်တွေ၊ မီနီမားကက်တွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ အိမ်ခြံမြေ လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းနေရာပေါင်းစုံနဲ့ နည်းလမ်းတွေ ပါဝင်နိုင်ပါတယ်။လူတွေမှာ ချမ်းသာလာတဲ့ သူတွေက ပိုပြီးချမ်းသာ လိုကြတာကြောင့် မိမိ ရရှိမယ့် ငွေကြေးက ငွေဖြူ ငွေမဲ မခွဲခြားတော့ဘဲ ရနိုင်သမျှ ယူကြရင်းကနေ ပွားလာတဲ့ ငွေကြေးတွေမှာ ငွေမည်းတွေက များလာပြီး ဒါကို အချိန်အခါအရ ငွေဖြူဖြစ်အောင် ပြန်လုပ်နိုင်ဖို့လည်း နည်းလမ်းပေါင်းစုံ အသုံးပြုလာကြတယ်။ ဒီလိုနဲ့ ရာဇဝတ်မှု မြောက်လာစေတာ ဖြစ်ပါတယ်။ ငွေကြေးကို တရားမဝင် ရယူ ပိုင်ဆိုင်ထားသူတွေက ငွေဖြူလျှော်ဖွပ်ရမှာ မိမိနဲ့ ရင်းနှီးသူတွေကို အသုံးချပြီး အပေးအယူ လုပ်ပြီး အိမ်ခြံမြေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပြီး ငွေဖြူ လုပ်လာကြတာ ဖြစ်တယ်။စာရေးသူတို့ နိုင်ငံမှာ လတ်တလော အခြေအနေအရ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးခံရမှုက ကမ္ဘာမှာ တတိယအဆင့်နေရာ ရောက်ရှိတဲ့ အနေအထားအထိ များပြားစွာသော မူးယစ်ဆေးတွေကို ကွန်တိန်နာလိုက် ဖမ်းဆီးမိခဲ့ကြပေမယ့် အဲဒါတွေကို ပိုင်ရှင်မဲ့ လုပ်ပစ်ကြတယ်။ အဲဒီကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေကြသူတွေက ဘယ်သူတွေလဲ ဆိုတာ နိုင်ငံသားတွေက သိနေကြတယ်။ လုပ်လာကြတာက ကြာရှည်ခဲ့ပြီလေ။မှန်ကန်တဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်ဖို့ဆိုရင် ဘက်ပေါင်းစုံမှာ မှန်ကန်မှု ရှိနေဖို့ လိုအပ်တယ်။ ငွေကြေး ကိစ္စမှာ မမှန်မကန် လုပ်ဆောင်မှု ရှိနေသူက ခေါင်းဆောင်နေရာမှာ ရှိနေရင် မှန်ကန်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဖြစ်မှာ မဟုတ်ပါ။ ဘက်ပေါင်းစုံတော်ပါမှ ခေါင်းဆောင်ကောင်း ဖြစ်လာစေမှာ ဖြစ်ပါတယ်။ဒီနေရာမှာ ဗဟုသုတ ဖြစ်စေဖို့ EU လို့ ခေါ်တဲ့ ဥရောပနိုင်ငံတွေ အတွင်းမှာ လုပ်ဆောင်ခဲ့ကြတဲ့ ငွေကြေးလျှော်ဖွပ်မှု နည်းလမ်းတွေနဲ့ အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဓိက ကတော့ Money Laundering လုပ်ဆောင်မှု နည်းလမ်းတွေကို သိရှိပြီး ကာကွယ် နိုင်ကြစေဖို့ပါ။ငွေကြေးလျှော်ဖွပ်ကြရာမှာ အဆင့်သုံးဆင့် ပါဝင်နေတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ Replacement လို့ခေါ်တဲ့ ငွေကြေးတွေက မူလ ရင်းမြစ်နေရာကနေ ရွေ့လျားလာတာ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ အလွှာ ဖြစ်စေမှု (Layering) ဖြစ်ပါတယ်။ တတိယ အဆင့်ကတော့ Integration လို့ခေါ်တဲ့ ယခင်က လျှော်ဖွပ်ထားပြီး ငွေတွေကို ဘဏ်လုပ်ငန်း စနစ်တွေကနေ တစ်ဆင့် စီးပွားရေး လုပ်ငန်းတွေအတွင်း ရွေ့လျားစေမှု ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်မှုက သာမန် စီးပွားရေး လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေပုံစံ ဖြစ်စေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း အဆင့်တွေကို အသေးစိတ် ရေးသားပါမယ်။
Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၂)
Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၃)