NLD အစိုးရ ရင်ဆိုင်ရမည့် အဂတိ လိုက်စားမှု ပြဿနာ

NLD အစိုးရ ရင်ဆိုင်ရမည့် အဂတိ လိုက်စားမှု ပြဿနာ
Published 24 April 2016
နေထွန်းနိုင်

အရေးကြီး ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အရာရှိကို  မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ပေးခဲ့တဲ့ ဖြစ်စဉ်ဟာ NLD အစိုးရ အတွက် သတိပေး ခေါင်းလောင်းသံ ဖြစ်ခဲ့ပါတယ်။အရင် အစိုးရ အဆက်ဆက် ရှိခဲ့တဲ့ အဂတိ လိုက်စားမှု ဖြစ်စဉ်တွေနဲ့  ယှဉ်ရင် ကျပ်သိန်း ၅၀ ဆိုတာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါပေမဲ့ လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုတွေ အချိန်တိုအတွင်း ပပျောက်ဖို့ ကြိုးစားနေတဲ့ NLD အစိုးရအပေါ် သွေးတိုးစမ်းမှု ဖြစ်ခဲ့ပါတယ်။ဒီလို သွေးတိုးစမ်းမှုအပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်မှာ လိုအပ်ချက်တွေ ရှိပေမယ့် ကြိုဆိုပါတယ်။ ဒီတစ်ကြိမ်မှာ စံနမူနာပြ အဖြစ် အရေးယူခြင်း မရှိခဲ့ပေမယ့် နောင်တစ်ကြိမ်မှာ ပြင်းပြင်းထန်ထန် အရေးယူ လိမ့်မယ်လို့ ထင်ပါတယ်။လာဘ်ပေး လာဘ်ယူမှုနဲ့ အဂတိ လိုက်စားမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ရှိဖို့ လိုပါတယ်။နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကိစ္စကို ရိုးရှင်းတဲ့ ဖြစ်စဉ်လို့ ရှုမြင်လို့ မရပါဘူး။ စေတနာ အလျောက် ပေးတယ်လို့လည်း မဆိုနိုင်ပါဘူး။  ပထမ အချက်က ပေးခဲ့တဲ့ မီဒီယာ ကုမ္ပဏီကြီးဟာ အရင် အစိုးရ လက်ထက်မှာ လာဘ်ပေး လာဘ်ယူမှု စွပ်စွဲချက်များနဲ့ အခွင့်ထူးခံ ဖြစ်ခဲ့တဲ့ ခရိုနီ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ဒုတိယ အချက်က  နှစ်သစ်ကူး လက်ဆောင် ပေးခဲ့တဲ့ ငွေသား ကျပ်သိန်း ၅၀ ကို သာမန်လက်ဆောင် အဖြစ် တန်ဖိုးလျော့ သတ်မှတ်လို့ မဖြစ်နိုင်ပါဘူး။အဂတိ လိုက်စားမှုများရဲ့ အခြေခံ အကြောင်းတရားဟာ လက်ဆောင် ပေးခြင်းက စတင်တာပဲ ဖြစ်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံမှာ ဖော်ထုတ်ခဲ့တဲ့ အဂတိ လိုက်စားမှုတိုင်းမှာ လက်ဆောင်ပေးခြင်း၊ လက်ဆောင်ယူခြင်းက အများဆုံး  ဖြစ်စဉ် အနေနဲ့ ပါဝင်ပါတယ်။မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အဂတိ လိုက်စားမှုတွေကို ကြည့်ရင် သဒ္ဓါကြေး (tip)၊ လက်ဆောင် (gift)၊ လှူဒါန်းမှုဆိုင်ရာ (donation and property) တို့က တစ်ဆင့် စတင်ကြတာ ဖြစ်ပါတယ်။အဲဒီက တစ်ဆင့် ပမာဏ ကြီးမားတဲ့ ကမ်းလှမ်းမှု၊ အခွင့်အရေး ပေးမှုတွေကို တစ်ဆင့်တိုးပြီး အထူး လုပ်ပိုင်ခွင့် အကျိုးအမြတ် ရှာဖွေခွင့် (rent seeking) တွေ ပြန်ယူတာ၊ နှောင်ကြိုးတင်း ရင်းနှီးလာမှုကို အခြေခံပြီး ဆွေးမျိုးကောင်းစားရေး ဝါဒ (nepotism) ကို အသက်သွင်းတာ၊ ခရိုနီ ယန္တရားကို လည်ပတ်တာတွေ အပြင် မလျော်သြဇာ သုံးပြီး အခွင့်အရေး ယူတာတွေ ဆက်လုပ်ပါတယ်။ဒီလို ပုံစံဟာ အရင် စစ်အစိုးရ အဆက်ဆက် သံသရာ လည်ခဲ့ပါတယ်။ နောက်ဆုံး လူတစ်စုသာ ချမ်းသာပြီး တိုင်းပြည် မွဲပြာကျခံ ရပါတယ်။ အဂတိ လိုက်စားမှုကြောင့်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ခဲ့သလို စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အဂတိ လိုက်စားမှု ပိုဖြစ်ခဲ့ပါတယ်။အခု သိန်း ၅၀ ကိစ္စဟာ NLD အစိုးရအတွက် အစ ဖြစ်ပါတယ်။ ဒီထက် မကတဲ့ ကမ်းလှမ်းမှုတွေ၊ လက်သိပ်ထိုး ပေးဖို့ ကြိုးစားတာတွေ ရှိလာဦးမှာပါပဲ။ ဒါတွေကို တားဆီးဖို့ ဆိုရင် အဂတိ လိုက်စားမှုကို လက်တွေ့ကျကျ၊ ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်မှ ဖြစ်မှာပါ။    
■ အာဆီယံမှာ အဆိုးရွားဆုံးနိုင်ငံအလိုက် အဂတိ လိုက်စားမှု ညွှန်းကိန်း ထုတ်ပြန်နေတဲ့ Transparency International ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံမှာ မြန်မာနိုင်ငံက ၁၄၇ မှာ ရှိပါတယ်။ ဒါက အာရှအဆင့်တင် မဟုတ်ဘဲ အာဆီယံ အဆင့်မှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နောက်မှာ ကမ္ဘောဒီးယား နိုင်ငံပဲ ရှိပါတယ်။
မြန်မာ နိုင်ငံ၏ အဂတိ လိုက်စားမှု ညွှန်းကိန်းနှင့် ပတ်သက်ပြီး Transparency International အဖွဲ့၏ ဖော်ပြချက်ကို တွေ့ရစဉ်မြန်မာနိုင်ငံ အောက်မှာ ရှိနေတဲ့ အာဖရိကနိုင်ငံ အများစုဟာ စစ်ပွဲနဲ့ တိုင်းပြည် မတည်ငြိမ်မှု ရောထွေးနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာ အပါအဝင် အာရှပစိဖိတ် နိုင်ငံတွေရဲ့ ခြစားမှု တိုက်ဖျက်ရေး တိုးတက်မှု မရှိဘူးလို့ Transparency International က သုံးသပ်ပါတယ်။၁၉၉၅ ခုနှစ်ထဲက စပြီး သူတို့ အဖွဲ့က ညွှန်းကိန်းတွေကို ထုတ်ပြန်ခဲ့တာပါ။ နှစ် ၂၀ တစ်လျှောက်လုံး မြန်မာနိုင်ငံဟာ တစ်ကြိမ် တစ်ခါမှ ရလဒ်ကောင်း မရှိခဲ့ပါဘူး။ ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ ဆိုတာ အမြင့်ဆုံးပါပဲ။ ၂၀၁၄ ခုနှစ်မှာ ၁၅၆၊ ၂၀၁၃ ခုနှစ်မှာ ၁၅၇ ဖြစ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် ညွှန်းကိန်းတွေအရ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်နဲ့ နယ်သာလန် နိုင်ငံတွေက အဂတိ လိုက်စားမှု အနည်းဆုံး ထိပ်တန်း ငါးနိုင်ငံ ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်က အဆင့် ၈၃၊ အိန္ဒိယက အဆင့် ၇၆၊ ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၃၉၊ ထိုင်းက အဆင့် ၇၆၊ လာအိုက ဘင်္ဂလားဒေ့ရှ်နဲ့ အတူတူ အဆင့် ၁၃၉ မှာ ရပ်တည်နေခဲ့ပါတယ်။ 
■ မြန်မာနှင့် ဒေသတွင်း နိုင်ငံများမြန်မာ နိုင်ငံမှာ ၂၀၁၃ ခုနှစ်ထဲက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပေါ်ပေါက်ခဲ့ပါတယ်။ နည်းဥပဒေလည်း ထွက်ရှိပြီး ဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လည်း ဖွဲ့ခဲ့ပါတယ်။ဒီ မတိုင်ခင်ကလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် အဓိက ဥပဒေ နှစ်ရပ်နဲ့ အထူး ဥပဒေ ၁၅ ခု ရှိခဲ့ပါတယ်။ ဒီဥပဒေတွေနဲ့ အတူ အထူး စုံစမ်းစစ်ဆေးရေး ဌာန (စစစ) လည်း ရှိခဲ့ပါတယ်။ဒါပေမဲ့ အဂတိ လိုက်စားမှု၊ ခြစားမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ပါဘူး။၂၀၁၃ ခုနှစ် ဥပဒေအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ထပ်ပြီး ပေါ်လာပါတယ်။ ၂၀၁၄ ခုနှစ် မတ်လမှာ စတင် ဖွဲ့စည်းပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရောက်ချိန်မှာ ဒီအဖွဲ့ လုပ်နိုင်ခဲ့တဲ့ ကိစ္စ ပြောပလောက်အောင် မရှိခဲ့ပါဘူး။အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး တရားစွဲ အရေးယူခဲ့တာ ကိုးဦး၊ ဝန်ထမ်း စည်းမျဉ်းအရ အရေးယူတာ ၁၂၅ ဦး၊ စုံစမ်းဆဲ သုံးဦးနဲ့ နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့တာပဲ ရှိပါတယ်။ဒါကိုကြည့်ရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးက သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မအောင်မြင်ပါဘူး။ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မရှေးမနှောင်း ဆိုသလို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို လုပ်ခဲ့တဲ့ နိုင်ငံ အချို့မှာတော့ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ဥပမာ တရုတ် နိုင်ငံမှာ သမ္မတ ရှီကျင်ပင်းက သူ စတင် တာဝန်ယူတဲ့ ၂၀၁၂ ခုနှစ်က စတင်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။ဒီအတိုင်းပဲ အိန္ဒိယ နိုင်ငံမှာလည်း ၂၀၀၅ ခုနှစ်က စတင်ပြီး အဂတိ လိုက်စားမှုတွေကို ကိုင်တွယ် ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့ အတူ နာမည်ကျော် အဂတိ လိုက်စားမှုတွေ၊ အရေးယူမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့လို လုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က အောင်မြင်မှု မရသေးပါဘူး။ဘင်္ဂလားဒေ့ရှ်ရဲ့ မအောင်မြင်မှုမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) တစ်ခုတည်းကို မှီခိုလွန်းတဲ့ အတွက်ကြောင့်လို့ ယူဆနိုင်ပါတယ်။ အခြား နိုင်ငံရေး ပြဿနာတွေလည်း ရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ ACC ဟာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ငန်း လုပ်ဆောင်ပုံနဲ့ တူညီပါတယ်။  ထိုင်းနိုင်ငံမှာ ၂၀၁၂ ခုနှစ်တုန်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အမျိုးသား ကော်မရှင် (NACC) က သတင်းထုတ်ပြန်ပြီး အဂတိ လိုက်စားမှု ကင်းရှင်းစေဖို့ ကြိုးပမ်းခဲ့တာ ရှိပါတယ်။ဒါပေမဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာ သိမ်းပြီး နောက်ပိုင်း အခြေအနေကို အသေးစိတ် မသိရသေးပါဘူး။Transparency International ရဲ့ ၂၀၁၅ ခုနှစ် ညွှန်းကိန်းမှာတော့ နိုင်ငံ ၁၆၈ နိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ အဆင့်က ၇၆ ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံထက် သာလွန်နေပါတယ်။လက်ရှိ အချိန်မှာ ယင်လတ် အစိုးရ အဖွဲ့ကို အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ 
■ ဒေသတွင်း နိုင်ငံများ၏ ဥပမာNLD အစိုးရရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ “အဂတိ ကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ အရေးယူသွားမည်” လို့ ဆိုပါတယ်။ဒီအချက် အရ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ဟာ အစိုးရ အဖွဲ့အတွင်း ခြစားမှု ကင်းစင်ရေး အတွက် ပထမဆုံး တပ်လှန့်လိုက်တဲ့ သတိပေးချက် ဖြစ်ပါတယ်။ဒီအတိုင်းပဲ ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ “မီဒီယာ ကုမ္ပဏီကြီး တစ်ခုအား ငွေကြေး ပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ထုတ်ပြန်ချက်ဟာ သူတို့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်ကို ချိုးဖောက်ခြင်း မပြုဖို့ ထပ်မံ သတိပေးလိုက်တာပါ။             ဒါပေမဲ့ အဂတိ လိုက်စားမှုကို ဘယ်သူကမှ အပြီးတိုင် ချေမှုန်းနိုင်ခြင်း မရှိပါဘူး။ အတတ်နိုင်ဆုံး နည်းအောင် ဘယ်လို လုပ်ကြသလဲ ဆိုတာပဲ ရှိပါတယ်။ဒါ့အပြင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရ ဒါမှမဟုတ် အစိုးရက ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်း တစ်ခုတည်းက လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ဥပမာအားဖြင့် အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်မယ် ဆိုတဲ့ ကတိကဝတ်နဲ့ အတူ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့တာဝန် ကုန်ဆုံးသွားချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။သူ့ အစိုးရ လက်ထက်မှာပဲ အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး ဌာနတစ်ခုကို ယူဒိုယိုနို တည်ထောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဂတိ လိုက်စားမှုကို စုံစမ်းစစ်ဆေးသူတွေ ကိုယ်တိုင် အဂတိ လိုက်စားသူတွေ ဖြစ်နေတဲ့ အတွက် သူ့ရဲ့ အစီအစဉ် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။  ဒီနောက်ပိုင်း အင်ဒိုနီးရှားမှာ နာမည်ကျော် အဂတိ လိုက်စားမှုတွေ ပေါ်ခဲ့သလို ဒီဖြစ်စဉ်တွေက ၂၀၁၄ ခုနှစ် ကျော်အထိ ရိုက်ခတ် ခဲ့ပါတယ်။ဒါကလည်း နိုင်ငံရေးသမား တစ်ပိုင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ မိုဟာမက် နာဇာအူဒင်ကို ယူဒိုယူနိုရဲ့ အာဏာရ ဒီမိုကရက်တစ် ပါတီမှာ နေရာကောင်း ပေးခဲ့ရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။  ယူဒိုယိုနိုလိုပဲ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် ပြောခဲ့သူက ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ဝန်ကြီးချုပ် ခါလီဒါဇီယာ ဖြစ်ပါတယ်။သူကလည်း ဘင်္ဂလားဒေ့ရှ်မှာ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမြစ်ပြတ် ချေမှုန်းခဲ့တယ်လို့ ၂၀၀၅ ခုနှစ်မှာ ပြောခဲ့ပါတယ်။သူ့လက်ထက်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လွတ်လပ်တဲ့ ကော်မရှင် (IACC) ကို ဖွဲ့စည်းပြီး လုပ်ခဲ့တာကို ပြောတာပါ။ ဒါပေမဲ့ ခါလီဒါဇီယာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ ၂၀၀၇ ခုနှစ်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ကြားဖြတ် အစိုးရက သူ့သားကို အဂတိ လိုက်စားမှုနဲ့ ဖမ်းဆီး လိုက်ပါတယ်။အဲဒီ နှစ်မှာပဲ ဝန်ကြီးချုပ်ဟောင်း နှစ်ဦးဖြစ်တဲ့ ခါလီဒါဇီယာနဲ့ ရှိတ်ဟာဆီနာတို့ နှစ်ဦးစလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ဘင်္ဂလားဒေ့ရှ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က တောင်းခံခဲ့ပါတယ်။တရားရုံးကို ဆင့်ခေါ်မှုတွေကို လုပ်ခဲ့ပြီး စွဲချက် တင်ခဲ့တာတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ သားသမီးတွေ အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီးတာတွေ လုပ်ပါတယ်။  အဂတိ လိုက်စားမှုအတွက် ဝန်ကြီးချုပ်ဟောင်း နှစ်ဦးကို စွဲချက်တင်တာတွေ လုပ်နေချိန်မှာပဲ ကြားဖြတ် အစိုးရအဖွဲ့ ကိုယ်တိုင်က အဂတိ လိုက်စားမှုတွေ လုပ်နေတယ်လို့ နိုင်ငံတကာက စွပ်စွဲခဲ့ပါတယ်။အခုချိန်ထိလည်း ဘင်္ဂလားဒေ့ရှ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဟာ နိုင်ငံရေး ပြဿနာတွေနဲ့ ရောထွေးနေပြီး အောင်မြင်မှု မရှိသေးပါဘူး။    အိန္ဒိယမှာလည်း အဂတိ လိုက်စားမှု ပြဿနာတွေ ပြည့်နှက် နေပါတယ်။ ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ နာမည်ကောင်း ရခဲ့ပေမယ့် သူနဲ့ ဆက်နွှယ်သူတွေက အဂတိ လိုက်စားမှုတွေ ရှိခဲ့တဲ့ အတွက် သမိုင်း အမည်းစက် ထင်တာတွေ ဖြစ်ခဲ့ပါတယ်။အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွေ လုပ်နေပေမယ့် ဒီနေ့ အထိလည်း အိန္ဒိယ နိုင်ငံရဲ့ အဂတိ လိုက်စားမှု ပြဿနာတွေမှာ မဖြေရှင်းနိုင်တာတွေ ရှိနေပါတယ်။တရုတ် အစိုးရက ၂၀၁၂ ခုနှစ်မှာ စတင်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စလုပ်ပါတယ်။ အဂတိ လိုက်စားမှုတွေကြောင့် နှစ်စဉ် ပျှမ်းမျှ ဆုံးရှုံးငွေ အမေရိကန်ဒေါ်လာ ၈၆ ဘီလျံ ရှိလာချိန်မှ ဒါတွေကို ကိုင်တွယ်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ လက်ဆောင်ပေးခြင်း၊ ယူခြင်းတွေကို တားမြစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ လူပေါင်း တစ်သိန်းကျော်ကို စွဲချက်တင် အရေးယူတာ လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လူပေါင်း ၁၈၂၀၀၀ ကို စွဲချက် တင်ခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံပိုင် လုပ်ငန်းတွေမှာ တာဝန်ယူထားတဲ့ အရာရှိ ၃၁ ဦး (မန်နေဂျာချုပ် အဆင့် ၂၀ အပါအဝင်) ပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြည်နယ် ၃၀ ကျော်က အရာရှိ ၁၈၀ ကို စွဲချက်တင်ပြီး တစ်ချို့ကို သေဒဏ်ပေးပါတယ်။တကယ်တော့ တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်စပ်ပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း ၁၂၀၀ ကျော် ရှိပါတယ်။ ဒါတွေကို ကျော်လွန် လုပ်ဆောင်ပြီး အဂတိ လိုက်စားမှုတွေ ဖြစ်ခဲ့တာပါ။  ၂၀၁၅ ခုနှစ် မတ်လမှာ တရုတ် အစိုးရက Sky Net ဆိုတဲ့ အစီအစဉ် သစ်တစ်ခုကို ကြေညာပါတယ်။ ဒီအစီအစဉ်က အဂတိ လိုက်စားမှု၊ အခွန် တိမ်းရှောင်မှုတွေ လုပ်ပြီး ပြည်ပမှာ လျှို့ဝှက်စီးပွား လုပ်ကိုင်နေသူတွေကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။  ဒါပေမဲ့ ပနားမား ဖွင့်ချချက် ထွက်လာချိန်မှာ တရုတ် သမ္မတ ရှီကျင်းပင်းရဲ့ မိသားစုဝင်တွေလည်း ပြည်ပမှာ လျှို့ဝှက် စီးပွားရေး လုပ်ကိုင်မှုတွေနဲ့ ချိတ်ဆက်နေတယ် ဆိုတဲ့ အချက် ပေါ်ပေါက်ခဲ့ပါတယ်။ တရုတ် အစိုးရက ပနားမား ဖွင့်ချချက်တွေကို ငြင်းဆိုထားပေမယ့် ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကို မသိရသေးပါဘူး။ ပနားမား အချက်အလက်တွေ မှန်ကန်တယ် ဆိုရင် ရှီကျင်းပင်းအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။အဂတိ လိုက်စားမှုကို တိုက်ဖျက်နေသူ ကိုယ်တိုင်က အဂတိ လိုက်စားမှု ကျူးလွန်နေတဲ့ သဘော ဖြစ်ပါတယ်။  ဒီအချက်တွေက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမြစ်ပြတ် ချေမှုန်းဖို့ အာသီသ ရှိနေသူတွေ အစိုးရ အဖွဲ့အတွင်းမှာ ရှိရင်တောင် တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်လို့ မရဘူး ဆိုတာကို ပြသနေတဲ့ ဒေသတွင်း ဥပမာ ဖြစ်ပါတယ်။ 
■ တစ်ယောက်အားနှင့် လုပ်၍ မရအဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မြင်တဲ့ နိုင်ငံတွေ တူညီစွာ ကျင့်သုံးလေ့ရှိတဲ့ ယေဘုယျ နည်းလမ်း ငါးခု ရှိပါတယ်။ပထမ အချက်က သတင်းပေး ဖော်ထုတ်သူ (Whistleblower) တွေရဲ့ အခန်းကဏ္ဍကို အလေးထားတာ ဖြစ်ပါတယ်။ တချို့ နိုင်ငံတွေမှာ သူတို့ကို ကာကွယ်ပေးတဲ့ အစီအစဉ်၊ ဥပဒေ ပြဋ္ဌာန်းပေးပြီး သူတို့ရဲ့ အကူအညီ ယူကြပါတယ်။အဂတိ လိုက်စားမှု တိုက်ဖျက်ရာမှာ Whistleblower တွေရဲ့ အခန်းကဏ္ဍက အဓိက အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူကို စောင့်ကြည့် သတင်းပေးခိုင်းတဲ့ သဘောပါပဲ။ တရုတ် နိုင်ငံမှာ ဆိုရင် သတင်း မီဒီယာတွေကို အစိုးရက ထိန်းချုပ် ထားပါတယ်။ ဒီအချိန်မှာ အစိုးရ အရာရှိကြီးတွေရဲ့ အဂတိ လိုက်စားမှုတွေကို Whistleblower တွေက အွန်လိုင်း မီဒီယာကို အသုံးချပြီး ဖွင့်ချပါတယ်။  ဒုတိယ တစ်ချက်က သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်ဇင် ပညာရပ် (Investigative Journalism) ကို အသုံးချပြီး မီဒီယာတွေဘက် ရဲရဲဝံ့ဝံ့ ဖော်ထုတ် တင်ပြဖို့ လိုသလို သူတို့ရဲ့ တင်ပြချက်တွေကို အစိုးရက အလေးထားပေးရမှာ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ သတင်းအချက်အလက် ရပိုင်ခွင့်အတွက် ဥပဒေတွေ ရေးဆွဲပေးပါတယ်။ သတင်း မီဒီယာတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားမြစ်ခြင်း မရှိဘဲ ကာကွယ်ပေးတာ၊ အခြား အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွေကို သိုဝှက်ခြင်း မရှိဘဲ  ကြည့်ရှုခွင့် ပေးတာတွေ လုပ်ပေးပါတယ်။တတိယ အချက်က အဂတိ လိုက်စားမှုကို ဆန့်ကျင် တိုက်ဖျက်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်း အဖွဲ့တွေနဲ့ သုတေသနဆိုင်ရာ အဖွဲ့အစည်းတွေကို ဖွဲ့စည်း တည်ထောင်ခွင့်ပေးပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ သူတို့ရဲ့ အကူအညီကို ရယူကြရတာ ဖြစ်ပါတယ်။စတုထ္ထ အချက်က တရားစီရင်ရေး နှောင့်နှေးကြန့်ကြာမှု မရှိအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုမှာ လုပ်ငန်းရှင်တွေ၊ စစ်ဘက် အရာရှိတွေ၊ နိုင်ငံရေး သမားတွေ၊ အများအမြင်မှာ ထင်ပေါ် ကျော်ကြားနေသူတွေ ဘယ်သူမဆို ပါဝင်တာနဲ့ သူတို့ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ မှန်မှန် ကန်ကန်နဲ့ မြန်မြန် ဆုံးဖြတ်ပြီး စံနမူနာပြ အဖြစ် အရေးယူပြတာ ဖြစ်ပါတယ်။ပဉ္စမ အချက်က အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး သံသယ ရှိသူတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေကို မှတ်တမ်းပြုစုပြီး အစိုးရအဖွဲ့၊ အခြား အုပ်ချုပ်ရေး တာဝန်တွေမှာ နေရာမပေးကြတာ ဖြစ်ပါတယ်။ဖော်ပြပါ အချက် ငါးချက်စလုံးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံမှာ အခက်အခဲ ရှိနေမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ မအောင်မြင်ခဲ့တာကလည်း ဒီအချက် ငါးချက်နဲ့ လုပ်ဆောင်နိုင်ခြင်း မရှိလို့ပါပဲ။Whistleblower တွေရဲ့ သတင်းပေးမှုကို အလေးအနက် မထားခဲ့သလို သတင်း မီဒီယာတွေရဲ့ တင်ပြမှုကိုလည်း လျစ်လျူရှု ခဲ့ပါတယ်။ဒီအတိုင်းပဲ အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားသူတွေကို နေရာပေးခဲ့သလို အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ အားကောင်းအောင် မလုပ်ခဲ့ပါဘူး။အဆိုးဆုံးက တရားစီရင်ရေး ဖြစ်ပါတယ်။ တရားရေး မဏ္ဍိုင် ကိုယ်တိုင်က အကျင့်ပျက် ခြစားတွေနဲ့ ယိမ်းယိုင်နေတဲ့ အတွက် အရေးယူ လုပ်ဆောင်မှု အပိုင်းမှာ ထိရောက်မှု မရှိခဲ့တာ ဖြစ်ပါတယ်။တရားရေး မဏ္ဍိုင် ယိမ်းယိုင်နေသရွေ့၊ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မရှိသေးသရွေ့၊ အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေး အဖွဲ့တွေမှာ အဂတိ လိုက်စားသူတွေ ပါဝင်နေသရွေ့ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ 
■ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ခြင်းအဂတိ လိုက်စားမှု ကင်းရှင်းတဲ့ အစိုးရ ဖြစ်ဖို့အတွက် အချို့သော နိုင်ငံတွေမှာ အစိုးရ အဖွဲ့ဝင်တွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြိုတင်ထုတ်ပြန် (Declaration of Assets) ပါတယ်။မြန်မာ နိုင်ငံမှာလို ပိုင်ဆိုင်မှုတွေကို အိတ်ပိတ်စာ ပို့တာမျိုး မဟုတ်ဘဲ အများပြည်သူ သိအောင် ထုတ်ဖော် ကြေညာတာ ဖြစ်ပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှု၊ အကျိုး စီးပွားတွေကို ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ပြီး အများပြည်သူ သိအောင် ကြေညာဖို့ အဆို တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီအဆို ရှုံးနိမ့်ခဲ့ပါတယ်။နိုင်ငံအလိုက် ဝန်ကြီး အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ သိအောင် ထုတ်ဖော် ကြေညာပုံချင်း မတူပါဘူး။ကနေဒါ နိုင်ငံမှာ ဥပဒေ ပြဋ္ဌာန်းပြီး ပိုင်ဆိုင်မှုတွေကို နှစ်စဉ် တင်ပြဖို့ သတ်မှတ်ပါတယ်။ ဥရောပနိုင်ငံ အများစုမှာတော့ ပိုင်ဆိုင်မှုတွေကို အသေးစိတ် ဖော်ပြခိုင်းပါတယ်။ဘရာဇီး၊ မက္ကစီကို၊ ဗင်နီဇွဲလား၊ ဂျမေကာ၊ ချီလီ စတဲ့ နိုင်ငံတွေမှာ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်တွေတင် မကပဲ အိမ်ထောင်ဖက်၊ သားသမီးတွေရဲ့ အချက်အလက်တွေကိုပါ ဖော်ပြပေးရပါတယ်။ အမေရိကန် နိုင်ငံမှာလည်း ဒီအတွက် ဥပဒေ တစ်ရပ် ရှိထားပါတယ်။ ဥပဒေအရ အစိုးရ အဖွဲ့ ထိပ်တန်း အရာရှိ အားလုံးရဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို ဖော်ပြရပါတယ်။ထိုင်းနိုင်ငံမှာလည်း ၂၀၁၂ ခုနှစ်တုန်းက ဝန်ကြီး အဖွဲ့ရဲ့ ပိုင်ဆိုင်မှုကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အမျိုးသား ကော်မရှင်ကို အစီရင် ခံရပြီး ကော်မရှင်က ထုတ်ပြန်ပေးပါတယ်။ တောင်ကိုရီးယားမှာ ပြည်သူတွေက အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို  လွတ်လပ်စွာ ကြည့်ရှုခွင့် ရှိပြီး အိမ်ထောင်ဖက်နဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ဖော်ပြရပါတယ်။အိန္ဒိယ အစိုးရကလည်း သူတို့ အစိုးရ အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုကို အွန်လိုင်းမှာ ဖော်ပြပြီး လူတိုင်း ဝင်ကြည့်လို့ ရအောင် စီစဉ် ပေးထားပါတယ်။ တစ်ဦးချင်းစီ ပိုင်ဆိုင်မှု ဖော်ပြတာ ရှိသလို မိသားစုအလိုက် ပိုင်ဆိုင်မှု ဖော်ပြကြတာလည်း ရှိပါတယ်။အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့တွေရဲ့ အတွေ့အကြုံအရ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြား စေခြင်းဟာ အဂတိ လိုက်စားမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ 
■ ဘယ်သူကို ဘယ်လို အရေးယူမလဲဒေသတွင်း နိုင်ငံများမှာ ဖြစ်လေ့ရှိတဲ့ အဂတိ လိုက်စားမှု အများဆုံး နယ်ပယ်တွေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်လေ့ရှိတဲ့ နယ်ပယ် ကွာခြားမှု သိပ်မရှိပါဘူး။နိုင်ငံရေး လောကအတွင်း အကျိုးစီးပွား အတွက် ပမာဏ ကြီးမားတဲ့ အဂတိ လိုက်စားမှု ဖြစ်ပေါ်လေ့ ရှိတာချင်း တူညီပါတယ်။ ရဲအရာရှိများ၊ အရပ်ဘက် အုပ်ချုပ်ရေးရုံးများ၊ စည်ပင်ရုံးများ၊ တရားရေး နယ်ပယ်၊ အခွန်အကောက် နယ်ပယ်၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်၊ အိုးအိမ်မြေယာနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အဂတိ လိုက်စားမှု ရှိကြတာချင်း တူညီပါတယ်။အဂတိ လိုက်စားမှု ဖြစ်လေ့ ဖြစ်ထခြင်း တူတဲ့အပြင် ရင်ဆိုင်ရမယ့် ပြဿနာလည်း အတူတူပဲ ဖြစ်မှာပါ။NLD အစိုးရ လက်ထက် ပထမဆုံး သတိပေးခဲ့တဲ့ နှစ်သစ်ကူး လက်ဆောင် သိန်း ၅၀ ကိစ္စဟာ နိုင်ငံရေး နယ်ပယ်နဲ့ အကျိုးစီးပွား ဆက်နွှယ်မှုကို ထိုးဖောက်ဖို့ ကြိုးစားတဲ့ လုပ်ရပ်အဖြစ် ယူဆနိုင်ပါတယ်။ ဒီလို ကြိုးစားမှုဟာ သိန်း ၅၀၀၊ သိန်း ၅၀၀၀၊ သိန်း ၅၀၀၀၀ မက ဖြစ်လာမှာတွေ ရှိနိုင်ပါတယ်။ပုံမှန်အားဖြင့် အထက်ပိုင်းအလွှာ အဂတိ လိုက်စားမှုတွေမှာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါဝင် ပတ်သက်လေ့ ရှိပြီး အခွင့်ထူးခံ လုပ်ငန်း လုပ်ပိုင်ခွင့်၊ တင်ဒါ၊ စီမံကိန်း ဆိုင်ရာ ကိစ္စတွေမှာ ဆက်စပ်ပါတယ်။ ဒီအပိုင်းမှာ ဖြစ်လေ့ရှိတဲ့ အဂတိ လိုက်စားမှုတွေက ပမာဏ ကြီးမားပြီး နိုင်ငံကို ရိုက်ခတ်ပါတယ်။အထက်ပိုင်း အလွှာနဲ့ ဆက်စပ်ခြင်း မရှိဘဲ အောက်ခြေ ဝန်ထမ်းတွေ အကြား ဖြစ်လေ့ရှိတဲ့ အဂတိ လိုက်စားမှုတွေလည်း နယ်ပယ်တိုင်းမှာ ပြည့်နှက်နေပါတယ်။ ဒီလို အဂတိ လိုက်စားမှုမျိုး ပပျောက်အောင် အချိန်တို အတွင်း ကုစားဖို့ ခက်ပါလိမ့်မယ်။ အစိုးရ ဝန်ထမ်းများရဲ့ လစာဝင်ငွေ၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ အခြေခံ လူနေမှု စရိတ် မညီမျှမှု ရှိနေသရွေ့ ခက်ခဲနေမှာပါ။ဒါဟာ NLD အစိုးရ ရင်ဆိုင်ရမယ့် အဂတိ လိုက်စားမှု ပြဿနာ  ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ ဘယ်သူကို ဘယ်လို ပုံစံမျိုးနဲ့ အရေးယူ ဆောင်ရွက်မလဲ ဆိုတာ စိန်ခေါ်မှု ဖြစ်လာပါတယ်။ (ရည်ရွယ် လုပ်ဆောင်ခြင်း မဟုတ်ပေမယ့် မရှောင်သာတဲ့ အားနည်းချက်တွေကြောင့်) အထက်ပိုင်း အလွှာရဲ့ အဂတိ လိုက်စားမှုတွေ လျစ်လျူရှု ခံရပြီး အောက်ခြေဝန်ထမ်းတွေ ဘက်မှာပဲ ပြင်းထန်တဲ့ အရေးယူမှုတွေ ဖြစ်ခဲ့မယ်ဆိုရင် ဥပဒေရဲ့ တန်းတူညီမျှ အပေါ် ယုံကြည်မှု အားနည်းတာမျိုး ဖြစ်တတ်ပါတယ်။တစ်ဖက်မှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အာဆီယံရဲ့ အဂတိ လိုက်စားမှု အဆိုးရွားဆုံး အဆင့်ကနေ ရုန်းထွက်ဖို့ NLD အစိုးရ ရင်ဆိုင်ရမယ့် အဂတိ လိုက်စားမှု ပြဿနာဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။မှန်ကန် မျှတတဲ့ တရားစီရင်ရေး စနစ်၊ နာမည်ပျက် မရှိသူတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ ကော်မရှင်၊ အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်း မီဒီယာတွေ၊ သတင်းပေး ဖော်ထုတ်သူ (Whistleblower) တွေနဲ့ အစိုးရ အကြား တူညီတဲ့ ဘုံသဘောတူညီချက်၊ ပူးပေါင်း လုပ်ဆောင်မှု အားကောင်းရင် ပြဿနာကို ဖြေရှင်းဖို့ အခက် မကြုံနိုင်ပါဘူး။