ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှ ရွေးချယ်ခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှ ရွေးချယ်ခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ တွေ့ဆုံမည်
Published 19 February 2016
ကျော်ဇင်ဝင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ပါတီမှ ရွေးချယ်ခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် နေပြည်တော် လွှတ်တော် အဆောက်အအုံရှိ လွှတ်တော်ရေးရာဆောင် I-12 တွင် တွေ့ဆုံ မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံမှု၌ မည်သည့်အကြောင်းအရာ ဆွေးနွေးမည်ကို အသေးစိတ် မသိရှိရသေးကြောင်း ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က  ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် NLD ပါတီဝင် မဟုတ်သော ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယ ဥက္ကဋ္ဌများ မပါဝင်ကြောင်းသိရသည်။
“MPU(မြန်မာနိုင်ငံဆိုင်ရာလွှတ်တော်အဖွဲ့) အစည်းအဝေးကို တက်ဖို့ ၂၂ ရက်မှာ လွှတ်တော်ကို သတင်းပို့ရင်းနဲ့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံမှာပါ။ ကျွန်တော်တို့ပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေပဲ ပါပါတယ်။ ရခိုင်နဲ့ရှမ်းက တခြားပါတီကဆိုတော့ သူတို့မပါဘူး။ ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း မသိရသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တိုင်းဒေသ ကြီး/ပြည်နယ်လွှတ်တော် ၁၄ ခုမှ လွှတ်တော်ဥက္ကဋ္ဌသာ ပါဝင်မည့် မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်တွင် နေပြည်တော် လွှတ်တော်တွင် ပြုလုပ်မည် ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲက ကျွန်တော်တို့ကို အခုထိ ဖိတ်ကြားထားတာ မရှိပါဘူး။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ လုပ်မယ့်အစည်းအဝေးကိုတော့ ဖိတ်ထားပါတယ်”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှ ရွေးချယ်ခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုမှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများတွေ့ဆုံမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ကိစ္စရပ်များ ဆွေးနွေးဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးခုနစ်ခုနှင့် ပြည်နယ်ငါးခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကသာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများ ရရှိထားသည်။
ရခိုင်ပြည်နယ် လွှတ်တော်တွင် နေရာအများစု အနိုင်ရရှိသည့် ရခိုင်အမျိုးသားပါတီကပင် ၎င်းတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အမည်စာရင်းများ တင်သွင်းခဲ့ပြီး ၎င်းတို့နှင့်အတူ ယှဉ်ပြိုင်တင်သွင်းသူမရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစံကျော်လှအား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဖိုးမင်းအား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့သည်။
သို့သော် ရှမ်းပြည်နယ် လွှတ်တော်တွင်မူ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ  နေရာများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ၎င်းတို့၏ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအား ယှဉ်ပြိုင် အမည်စာရင်း တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ အမည်စာရင်း တင်သွင်းခံရသူများမှာ အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံးဆိုင် (လွှတ်တော် ဥက္ကဋ္ဌဟောင်း)အား လည်းကောင်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစဝ်အောင်မြတ် (လက်ရှိပြည်နယ်ဝန်ကြီးချုပ်)အား လည်းကောင်း ရွေးချယ် တင်မြှောက်ခဲ့သည်။
ရှမ်းပြည်နယ် လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်နေရာ တတိယအများဆုံး ဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီမှာ ၎င်း၏ မိတ်ဖက်ပါတီအချို့ အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းပါက ရှမ်းပြည်နယ် လွှတ်တော်တွင် အင်အားအများဆုံး ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရှမ်းပြည်နယ် လွှတ်တော်တွင်  ဒုတိယအင်အား အများဆုံးပါတီ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ် ပူးပေါင်းလျှင်ပင် ပြည်ခိုင်ဖြိုးပါတီအား ကျော်လွန်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ် အင်အား မရှိပေ။

Most Read

Most Recent