ဒေါ်လာဈေးအတက် ပြည်သူတွေအခက်

ဒေါ်လာဈေးအတက် ပြည်သူတွေအခက်
Published 21 July 2015
ဟိန်းအောင်

ဗဟိုဘဏ်က ဇူလိုင် ၁၃ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ဒေါ်လာဈေးနှုန်းကြောင့် ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးတွေ ပြန်ပြီးတော့ ခုန်တက်သွားပါတယ်။ ဒါကြောင့် ဒေါ်လာဈေးတက်တဲ့ ဂယက်ကို အများပြည်သူတွေ ဆက်လက်ခံစားရဦးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးနေတဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ်ကနေ ကျပ် ၁၂၀၀ အထိ တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ပြင်ပဈေးကွက် မှာလည်း ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ တစ် ဒေါ်လာကို ၁၂၃၀ နီးပါးအထိ ဈေးမြင့် တက် သွားခဲ့တာပါ။ ဈေးကွက်မှာ ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေတာကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဒေါ်လာဈေးကို ပြင်ပဈေးကွက် ပေါက်ဈေးနဲ့ နီးစပ်တဲ့ ဈေးနှုန်းကို ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်လိုက်တာလို့ ဆိုပေမယ့်  ဈေးတွေဟာ တည်ငြိမ်မှုမရှိဘဲ ဆက်လက်မြင့် တက်သွားခဲ့တာပါ။ ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် ဒေါ်လာဈေးနှုန်းတွေ မြင့်လာတာဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်တော့ ကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။
ပြည်ပက တင်သွင်းကုန်တွေကို အဓိကမှီခိုနေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေါ်လာနဲ့ ပေးချေရတဲ့အခါမှာ ကျပ်ငွေတွေ ပိုပြီးသုံးရတာကြောင့် ကုန်စည်ဈေးနှုန်းတွေဟာ ဆက်ပြီး တက်လာဖို့ရှိပါတယ်။ သေချာပြန် စဉ်းစားကြည့်ရင် နေ့စဉ်သုံးစွဲ၊ စားသုံးနေတဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေ အားလုံးလိုလိုဟာ အခြားနိုင်ငံက သွင်းလာတဲ့ ကုန်ပစ္စည်းတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေပါတယ်။ လက်တွေ့မှာ ကျပ် ၁၀၀ တန်မုန့်ပဲ သရေစာကစပြီး ကုန်ပစ္စည်းတော်တော်များ များဟာ နိုင်ငံခြားက တင်သွင်းလာတာနဲ့ ကုန် ကြမ်းတွေကို သုံးနေရပါတယ်။ ကိုယ့်အနီး အနားမှာ သုံးနေတဲ့ပစ္စည်းတွေကိုပဲ ကြည့် လိုက်ပါ။ ပြည်ပက တင်သွင်းလာတဲ့ လွတ်တာ သိပ်မရှိပါဘူး။ကောက်ညှင်းပေါင်းလို အစား အစာပဲ လွတ်နိုင်ပါတယ်။ ဒါတောင် ကောက် ညှင်းပေါင်းကို ထုပ်တဲ့ ကြွပ်ကြွပ်အိတ်က နိုင်ငံခြားက လာတဲ့ကုန်ကြမ်းနဲ့ ထုပ်ထား တာကြောင့် သူလည်း ဒေါ်လာဈေးလက်က မလွတ်နိုင်ပါဘူး။ ဒါကြောင့် ဒေါ်လာဈေး တက်တာက ကုန်စည်တွေကို ဈေးတက်စေပြီး နေ့စဉ်စားဝတ်နေရေး ကုန်ကျစရိတ်တွေ ပြည်သူတွေ ပိုသုံးစွဲကြဖို့ ဖြစ်လာပါတယ်။
ဒေါ်လာဈေးတက်တယ်ဆိုတာ တကယ်တော့ မြန်မာငွေတန်ဖိုးကျသွားတဲ့ သဘောပါပဲ။ အရင်တုန်းက ကျပ်ငွေ ၁၀၀၀ နဲ့ တစ် ဒေါ်လာနဲ့ လဲနိုင်ပေမယ့် အခု ၁၂၀၀ ကျော် ပေးမှ တစ်ဒေါ်လာရ မယ်ဆိုတော့ ဒေါ်လာနဲ့ ဝယ်ရတဲ့ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ အ ကုန်လုံးဈေးတွေတက်ကုန်တာ ဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုး ကျရတဲ့ အကြောင်းရင်းတွေထဲမှာ ငွေကြေးဖောင်းဖွတာက အဓိကနေရာက ပါပါတယ်။ နှစ်စဉ်ကုန်သွယ်မှုလိုငွေ ဘတ်ဂျက်လိုငွေကလည်း နှစ်စဉ်ပြနေတော့ ကျပ်ငွေတွေလှိမ့်ပြီး ရိုက်ထုတ်ရင်းက ငွေကြေးဖောင်းပွမှုနှုန်းက ရှိသင့်တာထက် အများကြီး ပိုနေတာ ဖြစ်ပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ရင် ပြီးခဲ့တဲ့ ငါးနှစ်က ကျပ်ငွေငါးထောင် ရဲ့သုံးစွဲနိုင်စွမ်းနဲ့ ဒီနေ့ကျပ်ငွေငါးထောင်ရဲ့ သုံးစွဲနိုင်စွမ်း မတူတော့တာကို တွေ့နိုင်ပါတယ်။ ဒါဟာ ငွေကြေးဖောင်းပွခြင်းကို ရှိသင့်တဲ့နှုန်းထားမှာ ရှိအောင် မထိန်းချုပ်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ လုပ်ခလစာတွေကို ပြန်ကြည့်ရင်လည်း ပြီးခဲ့တဲ့ငါးနှစ်က ရခဲ့တဲ့လုပ်ခလစာနဲ့ အခုအချိန်မှာ တိုးလာတဲ့ လုပ်ခလစာဟာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ပြန်ချိန်ကြည့်ရင် ဒုံရင်းကဒုံရင်းပဲ ရှိပါတယ်။
အဲဒီလိုငွေကြေး ဖောင်းပွမှုတွေရှိခဲ့တဲ့ အချိန်မှာ ဒေါ်လာဈေး တစ်ရှိန်ထိုးတက်လာတာက အထွေထွေစရိတ်စကတွေ တက်လာမယ့်ဒဏ်ကို အများပြည်သူတွေ ကျောကော့အောင်ခံရဖို့ ဖြစ်လာပါတယ်။ ပြည်ပက ဒေါ်လာနဲ့ တင်သွင်းရတဲ့လောင်စာဆီတွေဈေး မြင့်လာတာကြောင့် ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေ ဈေးတက်ခြင်းနဲ့အတူ ကုန်စည်ဈေးနှုန်းတွေလည်း အတက်ဘက်ကိုသာ ဆက်ပြဖို့ ရှိနေပါတယ်။ အချို့ကလည်း ဗဟိုဘဏ်ရဲ့ငွေကြေးဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်မှုတွေဟာ မထိရောက်ဘဲ ဒေါ်လာဈေးဆက် လက်တက်ဖွယ်ရှိပြီး ကုန်စည်ဈေးကွက်မှာ ဈေးကွက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင် တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ဗဟိုဘဏ်က တက်လာတဲ့ဒေါ်လာဈေးကို ကျားကန်ပေးဖို့ စီးဆင်းလည်ပတ်ငွေထဲမှာ ဒေါ်လာတွေ ထည့်ပေးတဲ့နည်းလမ်းကို မျှော်လင့်ကြပေမယ့် သတ်မှတ်နှုန်းကို ၁၁၀၀ ကျော်က နေ ၁၂၀၀ အထိ ဆွဲတင်ခဲ့တာကြောင့် စီးပွား ရေးလုပ်ငန်းတွေ အကျပ်အတည်း တွေ့လာဖို့ ရှိနေတယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါ တယ်။
ဗဟိုဘဏ်က ဈေးပြောင်းသတ်မှတ်ပြီး နောက်တစ်ရက်မှာဆိုရင် ဒေါ်လာဈေးက ၁၂၅၀ ကျော်သွားခဲ့ပါတယ်။ ဒီလိုတက်တဲ့နှုန်း ဟာ တလောက တက်သွားခဲ့တဲ့ ၁၃၀၀ ဝန်း ကျင်ကိုတောင် ကျော်သွားမယ့်အခြေအနေ ဖြစ်ပါတယ်။ အခုဆိုရင် ဗဟိုဘဏ်ကသတ်မှတ်ပေးတဲ့ ဒေါ်လာနှုန်းဟာ တစ်ရက်ပြီးတစ်ရက် မြင့်တက်နေရာ ဇူလိုင် ၁၇ ရက်မှာ ၁၂၂၀ အထိ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာဈေး တက်ခြင်းဟာ ပို့ကုန်နည်းပြီး သွင်းကုန်များတဲ့ မြန်မာနိုင်ငံအတွက် ဘယ်ဘက်ကတွက်တွက် အရှုံးဘက်ကပဲဖြစ်တယ်။ ဒါကြောင့်ဒေါ်လာဈေးတွေ ကျလာအောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာရမယ်။ အဲလိုမဟုတ်ရင် အကုန်လုံး ကမောက်ကမတွေ ဖြစ်သွားနိုင်ပါတယ်။ ဒေါ်လာဈေးတွေ တက်လာတာကို ကြည့်ရင်လည်း ပုံမှန်တက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာမှ ဒီမှာလို ရုတ်တရက်ကြီး ရက်ပိုင်းအတွင်း ထိုးတက်သွားတာမျိုးက ဖြစ်ခေါင့်ဖြစ်ခဲပဲ။ အဲဒီလိုမဖြစ်အောင်လည်း အစိုးရတွေ၊ ဗဟိုဘဏ်တွေက ထိန်းကျောင်းကြပါတယ်။ ကိုယ့် ငွေတန်ဖိုးနဲ့ ဒေါ်လာကို အမြဲချိန်ပြီး ငွေကြေး ဆိုင်ရာပေါ်လစီကို လိုက်လျောညီထွေဖြစ် အောင် အမြဲလုပ်ကြရတယ်။ ဒီမှာတော့ အဲဒီ လိုမလုပ်လို့ ဈေးတွေတက်နေတာ ဖြစ်တယ်။ လက်ရှိအချိန်မှာ ပြည်ပတင်သွင်းတဲ့ ဆေးဝါးတွေ၊ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း တက်လာနေပြီ ဖြစ်ပါတယ်။ ဒါတွေကို မဖြေရှင်းဘဲထားရင် ပိုဆိုးလာဖို့ပဲရှိတယ်။
ဒေါ်လာဈေး တက်ရတဲ့ အကြောင်းအရင်းများစွာ ရှိတဲ့အနက် သိသာတဲ့အချက်ကတော့ နိုင်ငံရေးအရ အခြေအနေကလည်း အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။ မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲများကနေ အပြောင်းအလဲများ ဖြစ်လာမယ်လို့ မျှော်လင့်နေကြတယ်။ အဲဒီအခြေအနေအပေါ် စီးပွားရေးနယ်ပယ်မှာ မှန်းဆတွက်ချက်မှုတွေ ရှိလာသလို အချို့ကလည်းဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆပြီး ခိုင်မာတယ်လို့ယူဆရတဲ့ ဒေါ်လာငွေစုဆောင်းမှုတွေကို ပြုလုပ်နေတာကြောင့်  ဒေါ်လာဝယ်လက် များနေတာလို့ ဆိုတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် အခြားအကြောင်းမျိုးစုံကြောင့်လည်း ဒေါ်လာဈေးက ဆက်တက်နိုင်တယ်လို့ ဆိုနေကြပါတယ်။ ဘာကြောင့် တက်တက် သင့်တင့်တဲ့ ငွေလဲနှုန်းဖြစ်အောင်လုပ်ပေးဖို့ ဗဟိုဘဏ်မှာ တာဝန်ရှိသလို အစိုးရမှာလည်း တာဝန်ရှိတယ်။ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒေါ်လာဈေးတက်အောင် ဈေးကစားသူတွေ ရှိရင်လည်း ထိထိရောက်ရောက် ကျောသားရင်သား မခွဲခြားဘဲ အရေးယူရမှာဖြစ်တယ်။ ဒေါ်လာပွဲစား အနည်းငယ်လောက် အဖမ်းပြရုံနဲ့ ဒေါ်လာဈေးကျဖို့ မျှော်လင့်လို့မရပါဘူး။ တကယ်ကို ငွေကြေးဆိုင်ရာမူဝါဒကို နိုင်ငံရဲ့ အခြေအနေ၊ စီးပွားရေး အခြေအနေပေါ်မှာ တွက်ချက်ပြီး နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ အခင်းအကျင်းကို ဖန်တီးပေးဖို့ လိုပါတယ်။ ဒါမှသာ ဒေါ်လာဈေးကြောင့် ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ခံနေရသူတွေအတွက် အသက်ရှူ ချောင်သွားကြမှာ ဖြစ်ပါတယ်။

Most Read

Most Recent