ဖြောင့်ဖြောင့်လျှောက်သော်

ဖြောင့်ဖြောင့်လျှောက်သော်
Published 20 July 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

တောင်သမန်လေညင်းနှင့် မဟာဂန္ဓာရုံ၏ နံနက်ခင်းသည် အင်မတန်မှ ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလှသည်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် မင်္ဂလာရှိသော နံနက်ခင်း၌ မင်္ဂလာရှိသော သြဝါဒစကားတို့ကို မိန့်ကြားလေ့ရှိ၏။ ဆရာတော်၏ သြဝါဒစကားများကို တပည့်ကြီးအချို့က နေ့စဉ်ကူးရေး မှတ်တမ်းပြုခဲ့ ကြသဖြင့် “နံနက်ခင်းသြဝါဒများ” ဟု စာအုပ် စာပေအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့သည်၊ ကျေးဇူးတော်ကြီးလှပါပေ၏။ နှစ်ပေါင်းငါးဆယ်ခန့် မြွက်ချွေခဲ့သော ထိုသြဝါဒများထဲမှ မှတ်မှတ်ရရ သြဝါဒတစ်ခုကို မျှဝေချင်သည်။
“ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်မည်၊ ကွေ့ကောက်သွားက ခရီးကြန့်ကြာမည်” ဟု ဆရာတော်ဘုရားက သြဝါဒမြွက်ချွေခဲ့သည်။ အလွန်အဓိပ္ပာယ် ထိမိလှ၏၊ အလွန်လည်း တန်ဖိုးရှိလှ၏၊ အရိုးဆုံး၊ အရှင်းဆုံး၊ ထင်လွယ်မြင်လွယ်ဆုံး၊ အထိမိဆုံး၊ လမ်းညွှန်နီတိတစ်ခုဟု ဆိုနိုင်သည်။ ဆရာတော်၏ သြဝါဒသည် ဘဝလမ်းညွှန်ဟု ဆိုနိုင်သကဲ့သို့ ဓမ္မလမ်းညွှန်ဟုလည်း ဆိုနိုင်သည်။ ဘဝလမ်းကြောင်းကိုလည်း ဤလမ်းညွှန်အတိုင်း သွားကြရမည်၊ ဓမ္မလမ်းကြောင်းကိုလည်း ဤလမ်းညွှန်အတိုင်း သွားကြရမည်။ ခရီးတွင်ချင်လျှင် ဖြောင့်ဖြောင့်သွားရမည်၊ ခရီးရောက်ချင်လျှင် ဖြောင့်ဖြောင့်လျှောက်ရမည်။
ရှင်တော်ဗုဒ္ဓကိုသတ်ဖို့ သဲကြီး မဲကြီး အပြေးလိုက်လာသော အင်္ဂုလိမာလက “ရဟန်းကြီး... ရပ်လိုက်ပါ၊ ရဟန်းကြီး... ရပ်လိုက်ပါ” ဟုဆိုတော့ ရှင်တော်ဗုဒ္ဓက “အင်္ဂုလိမာလ...ငါကရပ်နေတာ၊ သင်ကသာ သွားနေတာပါ” ဟု မိန့်တော်မူ၏။ ပါရမီရင့်သန် ကျွတ်ချိန်တန်တော့ အင်္ဂုလိမာလသည် ထိုတရားစကားတော် တစ်ခွန်းနှင့်ပဲ ကျွတ်တမ်းဝင်ခဲ့၏။ သြော်... အဂုၤလိမာလလို လူဆိုးလူမိုက်ကြီးတောင် ကျွတ်ချိန်တန်တော့ ကျွတ်ရသေးတာပဲ၊ တစ်နေ့တော့ သူတို့လည်း အသိတရားရ ကျွတ်တန်းဝင်ကြမှာပါပဲလေဟု တွေးမိ၏။
ဘုရားရှင်ဆိုလိုသော အဓိပ္ပာယ်က သူသည် ကိလေသာအာသဝေါ ကုန်ခန်းသဖြင့် သံသရာပြတ်ဘ၀ တစ်ခန်းရပ်သွားသောကြောင့် ဘဝဆက်ရန်မရှိတော့၊ ဘဝရပ်သွားပြီ။ အင်္ဂုလိမာလကသာ ကိလေသာတန်းလန်းနှင့်မို့ ဘဝမပြတ်၊ ဘဝမရပ်သေး၊ ဘဝဆက်ရဦးမည် ဖြစ်သောကြောင့် သွားနေသည်ဟု ဆိုလို၏။ ဘုရားရှင်၏ ဤဟောကြားချက်အရ ကိလေသာအာသဝေါ မကင်းကြသေး သူမှန်သမျှ ရှေ့သို့သာ သွားနေကြရ၏။ မဂ္ဂပစ္စည်းအရ မိမိတို့နေ့စဉ်ပြုလုပ် ပြောဆိုကြံစည်မှု ကံသုံးပါးလုံးသည် ရှေ့သို့သွားနေခြင်း၊ သို့မဟုတ် လမ်းဖောက်နေခြင်း၊ လမ်းလျှောက် နေခြင်း၊ ခရီးသွားနေခြင်းသာဖြစ်၏။
လူတိုင်းလူတိုင်း ကိုယ့်စိတ်ကူး နှင့်ကိုယ်၊ ကိုယ့်ခံယူချက်နှင့်ကိုယ်၊ ကိုယ့်ဦးတည်ချက်နှင့်ကိုယ်၊ ကိုယ့် ပန်း တိုင်နှင့်ကိုယ်၊ ကိုယ့်အယူအဆ၊ ကိုယ့်မူဝါဒနှင့်ကိုယ်၊ ရှေ့သို့သာ သွားနေကြ၏၊ ရှေ့သို့သာ ချီတက် နေကြ၏။ ဂြိုဟ်တွေ၊ နေလနက္ခတ် ကြယ်တာရာတွေသည် ရှေ့သို့သွား မြဲတိုင်း သွားနေကြသကဲ့သို့ လူသား အားလုံးလည်း ရှေ့သို့သာသွားနေ ကြ၏။ ထိုသို့သွားကြရာ၌ ခရီးတွင် ချင်လျှင် ဖြောင့်ဖြောင့်သွားရမည်၊ ခရီးရောက်ချင်လျှင် ဖြောင့်ဖြောင့် လျှောက်ရမည်။
ရန်ကုန်မြို့ကနေ မန္တလေးမြို့ ကို သွားရာ၌ လမ်းနှစ်လမ်းရှိ၏၊ တစ်လမ်းက ဖြောင့်ဖြူးနေ၏၊ တစ်လမ်းက ကောက်ကွေ့နေ၏။ သူငယ်ချင်း နှစ်ယောက် ရန်ကုန်ကနေ မန္တလေး သို့သွားကြရာ တစ်ယောက်က ဖြောင့် သောလမ်းကသွား၏၊ တစ်ယောက်က ကောက်သောလမ်းကသွား၏၊ မည်သူ မန္တလေးကိုအရင်ရောက်မည် နည်း။ ရှင်းပါ၏။ ပုံမှန်အတိုင်းဆိုလျှင် ဖြောင့်သောလမ်းက သွားသူသာ မန္တလေးကို အရင်ရောက်မည် ဖြစ်၏။
ထို့အတူပင် ကုန်သည်လော က၊ စီးပွားရေးလောက၊ နိုင်ငံရေးလောက၊ စာပေလောက စသည့်လူ့လောက အသီးသီးမှ ပုဂ္ဂိုလ်တို့သည် ကိုယ့်အယူအဆ၊ ကိုယ့်မူဝါဒ၊ ကိုယ့် လမ်းစဉ်နှင့်ကိုယ် ခရီးချီနေကြရာ တွင် ဖြောင့်ဖြောင့်သွားဖို့ လိုပါ၏။ ဖြောင့်ဖြောင့်သွားမှသာ ခရီးတွင်ပါ လိမ့်မည်။
ဖြောင့်ဖြောင့်ဟူသည် ရိုးသားဖြောင့်မတ်ခြင်းကို ဆိုလို၏။ ရိုးသား ခြင်း၏ဆန့်ကျင်ဘက်က မရိုးသား ခြင်းဖြစ်၏၊ ဖြောင့်မတ်ခြင်း၏ ဆန့်ကျင်ဘက်က ကောက်ကွေ့ ခြင်းဖြစ်၏။ ကောက်ကွေ့ခြင်းဟူသည် မာယာသာဌေယျ များခြင်းပင်ဖြစ်၏။ ဘုရားရှင်က ဖြောင့်မတ်ခြင်းဟူသည် မာယာသာဌေယျ ကင်းရှင်းခြင်းကို ခေါ်သည်ဟု မိန့်၏။
မာယာပြစ်ဖုံး၊ ဟိတ်ဟန်သုံး၊ ခေါ်ထုံးသာဌေယျဟုဆိုသည်။ မာ ယာဟူသည် ကိုယ့်မှာရှိနေသည့် အ ပြစ်ကို သူများမသိအောင် ဆင်ခြေ အမျိုးမျိုးနှင့် ဖုံးကွယ်ခြင်း၊ ကာကွယ် ခြင်းဖြစ်၏။
သာဌေယျက ကိုယ့်မှာမရှိသော ဂုဏ်၊ မရှိသော အရည်အချင်းကိုရှိ ဟန်ဆောင်ခြင်း၊ ရှိသည်ထက် ပိုအ ထင်ကြီးအောင် ဟန်ဆောင်ပန် ဆောင်လုပ်ခြင်း၊ ဟိတ်ကြီးဟန်ကြီး လုပ်ခြင်း၊ ဟိတ်ဟန်များခြင်းဖြစ်၏။ မာယာကရှိတာကို မရှိဟန်ဆောင် ခြင်းဖြစ်၏။ သာဌေယျက မရှိတာကို ရှိဟန်ဆောင်ခြင်းဖြစ်၏။ နှစ်ခုလုံး ဟန်ဆောင်တာချင်း ကတော့တူ၏။ ထိုသို့ ဟန်ဆောင်ပန်ဆောင်လုပ် ခြင်းသည် မြင်ရသူ၊ သိရသူ၊ အမြင် မှား၊ အမှတ်မှား၊ အသိမှားသွားအောင် လှည့်စားခြင်း၊ လိမ်ညာခြင်းပင်ဖြစ်၏။ ကလိမ်စေ့ငြမ်းဆင် ဆိုသလို ထိုသို့လိမ်ညာခြင်း၊ လှည့်စားခြင်းသည် မရိုးဖြောင့်ခြင်း၊ ကောက်ကွေ့ခြင်းပင်ဖြစ်၏။
လူအများစုသည် အပြစ်မကင်းကြ၊ သို့သော် ကိုယ့်အပြစ်ကိုယ် မြင်ကြတာမဟုတ်၊ မြင်ပါသော်လည်း မပြင်ချင်ကြ၊ အပြစ်ရှိပါလျက် အပြစ်တင်ပြန်တော့လည်း မကြိုက်ပြန်။ အပြစ်ကိုလည်း ဝန်မခံချင်၊ အပြစ် ပြောတာကိုလည်း မကြိုက်၊ အပြစ် ကိုလည်း မပြုပြင်ချင်၊ ထိုသဘော ထားအားလုံးသည် မာယာတွေသာ ဖြစ်၏။
လူ၏အပြင်းပြဆုံး အာသာက အထင်ကြီးမှုကို ခံယူလိုခြင်းဖြစ်၏၊ ထို့ကြောင့် သူများအထင်ကြီးအောင် ဟန်ဆောင်ပန်ဆောင် လုပ်ကြ၏၊ ဟိတ်ကြီးဟန်ကြီးလုပ်ကြ၊ ကြွားကြ၊ ဝါကြ၊ ညာကြ၏၊ ထိုသဘောတွေက သာဌေယျဖြစ်၏။ မာယာသာဌေယျ နှစ်ခုလုံးသည် ကောက်ကွေ့ခြင်း၊ ကောက်ကျစ်ခြင်း၊ စဉ်းလဲခြင်းဖြစ်၏။
လွတ်လပ်ရေး အကြိုခေတ်က ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ တစ်နေ့မှာ ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော် ဦးချစ်မောင်ကို အကဲစမ်းသည့်အနေဖြင့် မေးခွန်းတစ်ခုမေးလိုက်၏၊
“ဦးချစ်မောင် လူတစ်ယောက်မှာ အလိုအပ်ဆုံးဂုဏ်က ဘာဂုဏ်ပါလဲ” ဟုမေး၏။ ဦးချစ်မောင်က “ရိုးသားဖြောင့်မတ်မှု ဂုဏ်ပါပဲ” ဟု မဆိုင်းမတွ ပြန်ဖြေခဲ့၏။ အနောက်တိုင်းစကားပုံက “ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးပေါ်လစီ ဖြစ်တယ်ဆိုတာ သင်ဘယ်တော့မှ မမေ့ပါနှင့်” ဟုဆို၏။ မြန်မာစကားပုံက “ကောက်သော် စားမလောက်၊ ဖြောင့်သော် စားမကုန်” ဟုဆို၏။ ရိုးသားဖြောင့်မတ်ခြင်းကို ပညာရှိ ပညာရှင်တို့က ထိုမျှတန်ဖိုးထားပါ၏။ ဘုရားရှင်က “စိတ်၏သဘော သည် တုန်လှုပ်နေ၏၊  လျှပ်ပေါ်လော် လည်တတ်၏၊ စောင့်ရှောက်ဖို့ခက်ပါ ၏။ တားဆီးဖို့ခက်ပါ၏။ လေးသမားသည် မြားကိုဖြောင့်အောင် လုပ်ပြီးမှ ပစ်သကဲ့သို့ ပညာရှိပုဂ္ဂိုလ်သည် မိမိစိတ်ကို ဖြောင့်အောင်လုပ်ပြီး သုံးရမည်” ဟု မိန့်တော်မူ၏။ ဖြောင့်သော မြားနှင့်ပစ်မှသာ လိုရာပစ်မှတ်ကိုထိ မှန်နိုင်၏။ ထို့အတူ ရိုးဖြောင့်သော စိတ်ထားနှင့် လုပ်မှသာ လိုရာကိစ္စ အမှန်တကယ် ပြီးမြောက်နိုင်မည် ဖြစ်၏။ ကလိမ်စေ့ငြမ်းဆင်ပြီး အလုပ်လုပ်လျှင်တော့ ရေရှည်မှာဘယ်လိုမှ ကောင်းမည်မဟုတ်ချေ။  
ဘုရားရှင်က လူတစ်ယောက်၏ အရည်အသွေးကို ပြဆိုရာ၌ သက္ကော- စွမ်းဆောင်နိုင်ရမည်၊ ဥဇု-ဖြောင့် မတ်ရမည်၊ သုဟုဇု- အထူးပင်ဖြောင့် မတ်ရမည်ဟု မေတ္တာသုတ်နိဒါန်းမှာ မိန့်ခဲ့၏။ လောကမှာ လူတော်လူ ကောင်းဟု သတ်မှတ်ရာ၌ လူတော် ဖြစ်ဖို့အတွက် သက္ကော-တစ်ခုခုစွမ်း ဆောင်နိုင်ရမည်၊ လူကောင်းဖြစ်ဖို့ အတွက် ဥဇု- ဖြောင့်မတ်ရမည်၊ သုဟုဇု-အထူးပင်ဖြောင့်မတ်ရမည်။ အရည်အချင်းရှိသူက လူတော်၊ ရိုး သားဖြောင့်မတ်သူက လူကောင်း၊ နှစ်ခုလုံးပြည့်စုံလျှင်တော့ သိပ်ကောင်း ပါသည်။ တော်သာတော်၍ မကောင်းခဲ့လျှင်၊ ကောင်းသာကောင်း၍ မတော်ခဲ့လျှင် ထိုသို့ တစ်ဖက်ဖက်အစွန်း ထွက်နေလျှင်လည်း လုပ်ရကိုင်ရတော့ခက်သည်။
တော်ဖို့အဓိကဟု စွဲကိုင်ထားသော လူတော်ဝါဒသမားတွေကိုလည်း တွေ့ရသည်။ ကောင်းဖို့အဓိကဟု လူကောင်းဝါဒ သမားတွေကိုလည်း တွေ့ရသည်။ သို့သော် ဗုဒ္ဓဝါဒ မဇ္ဈိမပဋိပဒါအရ အစွန်းမထွက် ဘက်မျှနေမှသာ ကောင်းသည်။ လူတော် လူကောင်းကို လူကောင်းလူတော်ဟု ပြင်ခဲ့သောဆရာကြီးသည် လူတော် တွေကို ပစ်ပယ်၊ လူကောင်းတွေကို တော်အောင်လုပ်ယူမည်ဟု ကြုံးဝါး ရင်း သူမွေးခဲ့သော လူကောင်းဆိုသူ တွေက တော်မလာဘဲ လူညံ့တွေဖြစ် ကာ သူ၏လမ်းစဉ်ပါတီကြီးတစ်ခု လုံးလည်း ပျက်သုဉ်းခဲ့ရဖူးသည်။
ရိုးရှင်းဟူသော စကားလုံးကို ခွဲခြမ်းကြည့်လျှင် ရိုးမှသာရှင်း၏၊ မရိုး လျှင်မရှင်း၊ မရှင်းတော့ရှုပ်၏။ ရိုး သားမှုသည် စိတ်ကိုရှင်းရှင်းလင်းလင်း ဖြစ်စေ၏။ စိတ်ထဲကရှင်းနေမှ မျက် နှာကလည်း ရှင်းနေ၏။ စိတ်ထဲက မရှင်းလျှင် မျက်နှာကလည်း မရှင်း၊ ရှုပ်နေ၏။ မှုန်သုန်နေ၏။ မကြည်မ လင် ဖြစ်နေ၏။ ရှင်းသောမျက်နှာနှင့် မရှင်းသောမျက်နှာနှစ်ခုသည် အလွန် ကွာခြား၏။ ရှင်းသောမျက်နှာက ကြည်လင်နေ၏၊ အေးချမ်းနေ၏၊ ဖြူစင်နေ၏၊ ကျက်သရေရှိ၏။ ကလေးဘဝကဓာတ်ပုံနှင့် ကြီးမှရိုက်သော ဓာတ်ပုံနှစ်ခုကို ယှဉ်ကြည့်က ပို၍ထင်ရှား၏။
ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်စင်းစင်း ဟူသောဂုဏ်သည် သမိုင်းတင်၍ မော်ကွန်းဝင်သော ဂုဏ်ဖြစ်၏။ ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်စင်းစင်းနှင့် ယှဉ်သော အောင်မြင်မှုသည် နှစ်ပရိစ္ဆေဒအပိုင်းအခြားမရှိ တည်တံ့၏။ ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်စင်းစင်းနှင့် လုပ်မှသာ အောင်မြင်မှု ပန်းတိုင်ကို အမှန်တကယ် ရောက်ရှိနိုင်၏။ ထို့ကြောင့် ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားက “ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်မည်၊ ကွေ့ကောက်သွားက ခရီးကြန့်ကြာမည်” ဟု မိန့်ခဲ့၏။ ။
မိမိတို့သည် နိဗ္ဗာန်သို့ ဦးတည်သွားနေသော နိဗ္ဗာန်ခရီးသည်များ ဖြစ်ကြ၏။ လောဘ၊ ဒေါသ အစွန်းမထွက်စေဘဲ သမ္မာဒိဋ္ဌိစသည့် မဂ္ဂင်ရှစ်ရပ် အကျင့်မြတ် မဇ္ဈိမပဋိပဒါ အလယ်လမ်းမပေါ်၌ ဖြောင့်ဖြောင့်လျှောက်ဖို့ လိုပါ၏။ ခရီးရောက် ခရီးတွင်ချင်သလား၊ ခရီးရောက် ခရီးတွင်ချင်လျှင် ဖြောင့်ဖြောင့်လျှောက်ရမည်။ ဖြောင့်ဖြောင့်လျှောက်သော်။

Most Read

Most Recent