ရုရှားနှင့် ပတ်သက်သည့် ပိတ်ဆို့မှုများနှင့် အန္တရာယ် အနာဂတ်

ရုရှားနှင့် ပတ်သက်သည့် ပိတ်ဆို့မှုများနှင့် အန္တရာယ် အနာဂတ်
Published 15 June 2024
ရွှေသင် (MPP)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ဂျီ ဆဲဗင်း (G7) ခေါင်းဆောင်ခုနစ်ဦးတို့ အီတလီနိုင်ငံ၊ Borgo Egnazia မြို့တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံရန် ပြင်ဆင်နေကြောင်း သတင်းများနှင့်အတူ ဂျီဆဲဗင်းနိုင်ငံများကြား သဘောတူထားသည့် ကတိကဝတ်များအတိုင်း အစီအမံအသစ်များကို ထုတ်ပြန်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာသည်။  ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်ရန်စခဲ့သည့်စစ်ပွဲနှင့် ဆက်လက်ကျုးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများtတွက် ပြင်းထန်သောဖိအားများ ဆက်လက်ပေးနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။  ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် ဂျီဆဲဗင်းခေါင်းဆောင်များ၏ ထိပ်သီးtစည်းအဝေးမတိုင်ခင် ကြားရသည့် သတင်းဖြစ်၏ ။ 

 ဂျာမနီနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးကလည်း ၂၀၂၄ ခုနှစ်မကုန်ခင် ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၅၀ ဘီလျံငွေချေးငှားနိုင်ရေး ဂျီဆဲဗင်းနိုင်ငံများကြား သဘောတူထားပြီးဖြစ်ကြောင်း ပြောကြားထားသည်။ အမေရိကန်သမ္မတ Joe Biden အပါအဝင် G7 ခေါင်းဆောင်များအနေဖြင့် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲများအရေးကိစ္စကို ဦးစားပေးဆွေးနွေးမည်ဟု အီတလီဝန်ကြီးချုပ်က ဆွေးနွေးပွဲမတိုင်ခင်ထုတ်ဖော်ပြောကြားချက်ကိုလည်း သတိထားမိနိုင်သည်။    

အမေရိကန်နှင့် ယူကရိန်း နှစ်နိုင်ငံအကြား ယူကရိန်းနိုင်ငံ၏ရေရှည်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုများအတွက် နှစ်နိုင်ငံသဘောတူစာချုပ်ကိုလည်း နှစ်နိုင်ငံ သမ္မတနှစ်ဦး လက်မှတ်ထိုးကြလိမ့်မည်ဖြစ်သည်။  

အစဖော်ပြောကြားနေသည့် သတင်းများအရ အစည်းအဝေးတွင် အာဖရိကတိုက်မှ ဥရောပသို့ တရားမဝင်လာရောက်အခြေချနေထိုင်သူများကိစ္စများ၊ ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းတင်ပို့မှု ကွင်းဆက်မပြတ်စေရေးကိစ္စများ၊ AI ဉာဏ်ရည်တုနည်းပညာကို ဘေးအန္တရာယ်ကင်းစွာ အသုံးချနိုင်ရေးကိစ္စများကို ဆွေးနွေးကြမည်ဟုသိရသော်လည်း  ရုရှား-ယူကရိန်းစစ်ပွဲအရေးကိစ္စနှင့် ပတ်သက်၍ ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးနိုင်ရေး၊ ရုရှားကို ဖိအားပေးနိုင်ရေးကိစ္စများသည် အဓိကအကျဆုံး အကြောင်းအရာများဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။   

ယူကရိန်းအတွက် ကူညီထောက်ပံ့မှုများ မြှင့်တင်ပေးနိုင်ရန်နှင့် ရုရှား၏ စစ်ယန္တရားများကို ချေမှုန်းနိုင်ရေး အကြောင်းများဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြင့်လာလိမ့်မည်မှာ သေချာသည်။  သိသာမြင်သာသောဒဏ်ခတ်မှုများတွင် စီးပွားရေးပိတ်ဆို့မှုများကို ထင်ထင်ရှားရှား တွေ့ရမည်။   

ဇွန်လ ၁၂ ရက်က ရရှိသည့် သတင်းများထဲ၌ အမေရိကန်၏ ရုရှားနှင့်ပတ်သက်သည့် စီးပွားရေးပိတ်ဆို့မှုပစ်မှတ်များတွင် ရုရှားကိုကူညီပေးသည့် တရုတ်ကုမ္ပဏီများနှင့် ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားအဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများ ပါဝင်နေသည်။   ရုရှားနိုင်ငံအတွင်းသို့ စီးဝင်သော ငွေကြေးပမာဏကို ကန့်သတ်နိုင်ရေးအတွက် ရုရှား၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဦးတည်နေခြင်းဖြစ်သည်။  ပိတ်ဆို့အရေးယူမှုများကို ထုတ်ပြန်ကြေညာပြီးနောက် မော်စကိုအိတ်ချိန်းကလည်း ဒေါ်လာနှင့် ယူရိုငွေဖြင့် အရောင်းအဝယ်များကို ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့်အချိန်ကတည်းက အမေရိကန်အစိုးရ ပိတ်ဆို့ခဲ့သည့် ရုရှားစီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းရှင် အရေအတွက်မှာ ၄ဝဝဝကျော်ပြီဖြစ်သည်။ သို့သော် ရုရှားအစိုးရသည် ရောင်းလိုအားကွင်းဆက်များ ပြန်လည်ရှင်သန်နိုင်ရေး အဆက်မပြတ်အားထုတ်နေသောကြောင့် လုပ်ငန်းသစ်များ၊  ကုမ္ပဏီအသစ်များ ဆက်တိုက်ပေါ်ထွက်လာလျက်ရှိနေသည်။ "ပူတင်ဟာ ဆန့်ကျင်ဘက်တွေကို ကျော်လွှားတဲ့နေရာမှာ သူနဲ့စိတ်ပါလက်ပါပူးပေါင်းလိုသူတွေကို ရှာဖွေပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်နိုင်စွမ်းရှိသူတစ်ဦးဖြစ်တယ် ဟု အမေရိကန်နိုင်ငံခြာ ရေးဌာနရဲ့ စီးပွားရေးပိတ်ဆို့မှုမူဝါဒနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ဒါရိုက်တာ Aaron Forsberg က Associated Press သတင်းဌာနနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောကြားထားသည်။   

ပိတ်ဆို့အရေးယူမှုများသည် တရားမဝင်ကုန်စည်စီးဆင်းမှုကို ရပ်တန့်နိုင်စွမ်းမရှိသေးပေ။ သို့သော် အဓိကရည်ရွယ်ထားသည့်ပစ်မှတ်မှာ အရေးပါသောနည်းပညာများ ရင်းမြစ်ရရှိရေးအားထုတ်မှုတွင် ရုရှားနိုင်ငံ အခက်အခဲများဖြစ်စေရန်နှင့် ကုန်ပစ္စည်းများ စျေးနှုန်းပိုမိုမြင့်တက်လာစေရန်ဖြစ်သည်။ ထပ်မံပြုုလုပ်သည့်  ပိတ်ဆို့အရေးယူမှု ၃၀၀ ကျော်တွင် ရုရှားနိုင်ငံ နည်းပညာအကူအညီရရှိရန်နှင့် အနောက်အုပ်စုပိတ်ဆို့မှုကို ရှောင်တိမ်းနိုင်ရန် အကူအညီပေးနေကြသော တရုတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တူရကီတို့ အပါအဝင် နိုင်ငံများမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များပါဝင်နေသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအတွက် အရေးပါသော အစိတ်အပိုင်းများကို အဓိကပံ့ပိုးပေးနေပြီး တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများမှ နည်းပညာများကိုလည်း ထောက်ပံ့ပေးနေကြောင်း အမေရိကန်တာဝန်ရှိသူများက ရိပ်မိနေကြသည်။  

ထိုသို့ တရုတ်အစိုးရအပေါ် ဖိအားများတိုးမြှင့်ခြင်းသည်  တရုတ်နိုင်ငံအခက်အခဲ ဖြစ်စေမည့်အခြေအနေမျိုးကို ဆန္ဒရှိနေသေးကြောင်း အမေရိကန်နိုင်ငံက တရုတ်နိုင်ငံသို့ သတင်းစကား ထပ်မံပေးခြင်းလည်းဖြစ်သည်ဟု Kyiv School of Economics မှ အကြီးတန်း စီးပွားရေးပညာရှင် Benjamin Hilgenstock က သုံးသပ်ပြောကြားထားသည်။ ဈေးကွက်သဘာဝလွန်လုပ်ဆောင်နေသည့် မူဝါဒများနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းမည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby ကလည်း  သတင်းထောက်များအား တုံ့ပြန်ဖြေကြားထားသည်။ 

အမေရိကန်သည် ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုများကို အဆက်မပြတ် အလေးထားစောင့်ကြည့်နေခဲ့သည်။   ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးနောက် အနောက်နိုင်ငံများက ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်နေခဲ့စဉ် တရုတ်သည် ရုရှားကို ပိတ်ဆို့အရေးယူခြင်းမပြုခဲ့ပေ။ ရုရှားသမ္မတပူတင်သည်  တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက်ဆက်ဆံရေးကို အလေးထားခဲ့သည်ကိုတွေ့ခဲ့ရသည်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ ဂျာမန်အင်စတီကျုမှ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ အထူးကျွမ်းကျင်သူ Janis Kluge ကမူ  တရုတ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ဒဏ်ခတ်မှုများ အောင်မြင်ရေးကိစ္စအပေါ် စိတ်ဝင်စားမှုမရှိဟု သုံးသပ်ကောက်ချက်ချထားသည်။ အချို့သော လေ့လာသုံးသပ်များကမူ ပိတ်ဆို့ဒဏ်ခတ်အရေးယူများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ခြင်းသည်ပင် ထိရောက်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ရှုမြင်သည်။  

 တရုတ်နိုင်ငံသည် ငွေကြေးတန်ဖိုးအမြောက်အမြားရှိသည့် အရေးပါသော စက်ကိရိယာအစိတ်အပိုင်းများကို ထုထ်လုပ်လျက် ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချခြင်း၊ ကြားခံဆောင်ရွက်ခြင်းများကို ပြုလုပ်နေသည်။ ရုရှားနိုင်ငံအပေါ် ကျရောက်လာမည့် ဖိအားမှုကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ရုရှားနှင့် ကုန်သွယ်မှုကို အလွယ်တကူ ရပ်တန့်မဖြစ်နိုင်ပေ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet L. Yellen က  ရုရှား၏စစ်ပွဲနှင့်ပတ်သက်သော စီးပွားရေးသည် နိုင်ငံတကာဘဏ္ဍာရေးစနစ်နှင့် ကင်းကွာလာနေပြီဖြစ်သဖြင့် ပြင်ပကမ္ဘာနှင့်ပြန်လည်ချိတ်ဆက်နိုင်ရေး အပူတပြင်းလုပ်ဆောင်ရမည့်အခြေအနေဖြစ်နေပြီဟု ဆိုသည်။ ယခုထပ်မံပိတ်ဆို့မှုများသည် တတိယနိုင်ငံမှ အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများအပေါ် မှီခိုအားထားနေသည့်ရုရှားနိုင်ငံအတွက် ရှိနေသေးသော လက်ကျန်လမ်းကြောင်းများကို ပိတ် ဆို့ရန် ရည်ရွယ်နေသည်။ ယူကရိန်းနိုင်ငံအပေါ် မတရားကျူးကျော်ပြုလုပ်ခဲ့သည့် စစ်ပွဲအတွက် ရုရှားနိုင်ငံသည် ၎င်း၏အနာဂတ်ကို နေ့စဉ်နေတိုင်း ပေးဆပ်နေရခြင်း ဖြစ်သည်ဟု ယူဆသည်။    

          ရုရှားနိုင်ငံ၏ ဝင်ငွေများ၊ စီးပွားရေး၊ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ၊ စစ်ပွဲတိုက်ခိုက်ရေး စွမ်းရည်များ လျော့ကျစေရေးအတွက် အမေရိကန်နိုင်ငံနှင့် ဂျီဆဲဗင်းတို့၏ ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်များသည် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ ကြားဖြစ်ပေါ်လာမည့် နိုင်ငံတကာရေးရာ အကျပ်အတည်း အခက်အခဲများနှင့်အတူ ကမ္ဘာတစ်ခုလုံးရင်ဆိုင်ရမည့် ထပ်မံဆိုးရွားလာနိုင်သည့် အနာဂတ်အန္တရာယ်များကို အစဖော်ပေးနေသကဲ့သို့ရှိနေပေသတည်း။ 

 

Ref: https://apnews.com/article/