သမားရိုးကျကျူး လွန်နေကြသော အကြမ်းဖက်မှုများ

သမားရိုးကျကျူး လွန်နေကြသော အကြမ်းဖက်မှုများ
Published 20 July 2015
တင်ယုနွယ်

တရုတ်မှာ အတန်းဖော်တစ်ဦးရဲ့ အိမ်စာတွေကိုခိုးချလို့ ဒူးထောက်ခိုင်းပြီး လက်တွေကို ကြိုးနဲ့တုပ်ကာ ဖခင်က ရိုက်နှက်ဆုံးမခဲ့တာကြောင့် သမီးဖြစ်သူမှာ အသက်ရှူရပ် သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဘင်္ဂလားဒေရှ့်မှာလည်း အသက် ၁၃ နှစ်သာရှိသေးတဲ့ ကောင်လေးကို သူခိုးလို့ စွပ်စွဲပြီး ကျာပွတ်နဲ့သေအောင် ရိုက်နှက်ခဲ့တဲ့သတင်း၊ ဝါရှင်တန်မှာတော့ မွေးနေ့ကိတ် ခိုးစားလို့ အသက်ကိုးနှစ်သာရှိသေးတဲ့ သားဖြစ်သူကို မိခင်နဲ့ဦးလေးတွေက ကြိုးတုပ် ရိုက်နှက်လို့ သေဆုံးသွားတာကြောင့် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲခဲ့တဲ့ သတင်းတွေကို ဖတ်မိပြီးနောက် စိတ်ထဲမှာ အတော်တုန်လှုပ်မိသွားပါတယ်။ စာခိုးချရုံ၊ မွေးနေ့ကိတ် ခိုးစားလို့၊ သူခိုးလို့ထင်ရုံနဲ့ ဘာမှပြန်မလုပ်နိုင်တဲ့ လူမမည်ကလေးငယ်တွေကို အဲဒီလောက်အထိ ညှဉ်းပန်းနှိပ်စက်သင့်ပါသလား။ 
 
မြန်မာ့လူနေမှုဝန်းကျင်မှာလည်း မိဘဆရာသမားတွေက သားသမီး၊ တပည့်တွေကို ဆုံးမရာမှာ ကျိုးကြောင်းပြောဆို ရှင်းလင်းဆုံးမရမယ့်အစား ရိုက်နှက်ဆုံးမကာ အကြောက်တရားနဲ့ ဆုံးမအုပ်ချုပ်တတ်ကြပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနေ့ခေတ်လို အချိန်မှာ မိဘ ( ဒါမှမဟုတ်) အုပ်ထိန်းသူတွေဟာ မိမိတို့ ကလေးကို အောင်မြင်ကြီးပွားစေချင်ဇောတွေ ပိုများလာပါတယ်။ ဖြစ်စေချင်တဲ့ အဆင့်၊ အောင်မြင်မှုတွေ မဖြစ်မြောက်တဲ့အခါမှာ ကလေးကို ပြစ်ဒဏ်ပေးတာ၊ ရိုက်နှက်ဆုံးမတတ်ကြပြီး အဘိုးက အဖေကို၊ အဖေက သား စတဲ့ မျိုးဆက်အဆင့်ဆင့်မှာ ရင်သွေးတွေကို ဆုံးမရာမှာ ရိုက်နှက်၊ ကန်ကျောက်ကာ အကြောက်တရားသုံးပြီး ဆုံးမပါတယ်။  
 
အသက်သုံးလေးနှစ် သိတတ်စအရွယ်ကတည်းက မိဘတွေက ရင်သွေးတွေကို ဆုံးမရာမှာ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းပြောပြရမယ့်အစား မကြိုက်မနှစ်သက်တာတစ်ခု လုပ်မိတဲ့ရင်သွေးတွေကို မိဘအများစု ပြောလေ့ရှိတဲ့စကားက “တုတ်..တုတ်နဲ့ ရိုက်ရမလား”ဆိုတာပါ။ ကြုံဖူးပါတယ်။ လေးတန်းကျောင်းသူ ညီမကို  ကျူရှင်ဆရာမက အိမ်စာမပြီးလို့ ဒဏ်ပေးဆုံးမတာမှာ ကလေးရဲ့လက်မပေါ်ကို ဖယောင်းစက်ချပြီး အပြစ်ပေးပါတယ်။ ဒီလို လုပ်လိုက်တာကြောင့် ညီမလေးမှာ အရမ်းကြောက်သွားပြီး နောက်နေ့ ကျူရှင်ပို့တဲ့အခါ အကျောက်အကန် ငြင်းပါတယ်။ မိဘတွေက ဘာကြောင့်လဲ အတင်းမေးတော့မှ အဖြစ်စုံကို သိရပါတယ်။  ဒါတင်မကသေးပါဘူး။  စာမရရင် လက်ထိပ်ကို အပ်နဲ့ထိုးတာ၊ တုတ်နဲ့ရိုက်တာတွေနဲ့ပါ အပြစ်ပေးပါတယ်တဲ့။ ဒီလိုအကြောင်းတွေကို အိမ်ကို ဘာကြောင့်မပြောတာလဲမေးတော့ ဆရာမပြန်သိပြီး ထပ်အရိုက်ခံရမှာကြောက်လို့ မပြောတာပါတဲ့။ ကလေးငယ်တွေကို ရိုက်နှက်ဆုံးမတာတွေဟာ နေအိမ်တွေမှာသာမက စာသင်ခန်း၊ ကျူရှင်တွေမှာပါ ရှိလာနေပါတယ်။ တကယ်တော့ ကလေးတွေကို ရိုက်နှက်ဆုံးမမှုကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်း (Child abuse) လို့ သတ်မှတ်နိုင်ပါတယ်။ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်းလို့ ပြောတဲ့အခါမှာ အများစု ထင်တတ်ကြတာက ဒဏ်ရာအနာတရဖြစ်အောင်၊ ခန္ဓာကိုယ်မှာ တစ်ခုခု ထိခိုက်အောင်လုပ်တာလောက်ပဲ ထင်ကြတာပါ။ တကယ်တော့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်းဆိုတာ အပေါ်ယံမြင်ရတဲ့ ဒဏ်ရာတွေတင် မဟုတ်ပါဘူး။ ကလေးရဲ့လိုအပ်ချက်တွေကို လျစ်လျူ ရှုတာ၊ ကလေးကိုပစ်ထားတာ၊  ကလေးကို သူဟာ ညံ့ဖျင်းတယ်၊ တန်ဖိုးမရှိဘူးဆိုပြီး စိတ်ခံစားစေတာ အစရှိတဲ့အချက်တွေပါ ပါဝင်ပါတယ်။ ဘယ်လို ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခြင်းမျိုးမဆို ကလေးရဲ့  စိတ်ပိုင်းဆိုင်ရာကို နာကျင်ထိခိုက်စေပါတယ်။
 
ကလေးကို ဆဲဆိုကြိမ်းမောင်းတာ၊ မလိုအပ်ဘဲ နောက်ပြောင်တာ၊ ညစ်ညမ်းစာပေ၊ ညစ်ညမ်းအပြုအမူတွေနဲ့ ထိတွေ့စေတာ၊ ကလေးက မထိစေ မကိုင်စေချင်တဲ့နေရာကို ထိကိုင်စေတာ၊ ကလေးကို သူ့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို အတင်းကိုင်ခိုင်းတာ သူ့ကိုယ်သူ ယုံကြည်မှုပျက်ပြားစေတာ၊ ကလေးကို ကြိုးကိုင်ခြယ်လှယ်ပြီး မတရားသဖြင့် မိမိအလိုရှိရာ လုပ်စေတာ၊ ကလေးကို ဂရုမစိုက်၊ တာဝန်မယူတာ၊ အလုပ်သမားအဖြစ် အသုံးပြုတာ၊ ကလေးရဲ့ပြောစကားတွေ၊ ခံစားချက်တွေကို နားထောင်မပေးတာ၊ ခံစားမှုပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူရှုတာ၊  ပညာရေးနဲ့ ကစားချိန်အတွက် အချိန်မပေးဘဲ အိမ်မှာခိုင်းစေတာ၊ ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက်တာ၊ အရှက်ကွဲစေတာ၊ ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျစ်လျူရှုတာ၊ ကလေးကို စောင့်ကြည့်သူမရှိဘဲ ပစ်ထားတာစတဲ့အချက်တွေဟာ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုမြောက်တယ်လို့ ကလေးသူငယ်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ NGO အဖွဲ့အစည်းက အစ်မတစ်ဦးက ပြောပြပါတယ်။ 
 
ဒီအချက်တွေထဲက တချို့တွေဆိုရင် မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ သမားရိုးကျ လုပ်နေကျအရာတွေဖြစ်လို့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုလို့တောင် မထင်ကြပါဘူး။ တကယ်တော့ ဒါတွေအားလုံးဟာ ကလေးတွေရဲ့ဘဝမှာ အင်မတန်နာကျင်ထိခိုက်စေတဲ့ အချက်တွေဖြစ်ပါတယ်။ ကလေးတွေကို ဒီလိုပြုမူတာတွေရှိရင် လျော့နည်းစေဖို့နဲ့ ကာကွယ်မှုတွေပြုလုပ်ဖို့ လုပ်ဆောင်ရမယ်လို့ ကလေးသူငယ်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ NGO မှာ လုပ်နေသူတစ်ဦးကဆိုပါတယ်။ ဘယ်လိုကာကွယ်မှု လုပ်ရမလဲဆိုတော့ Report System နဲ့လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုကာကွယ်မှုရဲ့  အစဟာ မိဘတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ရင်သွေးကို ရိုက်နှက်ဆုံးမတာကို မပြုလုပ်ဘဲ အားပေးတဲ့နည်းလမ်း၊ ကျိုးကြောင်းပြ နည်းလမ်းတွေနဲ့ ပြောဆိုဆုံးမသင့်တယ်လို့သိရပြီး ပတ်ဝန်းကျင်မှာ (ဒါမှမဟုတ်) စာသင်ခန်းတွေမှာ ကလေးတွေကို ရိုက်နှက်တာတွေလုပ်တာတွေကိုတွေ့ရင် အဆင့်ဆင့်တိုင်ကြားတာတွေ လုပ်ရမှာဖြစ်ပါတယ်။ 
 
ရိုက်နှက် နှိပ်စက်တာတွေကြောင့် ပထမဆုံး ရုပ်ပိုင်းဆိုင်ရာ နာကျင်တာကို ခံစားရမှာတော့ မလွဲမသွေပါပဲ။ ဒါ့အပြင် စိတ်ဓာတ်ကျတာ၊ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုနည်းတာ၊ ပတ်ဝန်းကျင်မှာ ဝင်ဆံ့မှုမရှိတော့တာ၊ ကိုယ့်အပေါ်နှိပ်စက်တာတွေကို ပြင်ပလူတွေအပေါ် လက်စားချေ ပြန်နှိပ်စက်တာ စတဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပါ ပူးတွဲခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ စာသင်ခန်းတွေမှာ ရိုက်နှက် အရှက်ခွဲခံရရင် စာသင်ခန်းကိုကြောက်ပြီး ကျောင်းနေမပျော်ဘဲ ကလေးငယ်တွေရဲ့ပညာရေးအတွက် အခက်အခဲရှိသွားမှာ ဖြစ်ပါတယ်။ 
ငယ်စဉ် အခြေခံပညာကျောင်းသူအရွယ်က ကိုယ်တိုင်ကြုံဖူးပါတယ်။ မူလတန်းကျောင်းသူအရွယ်တုန်းက အလယ်တန်းမှာ အင်္ဂလိပ်စာပြတဲ့ဆရာမဟာ ဒဏ်ပေးဆုံးမမှုမှာ နာမည်ကြီးပြီး အင်္ဂလိပ်စာ Meaning သတ်ပုံခေါ်လို့ မှားရင်၊ မရရင် ခုံပေါ်မတ်တတ်ရပ် ခိုင်းထားတာ၊ “ကျွန်မသည်……အတန်းကဖြစ်ပြီး စာမရသဖြင့် အသုံးမကျပါ” စာတန်းဆွဲပြီး တခြားအတန်းတွေကို လှည့်ခိုင်းတာတွေ ပြုလုပ်ခိုင်းတယ်လို့ အတန်းကြီးအစ်မတွေ ပြောပြထားတာကြောင့် အဲဒီဆရာမကို အဝေးကမြင်ရင်ပဲ  ကိုယ်ရော၊ သူငယ်ချင်းတွေရော ပုန်းနေတတ်ကြပါတယ်။ အလယ်တန်းရောက်လို့ ကိုယ်တွေရဲ့ စာသင်ချိန်မှာ အဲဒီဆရာမသင်တဲ့ အင်္ဂလိပ်စာသင်ချိန်ဆို အများစု မျက်နှာငယ်လေးတွေနဲ့  စာမေးရင်လည်း ကျက်ထားတဲ့စာလုံးလေးတွေ ထစ်ထစ်ငေါ့ငေါ့နဲ့ စာသင်ချိန်မြန်မြန် ကုန်ဖို့သာ ဆုတောင်းကြတာကို မှတ်မိပါသေးတယ်။ တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းတက်ဖို့ အတွက် ကြောက်ပြီးငြင်းဆန်တာတွေ ပြုလုပ်နေရင် စာသင်ခန်းထဲမှာ ပြဿနာတစ်ခုခုရှိနေပြီဆိုတာ သတိထားရမှာဖြစ်ပါတယ်။ ကျောင်းနေပျော်ပြီး စာတော်တဲ့၊ ထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်ဖို့အတွက် အုပ်ထိန်းသူတိုင်းက ကလေးငယ်တွေအပေါ်မှာ မသိလိုက် မသိဘာသာ လုပ်ဆောင်မိတတ်တဲ့ အမူအကျင့်၊ အပြောအဆို၊ ရိုက်နှက်ကန်ကျောက် စတာတွေကို မလုပ်မိစေဖို့နဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလုပ်ရပ်တွေ တွေ့လာရင်လည်း အဆင့်ဆင့်အကြောင်းကြားပြီး ကလေးငယ်တွေကို ကာကွယ်ပေးရမယ်လို့လည်း ကလေးများအကြမ်းဖက်မှုခံနေရမှုကို အသိပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှ အသိတစ်ယောက်က အသိပေးပြောပြပါတယ်။ 
 
တကယ်တော့ ကလေးတွေဆိုတာ နိုင်ငံရဲ့ကြယ်ပွင့်တွေ၊ မျိုးဆက်သစ်တွေပါ။ ဒါ့ကြောင့် သူတို့ရဲ့အတွေးအခေါ်၊ လှုပ်ရှားမှု၊ စိတ်ထားတွေ ကောင်းမွန်ပြီး လူပီသတဲ့သူတွေ ဖြစ်ဖို့အတွက် ဆိုဆုံးမရမှာဖြစ်ပြီး ခေါက်ရိုးကျိုး ဆုံးမနည်းဖြစ်တဲ့ ကန်ကျောက်ရိုက်နှက် ဆုံးမတာတွေအစား စာနာနားလည်မှုပေး၊ အကျိုးအကြောင်းသင့်ရှင်းပြပြီး လမ်းမှန်ကို ပြသွန်သင်မှုတွေ ပြောင်းလဲသုံးကြည့်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရနိုင်တယ်ဆိုတာ...။

Most Read

Most Recent