ရွှေပြည်တော်မျှော်တိုင်းဝေး - ၃

ရွှေပြည်တော်မျှော်တိုင်းဝေး - ၃
Published 19 July 2015
နီမင်းဆွေ

‘လူဟာ မွေးလာတုန်းက ကိုယ်တစ်ယောက်တည်း ခြေထောင်လက်ကားနဲ့ တဝါးဝါးငိုနေပြီး ကျန်တဲ့လူတွေ အားလုံးက ကိုယ့်ကိုပြုံးပြီး ကြည့်နေကြတယ်။ ဒါပေမဲ့ ကိုယ်သေတဲ့ အခါမှာ ဒီလိုပုံစံမျိုးနဲ့ သေရမယ် ဆိုရင်တော့ ရင်ကျိုးဖို့ပဲ ရှိပါလိမ့်မယ်။ ‘ငါလုပ်စရာတွေ အကုန်လုံး လုပ်ပေးခဲ့ပြီးပြီ၊ မင်းတို့ ဆက်လုပ်ကြတော့’ ဆိုတဲ့ သဘောမျိုးနဲ့ ကိုယ်က ပြုံးပြုံးကြီး လက်ပိုက်သေနေပြီး ဘေးကလူတွေ အားလုံးက ကိုယ့်ကို နှမြောလွန်းလို့ ငိုနေကြတဲ့ ပုံစံမျိုးနဲ့သာ သေသင့်ပါတယ်။ လူဟာ ဒီပုံစံမျိုးနဲ့ သေနိုင်အောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုး ထားပြီး အမိဝမ်းကကျွတ်တဲ့ အချိန်ကစပြီး သေတဲ့အချိန်ထိ ကြိုးစားအားထုတ် သွားကြရမှာ ဖြစ်ပါတယ်။ကိုယ့်ကိစ္စတွေ အဆင်မပြေရင် အများအကျိုးအတွက် တိုင်းပြည်အတွက် ဝါယမ စိုက်ထုတ်ပြီး လုပ်ဖို့ဆိုတာ လွယ်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိစ္စတွေ အရင်အဆင်ပြေအောင် လုပ်ကြရမှာပါ။ ကိုယ်ရဲ့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပြီး ရောင်းပန်းဝယ်ပန်းတွေ လှနေဖို့ ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ အရေးအခင်းတွေပေါ်မှာ သွားပြီး မူတည်နေပြန်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘဝသာယာရေးနဲ့ ကိုယ်နိုင်ငံ စည်ပင်ရေး ဆိုတာတွေဟာ တစ်ခုအပေါ်တစ်ခု အမှီသဟဲ ပြုနေကြတာမို့ လုံးလည်ချာလည်ပတ်လည် လိုက်နေကြပါတော့တယ်။ ဒါပေမဲ့ အဆင်ပြေသည် ဖြစ်စေ မပြေသည် ဖြစ်စေ လူဆိုတာ ဘဝမှာ မျှော်လင့်ချက်လေး တစ်ခုတလေလောက်တော့ ထားချင်ကြတာဟာ ဓမ္မတာပါပဲ။ လူဟာ မျှော်လင့်ချက်ဆိုတာ မရှိခဲ့ရင် ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေကို တောင့်ခံနိုင်ဖို့ အတော် ခဲယဉ်းပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ရှေးလူကြီးတွေက မျှော်လင့်ချက်ဆိုတာ လူတစ်ယောက်အတွက် နိုးနေတဲ့ အိပ်မက်နဲ့ သဏ္ဌာန်တူပြီး လူ့ဘဝရဲ့ ပျားရည်ဆိုရင်လည်း ဟုတ်တယ်လို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို မျှော်လင့်ချက်နဲ့ ရွှေပြည်တော်ကို မျှော်ကြတဲ့ နေရာမှာ နီးတဲ့အခါ ရှိသလို ဝေးတဲ့အခါလည်း ရှိကြမှာ အမှန်ပါပဲ။ဒါကြောင့် ကိုယ်တို့တစ်တွေရဲ့ လက်ရှိဘဝနဲ့ နှိုင်းစာရင် အက်ရှ်နဲ့ ဂျူလီတို့ရဲ့ရွှေပြည်တော်ဟာ မျှော်တိုင်း ပိုဝေးနေသလား ပိုနီးနေသလား ဆိုတာကို သိရအောင် သူတို့အကြောင်းကို ဆက်ပြောပြချင်ပါတယ်။ အက်ရှ်ဆီက ကနုကမာခွံနဲ့ လုပ်ထားတဲ့ ငါးရုပ်ထက်ခြမ်းပိုင်းလေးကို ဂျူလီရပြီး မကြာခင်မှာ အက်ရှ်တို့ရဲ့ ရာနဲ့ချီတဲ့ လှည်းတွေ ဆင်တွေ မြင်းတွေနဲ့ လူ ၈၀၀၀ လောက်ပါတဲ့ ယာဉ်တန်းကြီးဟာ အရိပ်အာဝါသကောင်း ရေလည်းကောင်းတဲ့ နေရာတွေ့လို့ အဲဒီနေရာမှာ သုံးရက်လောက် စခန်းချပြီး အနားယူကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စခန်းချပြီး နောက်တစ်နေ့မှာ ရာဇကုမ္မာရီနှစ်ယောက်နဲ့ အက်ရှ်တို့ဟာ အစောင့်တွေ မြင်းထိန်းတွေကိုခေါ်ပြီး စခန်းအနီးနား ပတ်ဝန်းကျင်မှာ အပျော်မြင်းစီးထွက်ကြပါတယ်။ အဲဒီအချိန်မှာ သဲမုန်တိုင်းကြီး ရုတ်တရက်ကျလာလို့ လူစုကွဲကုန်ကြပါတယ်။ အက်ရှ်နဲ့ ဂျူလီတို့နှစ်ဦးဟာ မြင်းနှစ်ကောင်နဲ့အတူ တောင်စောင်းတစ်ခုမှာရှိတဲ့ ဂူပေါက်ကြီးတစ်ခုထဲဝင်ပြီး သဲမုန်တိုင်းကို ရှောင်ပုန်းရင်း ညလုံးပေါက် ဂူထဲမှာ နှစ်ယောက်သား နေခဲ့ကြရပါတယ်။ နဖူးစာဆိုတာ ရှောင်လွှဲလို့ မရဘူး၊ မွေးကတည်းက နဖူးမှာ စာပါလာပြီးသားလို့ ရှေးလူကြီးတွေ ပြောခဲ့ကြသလို အဲဒီညမှာ အက်ရှ်နဲ့ ဂျူလီတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး နှလုံးသားချင်း ချည်နှောင်လိုက်မိကြပါတော့တယ်။နောက်နေ့မနက်မှာ ဂူထဲက ပြန်ထွက်ပြီး ကွင်းပြင်ထဲရောက်လာတဲ့ အခါမှာ ဖရိုဖရဲ ပြန့်ကျဲနေတဲ့ လူအုပ်နဲ့ ပြန်ဆုံမိကြပါတယ်။ ဘယ်သူမှ အသက်အန္တရာယ် မဖြစ်ခဲ့ကြပါဘူး။ လူအားလုံးဟာလည်း ကိုယ်စီကိုယ်ငှ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာမို့ အက်ရှ်တို့နှစ်ဦးကိုလည်း ဘာရယ်ညာရယ် သံသယ ပွားမနေနိုင်ကြတော့ပါဘူး။ ဒီလိုနဲ့ ယာဉ်တန်းကြီး ခရီးဆက်လာတဲ့အခါ ‘ဘီသော’ မြို့ကြီးကို ရောက်လာကြပါတော့တယ်။ ဒါပေမဲ့ အက်ရှ်တို့ စခန်းချနိုင်ဖို့အတွက် မဟာရာဂျာဘီသော စော်ဘွားကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ နေရာဟာ တောင်နှစ်လုံးကြားထဲမှာ ဖြစ်နေတဲ့အပြင် စော်ဘွားရဲ့ ကြီးမားလှတဲ့ ကြေးအမြောက်ကြီးတွေရဲ့ ပစ်ကွင်းအောက်မှာ ရောက်နေတယ် ဆိုတာကို တွေ့လိုက်ကြရပါတယ်။ ဒါ့ကြောင့် အက်ရှ်ရဲ့ ရင်ထဲမှာ သံသယဖြစ်သွားပါတယ်။ ထင်တဲ့အတိုင်းပဲ ခန်းဝင်ပစ္စည်းကိစ္စ လက်ဆောင်ပဏ္ဏာ ကိစ္စတွေကို ဆွေးနွေးကြတဲ့ အခါမှာ မူလသဘောတူထားပြီးဖြစ်တဲ့ လက်ဆောင်ပဏ္ဏာထက် သုံးဆပိုပေးဖို့ ဘီသောစော်ဘွားဘက်က တောင်းဆိုလာပါတော့တယ်။ အက်ရှ်တို့မှာတော့ ပိုတောင်းတဲ့ ပစ္စည်းတွေကို ပေးဖို့လည်း ပါမလာ၊ ပြန်ယူဖို့ ဆိုတာကလည်း မိုင် ၅၀၀ ခရီးမို့ အင်မတန်မှ အကျပ်ရိုက်နေကြပါတော့တယ်။ ဒီလိုရှေ့လည်း မတိုးနိုင် နောက်လည်းမဆုတ်နိုင် ဖြစ်နေရင်းနဲ့ တစ်လကျော်လောက်တောင် ကြာသွားခဲ့ပါတယ်။တစ်နေ့မှာတော့ ညနေစောင်းအချိန်မှာ အက်ရှ်ဟာ သူ့လူတွေနဲ့အတူ စော်ဘွားရဲ့ ညီလာခံကို ရောက်လာပြီး စခန်းကို လက်ရှိနေရာက ရုပ်သိမ်းပြီး နောက်ကို ဆုတ်မယ့် အကြောင်း၊ တကယ်လို့ စော်ဘွားရဲ့ အမြောက်တွေနဲ့ စခန်းကို ပစ်လားခတ်လား လုပ်လာမယ် ဆိုရင်တော့ ဗြိတိသျှ အိန္ဒိယ အစိုးရက ဘီသောပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး စော်ဘွားကြီးကိုလည်း ပြည်နှင်ဒဏ်ပေးမယ် ဆိုတဲ့ အကြောင်းကို ခပ်ပြတ်ပြတ်ပဲ ပြောချလိုက်ပါတယ်။ ဒီစကားကို ကြားလိုက်ရတဲ့ အခါမှာ စော်ဘွားနဲ့ စော်ဘွားရဲ့ အမတ်ချုပ်ကြီးသာမက ဟော်နန်းထဲမှာ အခစားဝင်နေသူတွေ အားလုံး တုန်လှုပ်သွားကြပါတယ်။ တိုတိုပြောရရင်တော့ ဒီလိုနဲ့ ဂျူလီတို့ ညီအစ်မ နှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲဟာ အထမြောက် အောင်မြင်သွားခဲ့တော့တာပါပဲ။ သုံးရက် ကျင်းပမယ့် မင်္ဂလာပွဲရဲ့ ပထမနေ့အပြီး ညနေစောင်းမှာ မိုင်ပေါင်းများစွာ မြင်းစီးလာခဲ့ရတဲ့ စေတမန်တစ်ဦး အက်ရှ်ဆီကို ရောက်လာပြီး ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်အိတ်ကို ကမ်းပေးလိုက်ပါတယ်။ အဲဒီစာဟာ ‘ရဝါပင်ဒီ’ မှာ ရှိတဲ့ ဗြိတိသျှ စစ်ဌာနချုပ်က အက်ရှ်ဆီကို ပေးပို့လိုက်တဲ့စာ ဖြစ်နေပါတယ်။ စာကို ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ အက်ရှ်ရဲ့ ဦးခေါင်းဟာ အိုးထိန်းစက်လို ချာချာလည်သွား ခဲ့ရပါပြီ။ဂျူလီတို့ရဲ့ ဌာနေဖြစ်တဲ့ ‘ကာရီကုတ်’ မှာ ကျန်ခဲ့တဲ့ မဟာရာဇာလေး ‘နန်ဒူး’ ဟာ လွန်ခဲ့တဲ့ ၁၄ ရက်က ဟော်နန်းက လက်နက်တိုက်ထဲမှာ သေနတ်တစ်လက်ကို စမ်းသပ်ကြည့်ရင်း မျက်နှာကို မတော်တဆထိမှန်ပြီး နတ်ရွာစံသွားပြီ ဖြစ်တဲ့အကြောင်း၊ အက်ရှ်တို့နဲ့အတူ ပါလာတဲ့ နန်ဒူးရဲ့ ညီတော်အရင်း ကိုယ်တော်လေး ‘ဂျိုတီ’ ဟာ စော်ဘွားအရိုက်အရာကို အမြန်ဆက်ခံရမှာ ဖြစ်တဲ့အတွက် အက်ရှ်ဟာ လူနဲ့ပစ္စည်း လိုသလောက်သာယူပြီး မြင်းတွေနဲ့ ကာရီကုတ်ကို ချက်ချင်းပြန်လာဖို့အကြောင်း စာထဲမှာ ရေးထားတာပါ။ တကယ်တော့ စော်ဘွားလေး နန်ဒူးဟာ အစ်မတော်နဲ့ ညီမတော်ကို အနားမှာ မရှိစေချင်လို့ ဝေးလံသီခေါင်လှတဲ့ အရပ်ဒေသက ဘီသောစော်ဘွားနဲ့ နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း လက်ဆက်ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တော်လေး ဂျိုတီဟာလည်း အစ်ကိုအရင်းဖြစ်တဲ့ ကာရီကုတ်စော်ဘွား နန်ဒူးက လုပ်ကြံတော့မယ် ဆိုတာကို သိနေလို့ အက်ရှ်တို့ လှည်းယာဉ်တန်းနဲ့ခိုးပြီး ဘီသောကို လိုက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်တော်လေး ဂျိုတီဟာ သူ့အစ်မတော် နှစ်ယောက်ကို ဘီသောစော်ဘွားနဲ့ လက်ထပ်ရေး ကိစ္စမှာ နဂိုကတည်းကလည်း သဘောတူခဲ့တာ မဟုတ်ပါဘူး။ တကယ်လို့ ဒီစာကို နှစ်ရက်လောက်သာ စောပြီး ရခဲ့ရင် မင်္ဂလာပွဲကို ဖျက်သိမ်းပြီး ဘီသောကနေ စတိုင်တစ်ခွဲသားနဲ့ ကာရီကုတ်ကို ပြန်လာခဲ့ကြရုံပါပဲ။ အခုတော့ စာက တစ်မြို့ကနေတစ်မြို့ အဆင့်ဆင့် ပေးပို့ရတာဖြစ်လို့ လမ်းမှာ ၁၄ ရက်တောင် ကြာသွားခဲ့ပါတယ်။ ဂျူလီနဲ့ ဒီဘဝမှာ ပြန်လည်ဆုံဆည်းနိုင်ဖို့ အခွင့်အရေးတွေ ပေါ်ပေါက်လာခဲ့ပါရက်နဲ့ အခုတော့ စာ နောက်ကျသွားတဲ့အတွက် အက်ရှ်ရဲ့ ရွှေပြည်တော်ဟာ မှုန်ဝါးလွင့်ပြယ် သွားခဲ့ရပါပြီ။အက်ရှ်ဟာ ကိုယ်တော်လေးဂျိုတီကို ကာရီကုတ်ထိ ရောက်အောင်ပို့ပြီး ရဝါပင်ဒီကို ပြန်လာခဲ့ပါတယ်။ ဝတ္ထုနဲ့ ရုပ်ရှင်ဟာ ဒီနေရာကနေစပြီး ရှေ့နောက် အစီအစဉ် အနည်းငယ် ကွဲလွဲသွားပါတော့တယ်။ ရုပ်ရှင်ထဲက ဇာတ်လမ်းအတိုင်း ဆက်ပြောပြရမယ်ဆိုရင် ရဝါပင်ဒီကို ရောက်လာတဲ့အခါမှာ အာဖဂန်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အက်ရှ်ဟာ အာဖဂန်နစ်စ္စတန်ရဲ့မြို့တော် ကဘူးလ်ကိုသွားပြီး တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ နောက်မကြာခင်မှာ အင်္ဂလိပ်-အာဖဂန် ဒုတိယစစ်ပွဲကြီး ဖြစ်ပွားလာပါတော့တယ်။ နှစ်နှစ်ကြာလို့ စစ်ပွဲကြီး ပြီးသွားတဲ့အခါမှာ အက်ရှ်ဟာ အိန္ဒိယနိုင်ငံက မာဒန်းမြို့လေးကို ပြန်ရောက်လာပါတယ်။ မာဒန်းက အိမ်မှာ ကာရီကုတ်ဟော်နန်းက သမားတော်ကြီး ရောက်နေတာကို တွေ့ရပါတယ်။ ကြင်ယာတော် ဘီသောစော်ဘွားကြီး အကြီးအကျယ် နာမကျန်းဖြစ်နေလို့ မဟာဒေဝီ ‘ရှူရှီးလာ’ က သူအားကိုးတဲ့ သမားတော်ကြီးကို အရေးပေါ် ဆင့်ခေါ်လိုက်တာ ဖြစ်ပါတယ်။ သမားတော်ကြီး ရှင်းပြလို့ တကယ်လို့ ဘီသောစော်ဘွား ကံတော်ကုန်ရင် မဟာဒေဝီ နှစ်ဦး ဖြစ်ကြတဲ့ ရှူရှီးလာနဲ့ ဂျူလီတို့ နှစ်ဦးဟာ ဘီသောစော်ဘွားကို မီးသဂြုႋဟ်တဲ့ မီးပုံထဲကို လိုက်ပြီး ခုန်ဆင်းကြရမှာ ဖြစ်ပါတယ်။ ‘ဆတ္တီး’ လို့ခေါ်တဲ့ ဒီထုံးတမ်းစဉ်လာကို ဗြိတိသျှ အစိုးရက ပိတ်ပင်ထားပြီး ဖြစ်ပေမယ့် ဘီသောပြည်နယ်ထဲမှာတော့ ဒီအမိန့်ဟာ အာဏာစက် မသက်ရောက်သေးပါဘူး။ ဒါ့ကြောင့် အက်ရှ်ဟာ သမားတော်ကြီးနဲ့အတူ မာဒန်းကနေ ဘီသောကို ခိုးကြောင်ခိုးဝှက် လိုက်သွားပြီး ဂျူလီ့ကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဘီသောကို ရောက်တဲ့အခါမှာ ညီမငယ် ဖြစ်ပေမယ့် မဟာဒေဝီကြီးဖြစ်နေတဲ့ ရှူရှီးလာဟာ ကွယ်လွန်သူ သူ့အမေ ‘ဂျာနူးဘိုင်’ ဒေဝီ ထက်ပိုပြီး ကောက်ကျစ်တယ်ဆိုတာကို သိလိုက်ကြရပါတယ်။ ရှူရှီးလာဟာ လက်ထပ်ပွဲပြီးတဲ့ အချိန်ကစပြီး အစ်မတော်ဂျူလီကို ဘီသောမဟာရာဂျာနဲ့ လုံးဝမတွေ့နိုင်အောင် အကျဉ်းချထားခဲ့ပါတယ်။ ဒါ့ကြောင့် တကယ်လို့ ယာဉ်တန်းကြီး လမ်းခရီးမှာ စခန်းချတုန်းက သဲမုန်တိုင်းကြီးသာ မတိုက်ခဲ့ဘူးဆိုရင် ဂျူလီဟာ အခုအချိန်ထိ အပျိုစင်တစ်ဦးအဖြစ် ရှိနေဦးမယ် ဆိုတာကို အက်ရှ် သိလိုက်ရပါတယ်။ နောက်မကြာခင်မှာ ဘီသောစော်ဘွား ကွယ်လွန်သွားပါတယ်။ ရှူရှီးလာဟာ ကိုယ်တိုင်ဆတ္တီးလုပ်မှာ ဖြစ်ပေမယ့် ရုရှားသွေးစပ်တဲ့ မဟာဒေဝီငယ်ဖြစ်သူ အစ်မတော်ဂျူလီ့ကို သူနဲ့အတူလိုက်ပြီး ဆတ္တီးလုပ်ခွင့် မပေးပါဘူး။ မီးသဂြုႋဟ်ပွဲပြီးတဲ့ အချိန်မှာ ဂျူလီရဲ့ မျက်လုံးနှစ်လုံးကို သံပူနဲ့ကပ်ဖောက်ပြီး ဟော်နန်းထဲမှာ ဒုက္ခိတအဖြစ် တစ်သက်လုံးနေသွားရအောင် လုပ်ဖို့ကိုသာ အမတ်ချုပ်ကြီးကတစ်ဆင့် ရှူရှီးလာက စနစ်တကျ အမိန့်ပေးထားခဲ့တာပါ။ အက်ရှ်ဟာ နောက်ဆုံးမှာတော့ ဂျူလီ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းခန်း ပြကွက်မှာတော့ အက်ရှ်နဲ့ ဂျူလီတို့နှစ်ဦးဟာ ဟိမဝန္တာ တောင်တန်းကြီးတွေပေါ်မှာ မြင်းကိုယ်စီနဲ့ စီးသွားကြတာကို တွေ့လိုက်ကြရပါတယ်။ လူ့ဘဝရဲ့ အဆိုးယုတ်ဆုံး ပြစ်မှုဖြစ်တဲ့ မတရားမှုတွေ အကောက်ကြံမှုတွေ မလိုမုန်းထားမှုတွေနဲ့ ကင်းဝေးရာ မျှော်လေတိုင်းဝေးခဲ့ရတဲ့ ‘ဒူးရ်ခိုင်မာ’ တောင်တန်းကြီးတွေပေါ်က ရွှေပြည်တော်ရှိရာဆီကို သူတို့နှစ်ဦး ထွက်ခွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ရုပ်ရှင်က အဲဒီလို ဇာတ်သိမ်းသွားခဲ့ပေမယ့် ရုပ်ရှင်ထဲမှာ ပြောပြမသွားခဲ့တဲ့ အခက်အခဲတွေကတော့ အက်ရှ်နဲ့ ဂျူလီတို့ ဘဝထဲမှာ တစ်ပုံတစ်ပင်ကြီး ရှိနေကြပါသေးတယ်။ အဲဒါကတော့ ဟိန္ဒူမုဆိုးမဖြစ်တဲ့ ဂျူလီ့အနေနဲ့ နောက်အိမ်ထောင်ပြုခွင့် မရှိဘူးဆိုတဲ့ ဥပဒေ အဲဒီတုန်းက အိန္ဒိယမှာ အခိုင်အမာ ရှိနေတယ် ဆိုတာရယ်၊ နောက်ကနေ တကောက်ကောက်လိုက်ပြီး လုပ်ကြံဖို့ ကြိုးစားနေကြတဲ့ ဘီသောကလူတွေရဲ့ အန္တရာယ်ကနေ လွတ်ကင်းအောင် ဂျူလီ မနည်းကြိုးစား ပုန်းရှောင်နေရမယ် ဆိုတာရယ်၊ အက်ရှ်အနေနဲ့ ဘာသာမတူတဲ့သူကို လက်ထပ်ရင် နယ်ခြားစောင့်တပ်က ထွက်ရမယ်ဆိုတဲ့ ဥပဒေ ရှိနေတယ် ဆိုတာတွေရယ်နဲ့ အက်ရှ်နဲ့ဂျူလီတို့ အခုသွားနေကြတဲ့ ရွှေပြည်တော်လို့ တင်စားထားကြတဲ့ ငြိမ်းချမ်းတဲ့ရွာလေးဟာ ဟိမဝန္တာတောင်တန်းပေါ်မှာ တကယ်ရှိနေ မနေ မသေချာတာတွေရယ်ကြောင့်ပါပဲ။ အဲဒီရွာလေး ရှိတယ်ဆိုတာကို အက်ရှ်တောင်မှ အမေသီတာပြောလို့ သိခဲ့ရတာပါ။ အမေသီတာ ကိုယ်တိုင်ကလည်း သူများပြောတာသာ ကြားဖူးတာပါ၊ သူကိုယ်တိုင် အဲဒီရွာလေးကို တစ်ခေါက်မှ မရောက်ဖူးခဲ့ပါဘူး။ အက်ရှ်ကလေးဘဝက အိပ်ပျော်အောင် ချော့သိပ်ရင်း ကြားဖူးနားဝတွေကို ပြောမိပြောရာ ပြောနေရင်းနဲ့ အဲဒီရွာလေး တကယ်ရှိတယ်လို့ အမေသီတာက ထင်နေခဲ့တာ ဖြစ်ပါတယ်။လူ့ဘဝမှာ အကောက်ကြံမှုတွေ မတရားမှုတွေနဲ့ ကင်းဝေးတဲ့နေရာ ဆိုတာ မရှိနိုင်ပါဘူး။ ကိုယ့်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံမှာ အဲဒီလို မကောင်းမှုတွေ နည်းနိုင်သမျှ နည်းသွားအောင် ကိုယ်အသက်ရှင်နေတုန်း ကြိုးစားအားထုတ်သွားဖို့က လူတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဖြစ်စဉ်မှာ ရွှေပြည်တော်ကို ဝုန်းခနဲ ဒိုင်းခနဲ ရောက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုချက်ချင်း မရောက်ရကောင်းလားဆိုပြီး စိတ်တိုနေဖို့လည်း မသင့်ပါဘူး။ ‘ဒီလောက်တောင် ရှိတာသွားကွာ’ ဆိုပြီးတော့လည်း ဥပက္ခာပြုလို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေး လုပ်တဲ့နေရာမှာ နှလုံးသားရဲ့ ဆန္ဒကို ဦးစားပေးမိတာနဲ့ အမှားတွေ ဆက်တိုက်ကြုံတွေ့လာတတ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို လွှာသုံးပြီး စိတ်ရှည်ရှည်နဲ့ တည်ဆောက်ကြရမှာပါ။ အဲဒီလို တည်ဆောက်ပြီး ရှေ့မတိုးနိုင်သေးတဲ့ အချိန်မှာ ရထားတဲ့ ခြေကုပ်ပြုတ်ထွက်မသွားအောင် အထူးသတိထားကြရပါမယ်။ လူတိုင်း အဲဒီလို သဘောထားပြီး လုပ်ကြပါမှ သင့်တော်တဲ့ ရွှေပြည်တော်တစ်ခုကို ရောက်နိုင်ကြမှာဖြစ်ပြီး အခုလက်ရှိဘ၀ ကိုယ်သေသွားတဲ့ အခါမှာလည်း ပြုံးပြုံးလေးနဲ့ သေနိုင်ကြမှာ ဖြစ်ပါတယ်။

Most Read

Most Recent