၁၉ ဇူလိုင် မမေ့နိုင်

၁၉ ဇူလိုင် မမေ့နိုင်
Published 19 July 2015
နီငြိမ်း

ဝါဆိုမိုးလေးများ တဖွဲဖွဲ ရွာကောင်းဆဲပင်။ ဇူလိုင်လ (၁၉) ရက်နေ့ ရောက်လာသဖြင့် ဗိုလ်ချုပ်တို့ကို လွမ်းမောတမ်းတနေမိသည်။ ဆုံကြုံနေသဖြင့် မြန်မာ့နိုင်ငံရေးကို အကျဉ်းမျှတင်ပြပါမည်။ အင်္ဂလိပ်တို့သည် မြန်မာတစ်နိုင်ငံလုံးကို စစ်သုံးကြိမ်ပြုကာ ၁၈၈၅ ခုနှစ်တွင် အပြီးအပိုင် သိမ်းယူသွားခဲ့ကြသည်။ သို့တစေ တိုင်းရင်းသားပေါင်းစုံက ရရာလက်နက် ကိုင်စွဲပြီး နယ်ချဲ့ကိုဆန့်ကျင်တိုက်ခိုက်ခဲ့ကြ၏။
 
ဗိုလ်ချုပ်ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဟိုင်နန်ကျွန်းပေါ်တွင် စစ်ပညာများကို အပတ်တကုတ် သင်ယူ၍ မြန်မာနိုင်ငံတွင်း ပြန်ဝင်လာခဲ့ကြသည်။ ၁၉၄၅ ခု၊ မတ်လ ၁၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို မောင်းထုတ်ခဲ့သည်။ 
ဖက်ဆစ်များ ပြေးလျှင် မြန်မာနိုင်ငံတွင်းသို့ အင်္ဂလိပ်တို့ ပြန်ဝင်လာသည်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ကိုင်တွယ်ခဲ့သည်။ မြန်မာတစ်မျိုးသားလုံးက လက်မခံသဖြင့် ၁၅-၁၀-၁၉၄၅ တွင် အင်္ဂလိပ်တို့၏ စစ်အုပ်ချုပ်ရေးမှာ ရပ်ဆိုင်းသွားခဲ့ပါသည်။
 
ထို့နောက်မှာ အင်္ဂလိပ်တို့က ဆင်းမလားစီမံကိန်းခေါ် စက္ကူဖြူစီမံကိန်းဖြင့် ဗမာပြည်ကို အုပ်ချုပ်ပြန်သည်။ နိုင်ငံသားတစ်သိန်းကျော် ဝိုင်းဝန်းဆန္ဒပြသဖြင့် ဆာရယ်ဂျီနယ်ကရက်ဒေါက် ပြုတ်ကျ၍ ဆာဟူးဘတ်ရန့် တက်လာသည်။ ၁၉၄၇ ခု ဇန်နဝါရီလတွင် ဗိုလ်ချုပ်နှင့် သခင်မြ၊ ဦးတင်ထွတ်၊ ဦးစောတို့ အင်္ဂလန်သို့သွား၍ လွတ်လပ်ရေးအကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ ပြန်လာသောအခါ ဗိုလ်ချုပ်က တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်ဟုပြောသည်။ ဤသို့ဖြင့် ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့၏။
 
ဦးစောတို့အဖွဲ့လှုပ်ရှားလာပြီ
 
ဦးစောသည် အင်္ဂလိပ်အလိုတော်ရိ နယ်ချဲ့သစ္စာဖောက်ဖြစ်၏။ “မျိုးချစ်ပါတီ” ကို ထူထောင်ပြီး တစ်နိုင်ငံလုံး ဂဠုန်တပ်ဖွဲ့များ ဖွဲ့ခဲ့သည်။ ၁၉၄၇ ခု ဧပြီလတွင် ဗိုလ်ချုပ်က အမတ် ၂၄၈ နေရာရ၍ မဲနိုင်ရာ ဦးစောမှာ ဒေါသူပုန်ထတော့သည်။ ဗိုလ်ချုပ်က လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့၏။ ဦးစောအဖွဲ့ကမူ ဒိုမီနီယံအုပ်ချုပ်ရေးကိုသာ တောင်းသည်။ ဗိုလ်ချုပ်သာ နိုင်ငံရေးလောကတွင် ရှိနေလျှင် ဦးစော လူတွင်ကျယ်လုပ်နိုင်မည် မဟုတ်။
သို့နှင့် ဦးစောသည် လက်နက်လူသူများကို အတွင်းကျိတ် စုစည်းခဲ့သည်။ အင်္ဂလိပ်နှင့်ပေါင်းကာ “ပြည်သိမ်းစီမံချက်”တစ်ခုရေး ဆွဲခဲ့သည်။ ယင်းစီမံချက်တွင်
 
- လက်နက်ခဲယမ်းများ အမြန်စုစည်းရေး
 
- ငွေကြေးရန်ပုံငွေများ ရှာဖွေရေး
 
- ရရှိသောလက်နက်ခဲယမ်းများအား လျှို့ဝှက်၍ ဂဠုန်တပ်ဖွဲ့များထံ အပ်နံှရေး။
 
ဤစီမံချက်ကို အကောင်အထည်ဖော်ရန် မေဂျာယန်း၊ ဗွီဗွီယန်းတို့နှင့်အတူ ဗိုလ်တထောင် BOD မှ လက်နက်ခဲယမ်းများ ခိုးထုတ်ခဲ့သည်။ အေဒီဒေးဗစ်ဟု လျှို့ဝှက်အမည်သုံး၍ ခဲယမ်းများ ထုတ်ခဲ့သည်။
 
ထုတ်ယူခဲ့သောလက်နက်များမှာ စတင်းဂမ်းကြီး ၂၀၀၊ ပြောင်းတို ၂၀၀၊ ၎င်းကျည် ၈၀၀ ထုတ်သည်။ မင်္ဂလာဒုံ ပင်မခဲယမ်းမီးကျောက်တပ် CAD မှ ၃၀၃ ရိုင်ဖယ်ကျည် တစ်သိန်း၊ စတင်းဂန်းကျည် ၂၅၀၀ လက်ပစ်ဗုံးအလုံး ၂၀၀ ခိုးထုတ်သွားသည်။ 
 
အာဇာနည်ကြီးများအား လုပ်ကြံခြင်း
 
လုပ်ကြံရေးခေါင်းဆောင်မှာ ဦးစောပင် ဖြစ်၏။ သူ့နောက်တွင် သက်နှင်း၊ မောင်စိုး၊ မှုံကြီး၊ ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်တို့ အဖွဲ့ရှိနေသည်။ စိန်ကြီးမှာ ကြို့ပင်ကောက်သားဖြစ်၍ ဂျပန်ခေတ်က ရဲဘော်ဟောင်းဖြစ်၏။
 
မှုံကြီးကား အုတ်ဖိုအနီးတစ်ဝိုက်တွင် လှုပ်ရှားနေသော ဂဠုန်တပ်ဖွဲ့ဝင်ဖြစ်သည်။ ဖော်ကောင်ဘညွန့်မှာ အိုးသည်ကုန်းတရားရုံးမှ ရှေ့ဖတ်စာရေးဖြစ်၏။ သူက ဥပဒေကို နားလည်ပြီး ဖော်ကောင်လုပ်ခဲ့သည်။ ဘညွန့် သည် ဤအမှုတွင် ဖော်ကောင်လုပ်ခဲ့၍ နာမည်ကြီးသွားသည်။
 
ဘယ်လိုလုပ်ကြံခဲ့သလဲ
 
ဦးစောက သတင်းပေါက်ကြားမည်စိုး၍ တပည့်အားလုံးကို  လက်သပ်မွေးမြူ စောင့်ရှောက်ထားသည်။ ဘီယာ၊ ရမ်များ တိုက်ကျွေးကာ အပြင်သို့ ပေးမထွက်ခဲ့ပါ။ ၁၂ နံပါတ် ယူနီဖောင်းအစိမ်း ပန်းတံဆိပ်အုပ်ယူနီဖောင်းများ ဆင်ယင်ထားသည်။
 
ရန်ကြီးအောင်မှာ ဦးစော၏ တူအရင်း ဖြစ်၏။ သက်နှင်းမှာ ကျိုက်လတ်သား တပည့်ကြီးဖြစ်၏။ စစ်ဖိနပ်စီးလျှင် လေးပင်၍ အားလုံးကို ကင်းပတ်ဖိနပ်သာ ပေးစီးခဲ့သည်။ ဦးစောသည် AD လမ်းနေအိမ်တွင် တပည့်များနှင့်အတူ သောက်စား၍ ပျော်ပါးနေသည်။
 
ဇူလိုင် ၁၉ ရက်နံနက်က မိုးတဖွဲဖွဲရွာနေချိန်တွင် သုခ မောင်းသော ဂျစ်ကားလေးမြို့ထဲသို့ ထွက်သွားသည်။ ဝန်ကြီးများရုံးသို့ ရောက်လျှင် မောင်စိုး၊ သက်နှင်း၊ စိန်ကြီး၊ ရန်ကြီးအောင်တို့ ရုံးပေါ်ပြေးတက်သွားသည်။ ဗိုလ်ချုပ်က ပစောက်ပုံ စားပွဲရှည်ကြီးထိပ်တွင် စကားပြောနေသည်။ မောင်စိုးက ရှေ့ဆုံးမှ တက်ကာ အစောင့်ရဲဘော်ကို တွန်းဖယ်ထားခဲ့သည်။ ရန်ကြီးအောင်က နောက်မှကပ်လိုက် လာပြီး “ပစ်ပစ်..ပစ်..ပစ်” ဟု ဗိုလ်ချုပ်ကို လက်ညှိုးထိုး၍ ပြောသည်။ ဗိုလ်ချုပ်ကိုယ်တွင် ကျည် ၁၃ ချက် ထိမှန်သွားသည်။ အချိန်မှာ နံနက် ၁၀ နာရီ ၃၇ မိနစ် ထိုးခဲ့လေပြီ။
 
သစ္စာဖောက်တို့၏ လက်ချက်ကြောင့် ဗိုလ်ချုပ်နှင့်အတူ သခင်မြ၊ ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ ဦးရာဇာတ်၊ မန်းဘခိုင်အပြင် သက်တော်စောင့် ကိုထွေး၊ အတွင်းဝန် ဦးအုံးမောင်တို့ ကျဆုံးကုန်သည်။ ဗိုလ်ချုပ်ကို လုပ်ကြံရာတွင် အင်္ဂလိပ်တို့ပါသည်။ ပစ်ခတ်နေချိန် CID ရုံးအောက်၌ တောင်ပိုင်းတိုင်းမှူး ပီရာနက်တို့ရှိနေသည်။ ဗိုလ်ချုပ်တို့ ပစ်ခတ်ခံရမှုမှာ ခဏချင်းပင် ပြန့်သွားခဲ့လေသည်။
 
ဦးစောတို့ကိုဖမ်းပြီ
 
ပစ်ခတ်မှုပြီးသည်နှင့် မောင်စိုးတို့ဂျစ်ကားလေး AD လမ်း ပြန်မောင်းသွားခဲ့သည်။ ပျော်ပါးအော်ဟစ်နေရာ ဦးစောက ငြိမ်ဆိမ်စွာနေရန် သတိပေးခဲ့သည်။ ညနေ ၃ နာရီထိုးအပြီးတွင် လုံခြုံရေးရဲတပ်ဖွဲ့များ ဦးစောအိမ်ကို ဝိုင်းထားသည်။ ဦးစော၏ အိမ်ခန်း အားလုံးရှာဖွေပြီး လူ ၃၀ ကိုဖမ်းကာ အင်းစိန်ထောင်သို့ ချက်ချင်းပို့လိုက်သည်။
 
တရားခံအချို့ကို ဘားလမ်းအချုပ်ထောင်သို့ ခွဲပို့ခဲ့သည်။ ဦးစောတို့အဖွဲ့ကို တရားဝန်ကြီး ဦးကျော်မြင့်ဦးစီးသော အထူးခုံရုံးဖြင့်စစ်သည်။ ဦးစောအိမ်မှရသော တော်မီဂန်းသုံးလက်၊ စတင်းဂန်းနှစ်လက်မှာ သက်သေဖြစ်၏။ အထူးခုံရုံးက လိုပြသက်သေ ၇၈ ဦး၊ တရားခံပြသက်သေ ၃၅ ဦးကို ၃၇ ရက် လုံးလုံး စစ်ဆေးသည်။
 
ဦးစောကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချသည်။ မေလ ၈ ရက်နေ့စောစောတွင် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မှုံကြီးတို့ကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း တင်ပြရပါသည်။
 
ကျမ်းကိုး
-သုတပဒေသာပြန်ကြားရေး
- ဟိန်းဇေ၏ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ

Most Read

Most Recent