၁၉ ဇူလိုင် မမေ့နိုင်

၁၉ ဇူလိုင် မမေ့နိုင်
Published 19 July 2015

၁၉ ဇူလိုင် မမေ့နိုင်
 
 
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားနှင့်၊ ပြောချိန်တန်ပြီ
လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ
ဖျက်ဆီး ကြံရွယ်၊ အန္တရာယ်သည်
မဖွယ်မရာ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း ။
 
ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း ။
 
အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့်
လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု၊ တိုင်းပြည်ပြုတို့
ကျခဲ့မကောင်း၊ ကျခဲ့ကြောင်း ။
 
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊ မင့်သားကောင်းကို
အကြောင်းစုံသိ၊ မင်းဝန်ရှိ၏
ရှိပါကတဲ၊ သူ့စိတ်ထဲ၌
တိတ်စွဲသောက၊ စွဲဒေါသတို့
မကြွစေချင်၊ ပြေစေချင်၏
ပညာအသိ၊ သတိဖြစ်ရေး
အတွေးမှန်ကန်၊ နိုင်ငံလူထု
ကိုသာရှု၍
ပြုစေချင်ဘိ၊ ပြုပါဘိ ။         ။
 
ဆရာဇော်ဂျီ
(အာဇာနည်နေ့ ဆန္ဒမှ)
 
 
အာဇာနည်တို့၏ မှတ်တမ်းအကျဉ်း
 

 
■ ဗိုလ်ချုပ်အောင်ဆန်း
 
။ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မကွေးခရိုင် နတ်မောက်မြို့၌ ဖွားမြင်သည်။
 
။ ၁၉၃၂ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲကို ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ 
 
။ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် Burma and Buddhism  ဆောင်းပါးနှင့် မေ၊ ဇူလိုင်လထုတ် မဂ္ဂဇင်းများတွင် Freedom of Dress in School ဆောင်းပါးကိုရေးခဲ့သည်။  တ -က -သ  အမှုဆောင်ရွေးကောက်ပွဲ ဝင်ရောက်အရွေးခံခဲ့ပြီး ပြန်ကြားရေးတာဝန်ခံနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ဖြစ်လာသည်။ 
 
။ ၁၉၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်းတွင် စာရေးဆရာညိုမြ (ကလောင်အမည် - ယမမင်း) ရေးသားသော “ငရဲခွေးကြီးလွတ်နေသည်”ဆောင်းပါးအတွက်  ဖြေရှင်းချက်ပေးရန် တက္ကသိုလ်အာဏာပိုင်တို့၏ တောင်းဆိုချက်အား ငြင်းပယ်ခဲ့သည်။ ၁၉၃၆  ခုနှစ်တွင် တက္ကသိုလ်မှ သုံးနှစ် ထုတ်ပယ်ခံရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကို စတင်တည်ထောင်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည်။
 
။ သမိုင်းမှတ်တမ်းကောင်းများစွာကို ချန်လှပ်ခဲ့သော ကိုအောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် သခင်လှမြိုင်နှင့် အတူ မြန်မာနိုင်ငံမှ စတင်ထွက်ခွာကာ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဖ-တ-ပ ကို ဗမာ့တပ်မတော် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ ပါဝင်သော အဖွဲ့ချုပ်အဖြစ် စတင်ဖွဲ့စည်းခဲ့ရာတွင် ဗဟိုဦးစီးအဖွဲ့၊ ဗဟိုစစ်ကောင်စီ၊ စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။ 
 
။ ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် အရှေ့တောင်အာရှဆိုင်ရာ စစ်သေနာပတိ လူးဝစ်မောင့်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် သီရိလင်္ကာသို့ သွားရောက်ခဲ့သည်။ 
 
။ ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် နန်းရင်းဝန် မစ္စတာအက်တလီကို သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် လုပ်ကြံမခံရမီအချိန်ထိ မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းမှတ်တမ်းကောင်းများစွာကို ချန်ထားခဲ့သည်။
 
။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သော ဖဆပလမှကြီးမှူး ကျင်းပသည့် မြန်မာနိုင်ငံရေးရှင်းတမ်း လူထုအစည်းအဝေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
။ လုပ်ကြံခံရချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသည်။
 

 
■  ဦးဘဝင်း
 
။ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်းဖြစ်ပြီး ၁၉၀၁ ခုနှစ် ဇွန် ၁၁ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့သူ ဖြစ်သည်။
 
။ ၁၀ တန်းအောင်ပြီး သင်္ချာဘာသာပြဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၉ ခုနှစ်၌ မန္တလေး ဥပစာကောလိပ်တွင် ICS (သိပ္ပံဥပစာတန်း) တက်ရောက်ကာ ၁၉၂၇ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်သည်။ 
 
။ ၁၉၄၁-၄၂ ခုနှစ်တွင် ဖြူးမြို့ရှိ KEM အမျိုးသားကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သည်။  ရေနံချောင်းမြို့ ဖဆပလဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တာ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီတွင် ပါဝင်ခဲ့သည်။
 
။ လုပ်ကြံခံရချိန်တွင် အသက် ၄၆ နှစ် ဖြစ်သည်။
 

 
■  ဒီးဒုတ်ဦးဘချို
 
။ ၁၈၉၃ ခုနှစ် ဧပြီ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ 
 
။ မြောင်းမြဇာတိဖြစ်သည်။
 
။ အသက် ၂၀ အရွယ်တွင် မျက်စိဝေဒနာကြောင့် ဘီအေ အထက်တန်းမှ ကျောင်းထွက်ခဲ့ရပြီး ပေါင်းတည်မြို့ အစိုးရကျောင်းတွင် ကျောင်းဆရာ လုပ်ခဲ့သည်။ ထို့နောက် ဟင်္သာတ အစိုးရကျောင်းတွင် ပါဠိဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကဗျာ၊ စာပေ ဝါသနာပါသူဖြစ်ပြီး နှစ်ပါးကြည်ဂျာနယ်၊ ဗန္ဓုလဂျာနယ်နှင့် သတင်းစာများ၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။ 
 
။ မြန်မာ့ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီးနောက်  ၁၉၂၅ ခုနှစ်တွင် ဒီးဒုတ်ဂျာနယ်ကို ကိုယ်တိုင်ဦးစီး ထုတ်ဝေခဲ့သည်။ 
 
။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းရန်အတွက် ဖဆပလအဖွဲ့ချုပ် ဖွဲ့စည်းသောအခါပါဝင်ခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ ဝင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ ဆောင်ရွက်ခဲ့သည်။
 
။ လုပ်ကြံခံရချိန်တွင် အသက် ၅၄ နှစ် ရှိပြီ ဖြစ်သည်။
 

 
■ သခင်မြ
 
။ ၁၈၉၇ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။
 
။ ၁၉၂၀-၂၁  ခုနှစ် အသက် ၂၃ နှစ်အရွယ်တွင် ရန်ကုန်ကောလိပ်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။  သခင်မြသည် ကိုလိုနီနယ်ချဲ့များ၏ ပညာရေးကို မနှစ်သက်၍ မျိုးချစ်လူငယ်များ ထူထောင်သော အမျိုးသားကျောင်းတစ်ခုဖြစ်သည့် ကြည့်မြင်တိုင်အမျိုးသားကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့ဖူးသည်။
 
။ ၁၉၃၇ ခုနှစ်တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်ဖြစ်ခဲ့ပြီး  တို့ဗမာအစည်းအရုံး ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့မှဥပဒေပြုလွှတ်တော်သို့ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ရွေးကောက်ခံရသူူဖြစ်သည်။
 
။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။
 
။ ၁၉၄၅ ခုနှစ် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု အမည်ပြောင်းဖွဲ့စည်းရာတွင် သခင်မြက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
 
။ ၁၉၄၆  ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည်။ 
 
။ လုပ်ကြံခံရချိန်တွင် အသက် ၅၀ ရှိပြီဖြစ်သည်။
 

 
■ ဦးရာဇတ်
 
။ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်  မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။
 
။ တက္ကသိုလ်ဝင်တန်းကို ၁၉၁၂ ခုနှစ်တွင် အောင်မြင်ပြီး ဥပစာဝိဇ္ဇာဒုတိယနှစ်တွင် မစ္စတာဘိုင်မြား၏ အင်္ဂလိပ်စာစီ စာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ပထမရွှေတံဆိပ်ဆု ရရှိခဲ့သည်။ 
 
။ ၁၉၂၀ ပြည့်နှစ်မှစ၍ အင်္ဂလိပ်အစိုးရကို တော်လှန်ရာတွင် ပါဝင်ခဲ့ပြီး မန္တလေးဗဟိုအမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ 
 
။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကို ပြန်လည်ဖွင့်လှစ်ရန် စွမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥဒေရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ 
 
။ လုပ်ကြံခံရချိန်တွင် အသက် ၄၉ နှစ်ရှိပြီ ဖြစ်သည်။
 

 
■ မန်းဘခိုင်
 
။ ၁၉၀၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ဟင်္သာတခရိုင် ယုန်တလင်းရွာ၌ မွေးဖွားခဲ့သည်။
 
။ ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ကရင်-ဗမာချစ်ကြည်ရေးကို ကြိုးပမ်းတည်ဆောက်ခဲ့သူ ဖြစ်သည်။
 
။ ဖဆပလအဖွဲ့တွင် ဗဟိုအမှုဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ 
 
။ လုပ်ကြံခံရချိန်တွင် အသက် ၄၄ နှစ် ရှိပြီဖြစ်သည်။
 

 
■ မိုင်းပွန်စော်ဘွား စဝ်စံထွန်း
 
။ ၁၉၀၇ ခုနှစ် မေ ၃၀ ရက်တွင် ဖွားမြင်သည်။ 
 
။ တောင်ကြီးဇာတိဖြစ်သည်။
 
။ အထက်တန်းအောင်မြင်ချိန်တွင် ရဲအတတ်သင် ကျောင်းတက်ခဲ့သည်။ ၁၉၂၈ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် စော်ဘွားအဖြစ် ခံယူသည်။
 
။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကြိုးပမ်းမှု တောင်တန်း-မြန်မာ ပူးပေါင်းရေး အောင်မြင်ရန် ကူညီခဲ့သူဖြစ်သည်။
 
။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
 
။ ကွယ်လွန်ချိန်တွင် အသက် ၄၀ နှစ် ရှိပြီဖြစ်သည်။
 

 
 ■ ဦးအုန်းမောင်
 
။ ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မွေးဖွားခဲ့သည်။
 
။ မင်းဘူးဇာတိဖြစ်သည်။
 
။ ၁၉၃၄ ခုနှစ်တွင် ဝိဇာတန်းအောင်၍ ၁၉၃၇ ICS စာမေးပွဲဖြေဆိုသူ သုံးဦးအနက် ပထမရခဲ့သည်။ 
 
။ ၁၉၃၉ ခုနှစ်တွင် မန္တလေးအရှေ့ပိုင်း နယ်ပိုင်ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး  ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခံရကာ လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။
 
။ ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်သာ ရှိသေးသည်။
 

 
 ■ ရဲဘော် ကိုထွေး
 
။ ၁၉၂၉ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး မန္တလေးဇာတိ ဖြစ်သည်။
 
။ ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။
 
။ လုပ်ကြံခံရချိန်၌ အသက် ၁၈ နှစ်သာ ရှိသေးသည်။
 
 
အကိုးအကား ။     ။ မင်းပုည၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ
 

 

 

 

 
 

 

Most Read

Most Recent