စိန်ခေါ်နေသော လူမှုဒုက္ခများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

စိန်ခေါ်နေသော လူမှုဒုက္ခများနှင့် ၂၀၁၅ ရွေးကောက်ပွဲ
Published 13 July 2015
ကိုသိန်း (ကျောက်ကြီး)

နိုင်ငံအရေးအရာတွေနဲ့ ပတ်သက်လာရင် နိုင်ငံရေးသမားတွေ မဆိုထားနဲ့ လင်မယား အချင်းချင်းတောင် အယူအဆတွေ၊ အတွေးအခေါ်တွေဟာ မတူညီနိုင်ကြပါဘူး။ စီးပွားရေးကလွဲပြီး နိုင်ငံရေးကို ဘာမှ နားမလည်သူ၊ စိတ်မဝင်စားသူ စာရေးသူရဲ့ အမျိုးသမီးက လက်ရှိ ဖြစ်ပျက်လာတဲ့ အနေအထားတွေကို ကြည့်ပြီး စာရေးဖို့ သိပ်မလိုလားပဲ ကိုယ့်စီးပွားရေး ကိုယ်လုပ်ပြီး အေးအေးဆေးဆေးနေဖို့ ပြောပါတယ်။ ရှင်တစ်ယောက်တည်းလုပ်လို့ နိုင်ငံကြီး ကောင်းစားသွားရင် ထောင်ကျကျ တန်းကျကျ လုပ်ပစ်စမ်းပါလို့လည်း ဆက်ပြီး ပြောလိုက်ပါသေးတယ်။ ပြီးတော့ သူက သူတို့တွေဟာ သူတို့အကျိုးစီးပွားနဲ့ သူတို့ရဲ့နေရာ တည်မြဲဘို့ အာဏာတည်မြဲဖို့ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ သူတွေ၊ ဘာကိုမှ မကြောက်တဲ့သူတွေ ဖြစ်တဲ့အကြောင်း ဆရာမောင်သော်ကတို့၊ ဆရာကြီး ဦးဝင်းတင်တို့လည်း ဒီလိုနဲ့ပဲ အသက်တွေကြီးပြီး အတိုက်အခံ လုပ်ခဲ့ပေမယ့် နောက်ဆုံး တိမ်းပါးခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ အမျိုးမျိုး လှည့်ကွက်တွေဆင်ကာ အချိန်တွေဆွဲပြီး အိုမင်းမစွမ်း ဖြစ်တဲ့အထိ ဒုက္ခအမျိုးမျိုး ပေးနေဦးမည့်အကြောင်း၊ ရှေ့ဆက်ပြီးလည်း လှည့်ကွက်တွေ အမျိုးမျိုး ထွင်နေကြမှာ မြင်ယောင်နေကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။စတုတ္ထမဏ္ဍိုင် မီဒီယာတွေက အစိုးရရဲ့ အားနည်းချက်တွေ ပွင့်လင်းထင်သာမြင်သာမှု မရှိတာတွေကို စာမျက်နှာတွေပေါ်ကတစ်ဆင့် ဝေဖန်ထောက်ပြကြ၊ ပြည်သူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမားတွေက မြေပြင်ပေါ်ကနေ တရားမျှတမှု မရှိတာတွေကို တရားစွဲခံ ထောင်ကျခံပြီး ဆန္ဒထုတ်ဖော်ကြ၊ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေကလည်း သူတို့ တတ်နိုင်သရွေ့ လွှတ်တော်အတွင်းကနေ အဆိုတွေ တင်သွင်းခဲ့ကြပေမယ့် အဓိက ပြည်သူတွေ လိုလားချက်တွေ၊ အတိုက်အခံနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်သွင်းခဲ့တဲ့ အဆိုတွေဟာ ယနေ့အချိန်အထိ ထင်ထင်ရှားရှား ပြောပြလောက်တဲ့ အနေအထားမျိုးတွေ ဘာတစ်ခုမှ မရှိခဲ့တာဟာလည်း ထင်ရှားလှတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် လက်ရှိ အစိုးရတက်ခါစမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်သူတွေက အများကြီး မျှော်လင့်ထားခဲ့ကြပါတယ်။ သို့သော်လည်း အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ မူလလားရာ ဇာတိမာန်တွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တွဲလာတဲ့ အဆုံးအဖြတ်တွေ၊ နောင်ဖြစ်တည်လာမယ့် နိုင်ငံရေး အနာဂတ်အတွက် ကျရောက်လာမယ့် အဆိုးအကောင်းတွေကြောင့် မူလကြွေးကြော်သံများ ပျက်ပြယ်ပြီး အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ကတိမတည်တဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်လာတဲ့အတွက် ပြည်သူအများစုဟာ လူမှုဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေဟာ ကျဉ်းထဲကျပ်ထဲ ရောက်ရှိလာအောင် တွန်းပို့ခံနေတဲ့ အနေအထားမျိုးဆီ ရောက်ရှိနေချိန် ဖြစ်ပါတယ်။တိုင်းပြည်ကို ၂၆ နှစ်ကြာအောင် ထင်သလိုခြယ်လှယ် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ အနေနဲ့ လမ်းပြမြေပုံ ၇  ချက်အရ အသွင်ကူးပြောင်းရေးအတွက် အရပ်သားအစိုးရ ဖွဲ့စည်းပေးခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ပြုပြင်ပြောင်းလဲရေးအချို့ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံ NLD ပါတီကို လွှတ်တော်ထဲ ရောက်ရှိစေခဲ့ပြီး လွှတ်တော်နှစ်ရပ်နဲ့အတူ ‘ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ’ ဆိုတဲ့ ဆောင်ပုဒ်တွေကို ကိုင်စွဲကာ ပြည်သူ့အကျိုးစီးပွားတွေကို တတ်နိုင်သရွေ့ အကောင်အထည် ဖော်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည် ဖော်ပေးနေကြတဲ့ အစိုးရ အဖွဲ့နဲ့ လွှတ်တော်နှစ်ရပ်ဟာ စစ်အာဏာရှင် လောင်းရိပ်အောက်က မလွတ်ကင်းဘဲ မိမိတို့ စိတ်တိုင်းကျ အကောင်အထည်ဖော်ဆောင်ခွင့် မရကြဘူးဆိုတာ လက်တွေ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်များက သက်သေပြလျက် ရှိနေပါတယ်။ တိုင်းပြည်အတွက် အဓိကကျလှတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ တွန့်ဆုတ်နေတာ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် မဖော်နိုင်သေးဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်က ငြင်းပယ်ခဲ့ခြင်းတွေဟာ သိသာထင်ရှားလှတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။လက်ရှိ အစိုးရဟာ ‘ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်အံ့’၊ ‘ပြည်သူကို ဗဟိုပြုပြီး ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည် ဖော်ပေးကြ’ အစရှိတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေနဲ့ စီမံကိန်း စီမံချက်တွေ အမျိုးမျိုး ချမှတ်ပြီး လမ်းညွှန်ချက်ပေးကာ အကောင်အထည် ဖော်ခဲ့ပေမယ့်လည်း အကောင်အထည် ဖော်ပေးနေကြတဲ့ သူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ အောက်ခြေကို ထိရောက်တဲ့ ကြပ်မတ်မှု အားနည်းမှုတွေကြောင့် ပြည်သူတွေအတွက် အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာတစ်ခုမှ ဖြစ်မလာဘဲ အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှု၊ စားဝတ်နေရေး တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး ကျပ်တည်းကျဉ်းမြောင်း လာမှုတွေနဲ့သာ ပြည်သူအများစု ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါတယ်။ မိမိတို့နိုင်ငံမှာ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မြောက်မြားစွာ ရှိပါလျက်နဲ့ ပြည်သူတွေ ယနေ့အချိန်အထိ လျှပ်စစ်မီး မှန်မှန်မရသေးတာ ကိုယ့်နိုင်ငံမှာ အလျှံပယ် ထွက်ရှိနေတဲ့ သဘာဝဓာတ်ငွေ့တွေကို အခြားတိုင်းပြည်ကနေ ဈေးကြီးပေးကာ တစ်ဆင့်ပြန်လည် ဝယ်ယူသုံးစွဲနေရမှုတွေကြောင့် လမ်းပန်းဆက်သွယ်မှု စရိတ်စက ကြီးမြင့်ပြီး အခြေခံ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်နေတာ၊ ဆန်စပါးကို အဓိကထားတဲ့ လယ်သမားတိုင်းပြည် ဖြစ်နေတဲ့ နိုင်ငံမှာ ဆန်တစ်အိတ် လေးသောင်းကျော် ဝယ်စားနေရတာ၊ နိုင်ငံရေး အခြေအနေအရ အိမ်ခြံမြေဈေးနှုန်း ငြိမ်နေပေမယ့် ယနေ့အချိန်အထိ အိမ်ခန်းငှားရမ်းခ ဈေးနှုန်းမြင့်မားနေတာ၊ အခြေခံ စားဝတ်နေရေးအတွက် အလုပ်ရှင် အလုပ်သမား ပြဿနာ  ပေါ်လာတိုင်း အလုပ်သမားတွေဘက်က အနစ်နာခံပြီး ရပ်တည်မပေးခဲ့တာ၊ ခေတ်သစ် ဘူဇွာလူတန်းစားတွေကြောင့် လယ်မဲ့ယာမဲ့ ပေါများလာတာ။ မြေပေါ်မြေအောက် သယံဇာတနဲ့ မြေလွတ်၊ မြေရိုင်း၊ မြေကွက်လပ် ပေါများလှတဲ့ တိုင်းပြည်တစ်ပြည်မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေမှုကြောင့် တိုင်းတစ်ပါးမှာ အန္တရာယ်မျိုးစုံနဲ့ ကိုယ့်လူမျိုး ရွှေ့ပြောင်းအလုပ်သမား ငါးသန်းခန့် မျက်နှာငယ်စွာ ရပ်တည်နေကြရတာ၊ ကျူးကျော် လူတန်းစားများ၊ အိမ်မဲ့ယာမဲ့ လူတန်းစားများ၊ စားရမဲ့ သောက်ရမဲ့ လူတန်းစားများ ပေါများနေတာ၊ အထူးသဖြင့် ပညာရေးကဏ္ဍ မြှင့်တင်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားလူငယ်တွေကို ထောင်သွင်းအကျဉ်းချနေတဲ့ လုပ်ရပ်တွေ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ပြည်သူတွေရဲ့ နားမျက်စိဖြစ်တဲ့ မီဒီယာတွေအပေါ် ပိုမိုပြီး ဖိနှိပ်လာနေတာတွေဟာ ပြည်သူတွေအတွက် အဓိက စိန်ခေါ်နေတဲ့ လုပ်ရပ်တွေအဖြစ် ရှုမြင်နိုင်ပါတယ်။လပွတ္တာ သုံးမိုင်မြို့သစ်တွင် ကျူးကျော်ဝင်ရောက် နေထိုင်ရသော နေစရာမဲ့ နာဂစ်ဒုက္ခသည်များအား စေတနာရှင်များ ထောက်ပံ့ကူညီပေးနေစဉ်
အာဏာရှင်နိုင်ငံ တစ်နိုင်ငံကနေ ဒီမိုကရေစီစနစ် ကျင့်သုံးမယ့် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိဖို့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ကြတဲ့အခါ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ အလှမ်းဝေးနေသေးတဲ့အတွက် အခက်အခဲ အကျပ်အတည်းများနဲ့ ရင်ဆိုင်ကြုံတွေ့ကြရစမြဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲ အကြပ်အတည်းတွေဟာ နိုင်ငံအကျိုးစီးပွားနဲ့ ပြည်သူတွေရဲ့ အနာဂတ်ကို မထိခိုက်ဖို့ အထူးပဲ ဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးတွေကို ရှေ့တန်းတင်ကာ ပဋိပက္ခအသွင်ဆောင်မယ့် ပြဿနာများ အကျပ်အတည်းများကို မဖန်တီး၊ မလှုံ့ဆော်ကြဖို့ လိုသလို ဆင်းရဲမွဲတေမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာအောင် ပြည်သူတွေ အနာဂတ် ပျောက်ဆုံးနေအောင် မဖန်တီးကြဖို့လည်း လိုအပ်လှပါတယ်။ ယခု အချိန်အခါဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလနဲ့ နီးလာချိန်လည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အနာဂတ် အပြောင်းအလဲ တစ်ရပ်အတွက် အဓိက အခြေခံကျလှတဲ့ အချက်နှစ်ချက်ကတော့ တရားမျှတ အေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီအခြေခံ အချက်နှစ်ချက်ဟာ စာရေးသူတို့ ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးဆိုးကျိုး ကံကြမ္မာတွေကို ဖော်ဆောင်ပေးမယ့် အဓိကကျတဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဓိက အခြေခံအချက်ဖြစ်တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ငြင်းပယ်ကန့်ကွက်မှုကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ စာရေးသူတို့ ပြည်သူတွေဟာ အနာဂတ်မှာ ဖြစ်တည်လာမယ့် လူမှုဘဝတွေအတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့ အသင့်ပြင်ဆင်ထားကြဖို့လည်း လိုအပ်လှပါတယ်။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိ အနေအထားတွေအရ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ အခြေခံ မဲစားရင်းတွေ မှန်အောင် မလုပ်နိုင်တာတွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့်မရရင် အနိုင်ရ ပါတီအတွက် မဲအရေအတွက် နည်းမယ်၊ နိုင်ရင်တောင် အပြတ်အသတ် မနိုင်နိုင်အောင် ကြိုတင်စီမံချက်ချထားတဲ့ မရိုးသားတဲ့ နိုင်ငံရေး ပယောဂတွေအဖြစ် ပြည်သူတွေက ရှုမြင်နေကြပါတယ်။ ဒါ့အပြင် အခြေခံလုပ်ခလစာနဲ့ ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမား ပြဿနာတွေ၊ ကျောင်းသားတွေအပေါ် ပုဒ်မ (၁၈) နဲ့ အရေးယူမှု များပြားလာတဲ့ အနေအထားတွေ၊ လယ်ယာမြေပိုင်ဆိုင်မှုအတွက် နိုင်ငံအနှံ့ ပြဿနာကြီးမားနေမှုတွေ၊ နိုင်ငံအနှံ့ မင်းမဲ့စရိုက်ဆန်ဆန် တရားဥပဒေမဲ့လုပ်ရပ် များပြားလာတဲ့ အနေအထားတွေ၊ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် တိကျခိုင်မာ ပြတ်သားတဲ့အဖြေ မထွက်သေးတဲ့အပြင် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ သေနတ်သံတွေ မစဲသေးတဲ့ အချက်တွေဟာလည်း ပြည်သူတွေရဲ့ အနာဂတ်အတွက် အဓိက စိန်ခေါ်နေတဲ့ လူမှုဒုက္ခတွေပဲ ဖြစ်ပါတယ်။မည်သို့ပင် ဆိုစေကာမူ ၂၀၁၅ ရွေးကောက်ပွဲဟာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဦးမှာ သေချာနေသလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဖို့လည်း သေချာလှပါတယ်။  သို့ဖြစ်၍လည်း ရွေးကောက်ပွဲ နီးလာချိန် ကာလမှာ စိန်ခေါ်နေတဲ့ လူမှုဒုက္ခတွေကတစ်ဆင့် နိုင်ငံရေး အကျပ်အတည်း တစ်ရပ်ဆီ အရောက်ပို့ မခံရစေရေး၊ နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ရပ်ကို လိုလားတဲ့ ပြည်သူများဟာ အတိုက်အခံ နိုင်ငံရေးပါတီများ တိုင်းရင်းသားပါတီ/အဖွဲ့အစည်းများ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းလက်တွဲပြီး အသည်းကြားက မဲတစ်ပြားနဲ့အတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အစဉ်သတိရှိစွာဖြင့် လက်တွဲမဖြုတ်စတမ်း ရုန်းကန်ချီတက် သွားကြမှသာလျှင် မိမိတို့ရဲ့ အနာဂတ်မှာ လူမှုဒုက္ခ အပေါင်းနဲ့ ကင်းဝေးနိုင်မှာ ဖြစ်ပါကြောင်း သတိပေးတိုက်တွန်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent