လူကြီးလူကောင်း ပီသခြင်း

လူကြီးလူကောင်း ပီသခြင်း
Published 13 July 2015
မောင်တင်ဦး (မြောင်းမြ)

အံ့သြစရာ မဟုတ်ပေမယ့် အံ့သြမိတယ်။ စိတ်မကောင်းစရာအဖြစ် စိတ်ထဲ နင့်သွားတယ်။ မျှော်လင့် မထားပေမယ့် တကယ်တမ်း ဖြစ်လာတော့ မခံစားဘဲ မနေနိုင်ဘူး။ တကယ်ပဲ ပြည်သူကို မကြည်ဖြူတော့ဘူးလား။ ဒီလို ပြတ်ပြတ်သားသား လုပ်ရက်သလား။၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေက ၁၉၉၀ ပြည့် ရွေးကောက်ပွဲက မြစ်ဖျားခံလာတာ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တောင်ပြို၊ ကမ်းပြို နိုင်ခဲ့တယ်။ လောကနိယာမ ဖြစ်ဖြစ်၊ ဥပဒေအရ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာ အများစုက အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပြောင်း ပေးရစမြဲပဲ။ ဒါကို သိသိကြီးနဲ့ အာဏာလွှဲမပေးရုံ သာမက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို စုဝေးလို့မရအောင် ထိန်းသိမ်းထားလိုက်တယ်။ ပြီး အမျိုးသား ညီလာခံဆိုကာ စစ်အစိုးရနဲ့ ပလဲနံပသင့်တဲ့ ပုဂ္ဂိုလ်တွေကို ညီလာခံ ကိုယ်စားလှယ်ဆိုကာ ညီလာခံကို တက်ရောက်စေတယ်။ အဲဒီ ညီလာခံကို ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ၁၅ နှစ်တိုင်တိုင် ကျင်းပခဲ့တယ်။ ပြည်သူ့ဘဏ္ဍာငွေတွေကို အလဟဿ  ဖြုန်းတီးလိုက်တယ်။ အချိန်တွေ ဖြုန်းတီးပစ်လိုက်တယ်။ လုပ်အားတွေ ဖြုန်းတီးပစ်လိုက်တယ်။ဒီလိုနဲ့ ၂၀၀၈ ခုနှစ် (နာဂစ်မုန်တိုင်းကာလ)မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အမြန်ဆုံး အတည်ပြုလိုက်တယ်။ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံတယ်လို့ ကြေညာခဲ့တယ်။ ဘယ်သူ့ကိုမှ စောဒကတက်ခွင့် မပေးဘူး။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကို ပြည်သူတွေ ဖတ်လို့ရအောင် ကျယ်ကျယ်ပြန့်ပြန့် မထုတ်ဝေခဲ့ဘူး။ ယခု လွှတ်တော်အသီးသီးကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်များ ကိုယ်တိုင်ဖတ်ဖူးသလား။ ကြေကြေညက်ညက် သဘောပေါက်ကြရဲ့လား။ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းကိုယ်တိုင် ထောက်ပြခဲ့တယ်။ဒီလိုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သက်ဝင်လှုပ်ရှားလာတယ်။ ဒီလို သက်ဝင်လှုပ်ရှားလာတဲ့ ဥပဒေကို ပြည်သူတွေက မဖတ်လို့ မဖြစ်တော့တာကြောင့် ရှာကြံဖတ်ရှု လာကြတယ်။ ဖတ်ရှုမိတော့မှ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်သူ့အတွက်လဲ။ ဘယ်သူ့ကို အာဏာအတွက် ပေးထားတာလဲ။ ပြည်သူတွေအတွက် ဘယ်လောက် အားကိုးရသလဲ။ ပြည်သူတွေကို ဘယ်လောက် အကာအကွယ် ပေးထားသလဲ။ ဖတ်ရင်းဖတ်ရင်း ပြည်သူတွေ သဘောပေါက်လာတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူတစ်ရပ်လုံးကို တစ်သားတည်း (Solid) ဖြစ်အောင် လုပ်မထားဘဲ ပြည်သူနဲ့ တပ်မတော်ကို ခွဲခြားထားတာ ဖြစ်နေတယ်။ ပုဒ်မ တစ်ခုချင်းစီ ဖတ်ကြည့်တော့ ဒီပုဒ်မကို တပ်မတော်က ဘာလုပ်။ ဒီပုဒ်မကို တပ်မတော်မှ ခွင့်ပြုမှလုပ်။ ဒီပုဒ်မကို တပ်မတော် ထောက်ခံမှလုပ်။ ပုဒ်မ ၄ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်လို့ အတိအလင်း ဆိုထားပေမယ့် နိုင်ငံသားတစ်ယောက် အနေနဲ့ ဘာတစ်ခုမှ လွတ်လပ်စွာ လုပ်မရအောင် တင်းကျပ်ထားတာ တွေ့လာရတယ်။ဒီလိုမျိုးနဲ့ တပ်မတော်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ယူထားရုံသာမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေအရ နိုင်ငံရေး လှုပ်ရှားပိုင်ခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ပိုင်ခွင့်တွေ အလုံးစုံကိုပါ တပ်မတော်က ရယူထားနေတာ တွေ့ရပြန်တယ်။စင်စစ်ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဘဝဟာ တပ်မတော်ဆန္ဒ၊ တပ်မတော် ဖြစ်သင့်တယ်။ ပြည်သူလည်း တပ်မတော်၊ တပ်မတော်လည်း ပြည်သူ ဖြစ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လူတန်းစား၊ ဘယ်လိုလူကိုမှ ပိုပိုသာသာ ပါဝါအာဏာ ရယူခွင့် မရှိသင့်ဘူး။ ပြည်သူတစ်ရပ်လုံးအတွက် တန်းတူရည်တူ မျှမျှတတ ဖြစ်ရမယ်။မမျှတတာကို မူရင်းစိတ်နဲ့ ရှင်သန်သူတိုင်း လက်မခံသင့်ဘူး။ ကိုယ်က အသာစီး ရရ၊ ကိုယ်က အသာစီး မရရ၊ လက်မခံသင့်ဘူး။ အထူးသဖြင့် စိတ်ကောင်းစေတနာ မှန်ကြပြီး လူကြီးလူကောင်း (Gentleman) ပြည်သူပြည်သားကောင်း (Good citizen) ဆန်လေလေ၊ လူကြီးလူကောင်း ပီသအောင် ဒီလို မတရားရထားတဲ့ မမျှတမှုကို ငြင်းဆန်ရမယ်။ ဝန်လေးရမယ်။ လိပ်ပြာမလုံ ဖြစ်ရမယ်။ အသတီတဲ့စိတ် ဖြစ်ရမယ်။ 
အနိုင်    အနိုင်ရတိုင်း အနိုင်ယူသင့်သလား။ အထူးသဖြင့် မတရားတဲ့ အနိုင်မျိုးကို လက်ခုပ်လက်ဝါးတီး အောင်ပွဲခံ၊ အနိုင်ယူသင့်သလား။အနိုင်နဲ့ အတူ တရားမျှတမှု၊ အမှန်တရားရှိမှု၊ အများပြည်သူကို ကိုယ်စားပြုမှု၊ သန့်ရှင်းမှု စတာတွေ ပါဝင်နေသင့်တယ်။ အနိုင်ရလိုမှုကြောင့် အနိုင်ယူခြင်းဟာ ကောင်းတာထက် ဆိုးတာတွေကို ပိုဖြစ်စေတယ်။ အနိုင်ရချင်တာ သဘာဝပေမယ့် အနိုင်ရအောင် တမင်တကာ မလျော်မကန်နည်း သုံးတာကတော့ သဘာ၀ မဟုတ်ဘူး။ မလုပ်ကောင်းဘူး။ မတရားတဲ့ စည်းမျဉ်းရေးဆွဲပြီး အနိုင်မယူသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူလဥပဒေ ကိုယ်တိုင်က မတရားတာ ထင်ရှားနေလို့ပဲ။စကော့တလန်နိုင်ငံမှာ မြို့စားတစ်ပါး ရှိတယ်။ သူက နယ်ပယ်မှာ သူ့ကို လူတွေကြောက်ရွံ့နေအောင် ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်တယ်။ ရက်ရက်စက်စက် အပြစ်ပေးတယ်။ ဒီလိုနဲ့ သူ့နယ်မှ ပြန်သူများဟာ သူ့ကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ကြတယ်။ ဒီလို ကြောက်နေတဲ့ ပြည်သူများရဲ့ စိတ်ထားကို ဆက်ထိန်းထားနိုင်ဖို့ သူအရောက်အပေါက်နည်းတဲ့ နေရာတွေရဲ့ လမ်းဆုံလမ်းခွမှာ သူ့ဦးထုပ်ကို တိုင်တစ်တိုင်ထူပြီး ထိပ်မှာ ချိတ်ထားတယ်။ သူ့ဦးထုပ်နားရောက်ရင် ဦးညွှတ်အလေးပြုပြီးမှ ရှေ့ဆက်သွားရမယ်လို့ အမိန့်ထုတ်ထားတယ်။ ပြည်သူတွေကတော့ ကြောက်စရာတွေ့ ကြောက်ကြတယ်။ ပြဿနာမဖြစ်ချင်တာလည်း ပါတာပေါ့။ ဆိုတော့ ဦးထုပ်ရှေ့ရောက်ရင် မတ်တတ်ရပ်၊ ဦးညွှတ်အလေးပြု၊ ပြီးမှ လိုရာ ခရီးဆက်သွားကြတယ်။ ဒါကို ရုပ်ဖျက်ပြီး ကြည့်နေတဲ့ မြို့စားက ပီတိတွေဖြာ၊ ကျေနပ်နေတာပေါ့။ အနိုင်ရနေတယ်လို့ သူ့ကိုယ်သူ ယူဆနေတယ်။ ငါ့ကို လူတွေ ကြောက်နေကြပြီ။တစ်နေ့တော့ ဝီလျံတယ်လာ (William Teller) ဆိုတဲ့ လေးသည်တော် သားအဖဟာ မြင်းစီးရင်း မြို့စားရဲ့ ဦးထုပ်ရှိရာ တိုင်အနားကို ရောက်လာတယ်။ ဒါပေမဲ့ ဝီလျံက မြို့စားရဲ့ ဦးထုပ်ကို သတိပြုမိဟန် မပြဘဲ ခရီးကို ဆက်မြဲဆက်သွားတယ်။ ဒါကို တစ်နေရာက ကြည့်နေတဲ့ မြို့စားဟာ ဒေါသထွက်သွားတယ်။ ချက်ချင်း ဝီလျံတို့ သားအဖကို သူ့စစ်သည်တွေက ဝိုင်းဝန်းဖမ်းဆီး လိုက်ကြတယ်။မြို့စားက သူတို့သားအဖရှေ့ ရောက်လာပြီး မေးတယ်။ “မင်း ဘာဖြစ်လု့ိ ငါ့ဦးထုပ်ကို အလေးမပြုတာလဲ။” “ခင်ဗျား ဦးထုပ်က ကျုပ်တို့ကို ဘာအကျိုးပြုပေးလို့ ကျုပ်တို့က အလေးပြုရမလဲ။” “အဲဒီ ဦးထုပ်က ငါ့ဦးထုပ်လေ။ မင်းမသိဘူးလား။ ဒါနဲ့ နေပါဦး မင်းက လေးသည်တော် ဝီလျံတယ်လာ ဆိုတာလား။” “ဟုတ်တယ်” “အေး ဒါဆို ဒီပန်းသီးကို မင်းသားရဲ့ ခေါင်းပေါ်မှာတင်၊ ပြီးတော့ မင်းလက်တည့်မတည့် ငါကြည့်မယ်။ မင်းသားခေါင်းပေါ်က ပန်းသီးကို မြားတစ်စင်းနဲ့ ပစ်ရမယ်။ ပန်းသီးကို မှန်ရင် မင်းကို လွှတ်ပေးမယ်။ လွဲရင် မင်းကိုငါ သတ်မယ်။” ဝီလျံတယ်လာက “အိုကေ” တစ်ခွန်းပဲပြောပြီး သူ့သားကို သစ်ပင်တစ်ပင်အနား ခေါ်သွားတယ်။ ပန်းသီးကို သားရဲ့ ဦးခေါင်းပေါ်မှာ ငြိမ်ငြိမ်လေး တင်လိုက်တယ်။ ပြီး ပေတစ်ရာလောက် အကွာမှာ မတ်တတ်ရပ် နေရာယူလိုက်တယ်။ လေးကိုကိုင် မြားကိုထုတ် လေးညှို့ပေါ်တင်၊ မျက်စိ၊ လေး၊ မြား၊ ပန်းသီးတို့ကို ချိန်သားကိုက်အောင် စိတ်အေးအေးနဲ့ ချိန်လိုက်တယ်။ မြို့စားအပါအဝင် ဝိုင်းကြည့်နေတဲ့ စစ်သည်တွေ၊ လူတွေ ငြိမ်ဆိတ်နေတယ်။ အသက်မရှူနိုင်အောင်ကို စူးစူးစိုက်စိုက် ကြည့်နေကြတယ်။ မြားကို ပစ်လွှတ်လိုက်ပြီ။ မြားက ဖြောင့်ဖြောင့်တန်းတန်း လေအဟုန်နဲ့အတူ ပြေးလွှားသွားတယ်။ ခရီးဆုံးပန်းတိုင်ဖြစ်တဲ့ ပန်းသီးကိုစိုက်ပြီး ထက်ခြမ်း ခွဲပစ်လိုက်တယ်။ ဝီလျံရဲ့သားက အပြုံးမပျက်။ မြို့စားကြီး အပြုံးပျက်သွားတယ်။ သူထင်သလို ဖြစ်မလာဘူး။ ဒီလိုနဲ့ လွယ်လွယ်ကူကူ အလျှော့ပေးလို့ မဖြစ်ဘူး။ ကတိတည်စရာ မလိုဘူး။ ငါ့မှာ အာဏာရှိတယ်။ ငါ့မှာ ငါ့အမိန့်နာခံမယ့် စစ်သည်တွေ ရှိတယ်။ ငါသေဆိုသေ။ ငါရှင်ဆိုရှင်။ ဒီစိတ်တွေက မြို့စားကြီးကို သွေးထိုးပေးနေတယ်။ဝီလျံက လေးကို ပြန်လွယ်လိုက်တယ်။ သားရှိရာ သွားခေါ်ပြီး ရှေ့ခရီးဆက်ဖို့ ဟန်ပြင်တယ်။ “ဟေ့၊ ရပ်စမ်း၊ မင်းဘယ်ကိုမှ မသွားရဘူး။ မင်းကို ဖမ်းလိုက်ပြီ။ စစ်သည်တွေ သူ့ကိုဖမ်းကြ”။ စစ်သည်တွေ တုတ်တုတ်မျှ မလှုပ်ဘူး။ လှုပ်လာတာက ရပ်ကြည့်နေတဲ့ အရပ်သူ အရပ်သားတွေ။ သူတို့က ဝီလျံတို့ သားအဖဆီကို ဝိုင်းလာကြတယ်။ ဝီလျံတို့ကို လူအုပ်အလယ် ရောက်သွားစေတယ်။ အဲဒီ လူအုပ်ကြီးက ဝီလျံတို့သားအဖကို ဝန်းရံပြီး မြို့စားနဲ့ဝေးရာ တရွေ့ရွေ့ ထွက်ခွာသွားတယ်။ လူအုပ်ထဲက အသံတစ်ခု ထွက်လာတယ်။“ကျွနု်ပ်တို့ လေးစားရပါတဲ့ မြို့စားကြီးခင်ဗျာ၊ မြို့စားကြီးအနေနဲ့ ကတိတည်တဲ့ လူကြီးလူကောင်း ပီသသူတစ်ဦး ဖြစ်စရာ လိုပါတယ်။ လူကြီးလူကောင်း ပီသဖို့ ကျွန်ုပ်တို့ ပြည်သူတွေက ခုလို ကူညီဆောင်ရွက်ပေးတာကို နားလည်ပေးပါ။ ဝီလျံတယ်လာတို့ သားအဖက မြို့စားကြီးရဲ့ လူကြီးလူကောင်း ပီသမှုကို သူရောက်တဲ့ နေရာဒေသတိုင်းမှာ ထုတ်ဖော်ချီးကျူးတော့မှာမို့ မြို့စားကြီး ကျေနပ်လိုက်ပါ။ ထို့အတူ လူကြီးလူကောင်းပီသတဲ့ မြို့စားကြီးအဖြစ် ကျွန်ုပ်တို့ရဲ့ လေးစားမှုကို ဆက်လက်ခံယူပါ။”မြင်းပေါ်က မြို့စားကြီးဟာ ခြေလှမ်းပြင်နေတဲ့ မြင်းရဲ့ဇက်ကြိုးကို တင်းတင်းဆွဲလိုက်တယ်။ မြင်းဟာ လှမ်းတော့မယ့် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ မြင်းကိုဆွဲလိုက်တဲ့ ကြိုးက လူကြီးလူကောင်း ပီသမှုပဲ ဖြစ်တယ်။ 
လူကြီးလူကောင်း ပီသမှုလူကြီးလူကောင်း ပီသမှုဟာ မတရားမှု၊ မလျော်ကန်မှုတို့ကို တားဆီးနိုင်တယ်။ ကိုယ်လုပ်ချင်တာ မလုပ်တော့ဘဲ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်တော့တယ်။ အဓိက ကတော့ မိမိစိတ်ကိုမိမိ ကောင်းစွာထိန်းချုပ်ခြင်း ဖြစ်တယ်။ယောကျ်ားရင့်မာကြီး ဖြစ်တိုင်း၊ ကိုယ်ကာယဗလ တောင့်တင်းတိုင်း၊ အာဏာစည်းစိမ် ရှိသူတိုင်း၊ ရာထူးဂုဏ်သိန် ကြီးမြင့်တိုင်း လူကြီးလူကောင်းစိတ် ရှိဖို့ဆိုတာ တရားသေ ယူဆထားလို့ မရဘူး။ အသာစီး ရနေပါလျက်နဲ့ အောင်နိုင်မှုကို ချိုချိုမြိန်မြိန် စားသုံးနေပါလျက်နဲ့ အနိုင်မကျင့်ဘဲ ခွင့်လွှတ်ပေးလိုက်ခြင်းဟာ လူကြီးလူကောင်းတွေသာ လုပ်နိုင်တဲ့ မြင့်မြတ်တဲ့ လူသားရဲ့ လုပ်ရပ် ဖြစ်တယ်။မြို့စားကြီးဟာ ဓားကိုယ်စီ၊ မြားကိုယ်စီ ကိုင်ဆောင်ထားတဲ့ စစ်သည် ရာပေါင်းများစွာ ပိုင်ဆိုင်ထားပေမယ့် စစ်သည်တွေရဲ့ သဘောထားကို အသိအမှတ် ပြုလိုက်နိုင်ခဲ့တယ်၊၊ ဝီလျံတယ်လာတို့ သားအဖနောက်ကို လိုက်တော့မယ့်စိတ်ကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့တယ်။အနိုင်ကို လူကြီးလူကောင်း ပီသမှုစိတ်နဲ့ မြင်းဇက်ကို ရပ်တန့်နိုင်ခဲ့တယ်။ဒီအတွက် ပြည်သူပြည်သားတွေရဲ့ လက်ခုပ်သြဘာကို လက်ခံရယူနိုင်ခဲ့တယ်။ တကယ်တော့ လက်ခုပ်သံဟာ မြို့စားကို ထောက်ခံအားပေးတာထက် လူကြီးလူကောင်း ပီသမှု စိတ်ဓာတ်ကို ထောက်ခံအားပေးထားတာ။ ဆိုတော့ လူတစ်ဦးချင်းစီရဲ့ အပြုအမူ၊ လုပ်ရပ်ဟာ လူကြီးလူကောင်း ပီသခြင်း ရှိ၊ မရှိ ဆိုတာ သိသာထင်ရှားစေတာပဲ၊၊ လူကြီးလူကောင်း မပီသသူတွေသာ မိမိကိုယ်ကျိုး၊ မိမိရာထူးတည်မြဲရေး၊ မိမိကောင်းစားရေးဆိုတဲ့ ရေရှည်အကြည့် ကွက်ကွက်လေး ကြည့်တတ်ကြတာ ဖြစ်တယ်။ဘာပဲဖြစ်ဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်နေကြတဲ့ ထိပ်တန်းတာဝန် ယူနေတဲ့ အဆင့်မြင့်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ သာမန်ပြည်သူထက် လူကြီးလူကောင်းပီသဖို့ လိုတယ်။ ဘဝမပျက်လောက်တဲ့ ကိုယ်ကျိုးစွန့်မှု ပြဖို့လိုတယ်။ ပြည်သူနဲ့ ဖြစ်နိုင်သရွေ့ နီးစပ်၊ နီးကပ်ဖို့ လိုတယ်။လူကြီးလုပ်ချင်တယ်ဆိုရင် လူကြီးနဲ့ထိုက်တန်တဲ့ လူကြီးလူကောင်း ပီသမှုရှိကြဖို့ လိုအပ်တယ်ဆိုတာ လူကြီးမင်းများ သတိထား၊ အသိတရား ရှိကြမှာပါ။ ဒါဆို ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် လူကြီးလူကောင်းပီသမှုဟာ တိုင်းပြည်ကံကြမ္မာ ကောင်းစားရေးအတွက် အထောက်အပံ့ ဖြစ်စေချင်ပါတယ်။ တစ်ဦးချင်းစီရဲ့ လူကြီးလူကောင်း ပီသမှုဟာ မိမိအတွက်လည်း အရေးပါသလို တိုင်းပြည်ကြီး တစ်ခုလုံးအတွက် အလွန်အရေးပါတာကြောင့် ပြည်သူပြည်သားအားလုံး လူကြီးလူကောင်း ပီသနိုင်ကြပါစေကြောင်း။

Most Read

Most Recent