မနက်ဖြန်ဆိုတာ သေချာပါ့မလား

မနက်ဖြန်ဆိုတာ သေချာပါ့မလား
Published 13 July 2015
ကိုနော် (ပုဂံ)

တစ်ခါတလေတော့လည်း နာမည်ကျော် ဓာတ်ပုံသတင်းထောက်တစ်ဦး ပြောခဲ့ဖူးသည့်စကားကို သတိရမိသည်။ စကားအပြည့်အစုံကို မမှတ်မိ။ အဓိပ္ပာယ်ကတော့ “ရိုက်လိုက်ပါ၊ ပြီးမှတောင်းပန်လိုက်”ဆို သောစကား။ ခုလည်း ခေမင်္ဂဘုရားလမ်းဆုံမှာ ကမ္ဘာလှည့်ခရီးသွားတွေအလာကို စောင့်မျှော်ရင်း ကွပ်ပစ်လေးပေါ်ထိုင်နေကြသော အမှတ်တရပစ္စည်းရောင်းသည့် ကလးငယ်တစ်စုကို အမှတ်မထင် တွေ့ရာက သဘောကျပြီး ဓာတ်ပုံရိုက်လိုက်သည်။
 
“ဦးက ဘာလို့ရိုက်တာလဲဗျ။”
 
ကျွန်တော့်နေရာတွင် နိုင်ငံခြားသားတစ်ဦးဆိုလျှင်တော့ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးငယ်သည် ခုလိုပြန်မေးချင်မှ မေးပါလိမ့်မည်။ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ပြကာ သူ့၏အမှတ်တရပစ္စည်းလေးများကို နိုင်ငံခြားသားဧည့်သည် ဝယ်ချင်လာအောင် ကြိုးစားပါလိမ့်မည်။ မြန်မာပြည်သား၊ အညာသားစစ်စစ် ကျွန်တော့်ကိုမူ သံသယဝင်ပြီး မေးခွန်းထုတ် စူးစမ်းနေပါတော့သည်။
 
“သားတို့ကို ဒုက္ခပေးဖို့မဟုတ်ပါဘူးကွာ။ ဦးက သတင်းဆောင်းပါးတွေ ရေးတဲ့သူပါ။ သားတို့ထိုင်နေတဲ့ အနေအထားလေး သဘောကျလို့ ရုတ်တရက် ရိုက်လိုက်တာပါ။”
 
စသဖြင့် ရှင်းပြလိုက်သည့်အခါမှ သဘောပေါက်သွားကြသည်။သူတို့က စုစုပေါင်း ငါးဦး။ ၁၆ နှစ် ၁၇ နှစ်အရွယ် ကလေးကလွဲလျှင် ကျန်ကလေးတွေက ၁၀နှစ်၊ ၁၁ နှစ် အရွယ် ယောကျ်ားလေးတွေချည်းသာ ဖြစ်သည်။ ပိတ်ပန်းချီကားလိပ်လေးတွေ နံဘေးချကာ၊ လွယ်အိတ်လေးများ ကိုယ်စီလွယ်ထားကြသည်။ ကျွန်တော်က-
 
“သားတို့ ကျောင်းတက်ကြသေးလားကွ” ဆိုသောအခါ
 
“တက်တာပေါ့ဗျ။ ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်နေလို့ ကျွန်တော်က ငါးတန်း” ဆိုပြီး တစ် ယောက်ကဖြေသည်။ နောက်တစ်ဦးက ခြောက်တန်းဟုဆိုသည်။ ဟုတ်တာပေါ့ အိမ်မှာကလေးတွေ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်ပါလျက် အနားမရဘဲ ကျူရှင်သွားနေရသည်ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိသော ကျွန်တော်သည် ဝမ်းစာအတွက် အရွယ်နှင့်မမျှအောင် လုပ်ကိုင်နေကြရသော ကလေးများကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်သည်။
 
“ရောင်းမကောင်းသေးပါဘူး ဦးရယ်။ ဧည့်ကလည်း သိပ်မဟုတ်သေးဘူး။”
 
အကြီးဆုံးကလေးက ညည်းသံလေးဖြင့်ပြောသည်။ အမှတ်တရ ပစ္စည်းရောင်းခြင်း၊ ပိတ်ပန်းချီရောင်းခြင်းကို ငယ်စဉ်ကတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
 
“သုံးသောင်းဖိုးလောက်အထိ ရောင်းရဖူးတဲ့ရက် ရှိတယ်ဗျ။ လုံးလုံးမရောင်းရတဲ့နေ့လည်း ရှိတယ်ဗျ။ ဒီလိုအချိန်ဆို ဧည့်သည်တွေ ရောက်ရတော့မှာ ခုတော့ သိပ်မမြင်သေးဘူး။ ရွေးကောက်ပွဲကြောင့်လို့ တချို့ကပြောတာပဲ” 
 
ခရီးသွားရာသီချိန်ဆိုပါက ခေမင်္ဂဘုရားလမ်းနှင့် ပုဂံမြို့ဟောင်း လမ်းဆုံရာနေရာလေးသည် နိုင်ငံခြားသားဧည့်သည် ဝင်ထွက်သွားလာမှု မပြတ်သော နေရာလေးတစ်နေရာဖြစ်သည်။
 
“သူတို့ဆီမှာ စစ်ပွဲတွေဖြစ်လို့ မလာတာနေမှာပေါ့”
 
ကလေးငယ်တစ်ဦးက သူ့အထင်ကို စွတ်ရွတ်ပြောလိုက်ပြီးကာမှ ပြုံးဖြဲဖြဲလုပ်ကာ ဇက်ကလေးပုဝင် သွားသည်။ သေချာပေါက် နိုင်ငံခြားသားလာတတ်သည့် ဘုရားကို သွားမရောင်းကြဘူးလားဟု ကျွန်တော်ကမေးသည့်အခါ ဘုရားတစ်ဆူကနေ အခြားဘုရားတစ်ဆူသို့ သွားရောင်းချင်တိုင်း ရောင်းခွင့်မရှိကြောင်း အကြီးဆုံးကလေးက ပြောပြသည်။
 
“ဈေးသည်အချင်းချင်း နားလည်လို့ဆိုရင်တော့ ရပါတယ်။ နို့မို့ဆိုမရဘူး။ ကားတွေနောက်လိုက်ပြီး ရောင်းရတာလည်း သိပ်မဟုတ်ပါဘူး။ ရောင်းတဲ့သူတွေက တစ်နှစ်ထက်တစ်နှစ် များလာတယ်”
 
ပြည်တွင်း၊ ပြည်ပခရီးသွားများ တစ်နှစ်ထက် တစ်နှစ် တိုးမြင့်လာသော ကိန်းဂဏန်းတွေကိုသာ ကျွန်တော်တို့ မြင်တွေ့ကြားသိနေရသည်။ တစ်နေ့တခြား တိုးပွားလာသော ဒေသတွင်းလူဦးရေနှင့် တောင်သူလုပ်ငန်း အဆင်မပြေမှုကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားပြုလာသော အောက်ခြေလူတန်းစားအရေအတွက် မည်ရွေ့မည်မျှရှိလာသည် သတိမထားမိ။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ သဘောသည် ထိလွယ်ရှလွယ်သော သဘောရှိကာ နေ့မြင်ညပျောက် ဖြစ်တတ်သောကြောင့် ဒေသခံတွေအနေဖြင့် စိတ်ချလက်ချ တွက်ဆမထားရဲ။
 
“ခုချိန်ဆို စပိန်တွေ ဝင်လာရတော့မှာ။ ဒီနေ့ထိ ဟုတ်ဟုတ်ဟတ်ဟတ် မမြင်ရသေးဘူး။ မနှစ်က ဒီလိုအချိန်ဆို အတော်ဟုတ်နေပြီ။ ကိုယ်တင်ပဲလားဆိုတော့ အခြားကုမ္ပဏီတွေလည်း ဒီလိုပဲ။  Reservation တွေ နည်းနေသေးတယ်။”
 
တစ်နေ့က ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးနှင့် စကားပြောဖြစ်တော့ ကြားသိလိုက်ရခြင်း ဖြစ်သည်။ ကြားရသည့် သတင်းစကား အတည်ဖြစ်ချင်၍ လုပ်ငန်းရှင်နောက်တစ်ဦးကို စနည်းနာကြည့်ပြန်တော့လည်း ထူးမခြားနား။ သူကထပ်ပြီး တစ်နိုင်ငံလုံးနှင့် ခြုံငုံ သုံးသပ်ပြသည်မှာ -
 

 
ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား ပုဂံမြို့ဟောင်းတွင် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုနော်၊ ပုဂံ)
 
“ဒီနှစ် နည်းလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့နိုင်ငံကို မနှစ်က နိုင်ငံခြားသား သုံးသန်းလောက်ဝင်တယ်လို့ပြောတယ်။ ပုဂံကိုဝင်တာ နှစ်သိန်းသုံးသောင်းဆိုတော့ မြန်မာနိုင်ငံကိုဝင်လာတဲ့ ကမ္ဘာလှည့်ခရီးသွားစစ်စစ် ကျွန်တော်မှန်းတယ်။ 
သုံးသိန်းလောက်ပဲရှိမယ်။ Real Tourist နော်။ တကယ်တမ်း ကမ္ဘာလှည့်ခရီးသွား တစ်သန်းလောက်ဝင်လာရင်ကို ကျွန်တော်တို့ဆီမှာ Infrastructure ဘာမှမပြည့်စုံသေးဘူး။ လေယာဉ်၊ ဟိုတယ်၊ ကား စတာတွေ မပြည့်စုံသေးဘူး။ ငါးသိန်းလောက်ဝင်ရင်ကို ပုဂံ၊ မန္တလေး၊ အင်းလေး အတော်ဒုက္ခတွေ့မယ်။ တကယ်တမ်း နိုင်ငံခြားသားဝင်လာရင် ပုဂံကို ရာခိုင်နှုန်း ၈၀ ဝင်တယ်” ဟူ၍ဆိုသည်။ 
 
ပုဂံဒေသတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရန်အတွက်ဆိုလျှင် f New  Destination  များဖော်ထုတ်ရန် အဓိက လိုအပ်နေသေးကြောင်း၊ Temple to Temple လည်နေ၍ မဖြစ်နိုင်ကြောင်း၊ ပုဂံမှတစ်ဆင့် အနီးပတ်ဝန်းကျင် ( ဥပမာ -အလောင်းတော်ကဿပ ) ဒေသများကိုပါ ခရီးသွား လည်ပတ်သင့်သော နေရာများအဖြစ် ဖော်ထုတ်သွားရန် အုပ်ချုပ်ရေးပိုင်း၊ လုပ်ငန်းရှင်များအပိုင်းတွင် လိုအပ်နေသေးကြောင်းပါ လုပ်ငန်းရှင်က သုံးသပ်ပြသွားသည်။ ခရီးစဉ်သစ်များ မဖော်ထုတ်နိုင်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိခြင်းတို့သည် ရေရှည်အောင်မြင်သော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရာ၌ အဟန့်အတားဖြစ်လာမည်။
 
တစ်နေ့ကပဲ ပုဂံညောင်ဦးမြို့မှ အရှေ့ဘက်သို့ ကားဖြင့်သွားလျှင် အချိန်သုံးနာရီခန့်သာ ကြာသည့် မြို့တစ်မြို့အနားရှိ လူသူအရောက်အပေါက်နည်းသော ကျောက်တောင်ကြောတစ်ခုတွင် ညောင်ရမ်းခေတ်ဟု ထင်ရသည့် ကျောက်ဆစ်လက်ရာတွေ ပစ်စလက်ခတ်အနေအထား ရှိနေတာကို မိတ်ဆွေတစ်ဦးက မှတ်တမ်းဓာတ်ပုံများနှင့် တစ်ကွပြသည်။ ကျွန်တော်က မိတ်ဆွေဖြစ်သူကို ခင်ဗျား ရတနာသိုက်တွေ့ခဲ့တာပဲဟု ပြောခဲ့သည်။ ဘာသာတရားအနေနဲ့ပဲ ကြည့်ကြည့်၊ ရှေးဟောင်းအမွေအနှစ်အနေနဲ့ပဲ ကြည့်ကြည့်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအနေဖြင့်ပဲ ကြည့်ကြည့် ရတနာ။
 
“ဟိုမှာ ကားတစ်စီးဝင်သွားပြီ ဟေ့။ ဧည့်သည်တွေပါတယ်။ သွားရအောင်။ သွားမယ်နော် ဦး။”
 
ကွပ်ပျစ်ပေါ်မှ  ကလေးငယ်များ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကျွန်တော့်ကို နှုတ်ဆက်သွားတော့မှ ကျွန်တော့်အတွေး ပြတ်တောက်သွားသည်။ မလှမ်းမကမ်း ဥပါလိသိမ်ဘက်တွင် ကားတစ်စီး နှင့် မြင်းလှည်းတစ်စီး ရပ်ထားသည်ကိုတွေ့မြင်လိုက်ရသည်။ စောစော ကမရှိသေး။
 
ဒီလိုပါပဲ ပုဂံဒေသ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုသည်မှာ ခုမရှိဘူးဆိုပေသည့် တော်ကြာရောက်ချင် ရောက်လာတတ်တာမျိုး။ ဟိုတယ်ပိုင်ရှင်၊ ခရီးသွားလုပ်ငန်းပိုင်ရှင်ကြီးတွေလို ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုအကြီးကြီးတွေနဲ့ လုပ်ကိုင်နေကြသူတွေ အတွက်တော့ ခရီးသွားတွေ နေ့မြင်ညပျောက်ဆိုလည်း အကြောင်းမဟုတ်ဘူးပေါ့။ အလုပ်အကိုင် ရှားပါးပြီး ပိတ်ပန်းချီကားလေးတစ်ချပ် ထွက်ပါမှ၊ ပို့စကတ်လေးတစ်တွဲ ရောင်းရပါမှ စားစရာဆန်လေး၊ ရေးစရာ စာအုပ်လေးတွေဝယ်ရတဲ့ ဒေသခံ ကလေးငယ်လေးတွေအတွက်တော့ ရင်မောစရာပေါ့။ မနက်ဖြန်ဆိုတာ သေချာပါ့မလားလို့လေ။

Most Read

Most Recent