ပြိုကွဲသွားသော ယူဂိုဆလားဗီးယားနှင့် မီလိုဆီဗစ်၏ နောက်ဆုံးနေ့များ

ပြိုကွဲသွားသော ယူဂိုဆလားဗီးယားနှင့် မီလိုဆီဗစ်၏ နောက်ဆုံးနေ့များ
Published 12 July 2015
မင်းလွင် (ဆေး-၂)

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းအတွင်း ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲသွားခြင်းသည် နိုင်ငံရေး မငြိမ်မသက်မှုများနှင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပေါ်ခဲ့မှုကြောင့်ဟု ဆိုနိုင်သည်။ ၁၉၈၀ ပြည့်လွန် နှစ်များအတွင်း နိုင်ငံရေးအကျပ်အတည်း ကာလတစ်ရပ် ပြီးဆုံးပြီးနောက် ယူဂိုဆလားဗီးယားပြည်ထောင်စု၌ ပါဝင်သောနိုင်ငံများ ကွဲထွက်သွားခဲ့သည်။ သို့သော် ခါးသီးသည့် လူမျိုးစုများအကြား ဖြေရှင်း၍မရသော အကြောင်းအရာများ ရှိနေဆဲဖြစ်သောကြောင့် ယူဂိုဆလက်စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ပွဲများသည် အဓိကအားဖြင့် ဘော့စနီးယားနှင့် ခရိုအေးရှားနိုင်ငံတို့ကို ဦးစွာထိခိုက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ကွန်မြူနစ်များ အောင်ပွဲခံခဲ့ပြီးနောက် ယူဂိုဆလားဗီးယားသည် လူမျိုးစုအရ လည်းကောင်း၊ သမိုင်းအရ လည်းကောင်း နယ်စည်းများ သတ်မှတ်ကာ နိုင်ငံခြောက်နိုင်ငံ ပါဝင်သည့် ပြည်ထောင်စုတစ်ခုကို ထူထောင်ခဲ့သည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စု၌ ပါဝင်သော နိုင်ငံများမှာ ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ဆားဘီးယား၊ မွန်တီနိဂရိုးနှင့် မက်ဆီဒိုးနီးယားတို့ ဖြစ်ကြသည်။ ၎င်းအပြင် ဆားဘီးယားအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခု ပါဝင်သည်။ ယင်းတို့မှာ ဗိုဗိုဒီနာနှင့် ကိုဆိုဗိုတို့ ဖြစ်သည်။
နိုင်ငံတိုင်းတွင် ၎င်းတို့ကိုယ်ပိုင် ယူဂိုဆလားဗီးယား ကွန်မြူနစ်ပါတီခွဲနှင့် အုပ်စိုးသူ အထက်တန်းလွှာ တစ်ရပ်ရှိပြီး တင်းမာမှုမှန်သမျှကို ပြည်ထောင်စုအဆင့်၌ ဖြေရှင်းကြသည်။ ယူဂိုဆလားဗီးယား၏ နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အတူ အစီအစဉ် ချမှတ်ထားခြင်းနှင့် လွတ်လပ်ခြင်း နှစ်ခုအကြား၌ရှိသည့် စီးပွားရေးသည် အထိုက်အလျောက် အောင်မြင်ခဲ့သည်။
ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်ခဲ့သည့် အချိန်ကာလ တစ်ရပ်ရှိခဲ့ပြီး တစ်သက်တာ သမ္မတ လုပ်သွားသော ဂျိုဆစ်ဘရော့ဇ်တီတိုး၏ တင်းကျပ်သော အုပ်ချုပ်မှုအောက်၌ ၁၉၈၀ ပြည့်လွန်နှစ်များအထိ အထိုက်အလျောက် တည်ငြိမ်သော နိုင်ငံရေးအခြေအနေ ရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တီတိုးကွယ်လွန်ပြီးနောက် ဖက်ဒရယ်အစိုးရ၏ အားနည်းသောစနစ်သည်  မြင့်တက်လာသော စီးပွားရေးနှင့် စိန်ခေါ်မှုမြင့်မားလာသော နိုင်ငံရေးတို့နှင့် ဆီလျော်အောင် မပြုလုပ်နိုင်တော့ပေ။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကိုဆိုဗိုရှိ အယ်ဘေးနီးယန်း လူမျိုးများက ၁၉၈၁ ခုနှစ်၌ ဆန္ဒပြမှုများ စတင်လျက် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေ အထားပေးရေး အာမခံရန် တောင်းဆိုခဲ့ကြသည်။ အယ်ဘေးနီးယန်းများနှင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအကြား တင်းမာမှုများ မြင့်တက်လာခြင်းသည် ယင်းဆယ်စုနှစ်တစ်ခုလုံး ကြာရှည်ခဲ့သည်။ ယင်းတင်းမာမှုများကြောင့် ယူဂိုဆလားဗီးယား ပြည်ထောင်စုတစ်လွှားရှိ ဆာ့ဘ်လူမျိုးများသည် တစ်သွေးတစ်သားတည်း ဖြစ်သွားပြီး ဆာ့ဘ်ဒေသများ အနေဖြင့် ပြည်ထောင်စုအတွင်း ပို၍အခွင့်အရေး ရရှိသင့်သည်ဟု ရှုမြင်လာကြသည်။ ၎င်းအပြင် ပြည်ထောင်စုအဆင့်၌ အများသဘောတူ ဆုံးဖြတ်ခြင်းနှင့် ပတ်သက်သော စနစ်တစ်ရပ်ထိရောက်မှု မရှိခြင်းကလည်း ဆာ့ဘ်လူမျိုးများ၏ အကျိုးစီးပွားအတွက် အဟန့်အတား တစ်ရပ်ဖြစ်သည်ဟု ရှုမြင်လာကြသည်။
၁၉၈၇ ခုနှစ်တွင် ဆားဘီးယား၌ စလိုဘိုဒင်မီလိုဆီဗစ် အာဏာရလာပြီး ကိုဆိုဗို၊ ဗိုဗိုဒီနာနှင့် မွန်တီနိဂရိုးတို့ကို ထိန်းချုပ်ခွင့်အလိုလို ရရှိသွားသော လူကြိုက်များသည့် လုပ်ဆောင်ချက်များစွာကို ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့်သူ၏ ဗဟိုယိမ်းမူဝါဒများအတွက် ဆာ့ဘ်လူမျိုးတို့၏ ထောက်ခံမှုကို စုဆောင်းရယူနိုင်ခဲ့သည်။ မီလိုဆီဗစ်သည် အနောက်ပိုင်း နိုင်ငံများဖြစ်သော ဆလိုဗေးနီးယားနှင့် ခရိုအေးရှားတို့မှ အတိုက်အခံ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့က အရှေ့ဥရောပတွင် အားနည်းလာသော ကွန်မြူနစ်ဝါဒအစား ပို၍ဒီမိုကရေစီနည်းကျသော နိုင်ငံထူထောင်ရန် အကြံပြုလာကြသည်။ ယူဂိုဆလားဗီးယား ကွန်မြူနစ်ပါတီ တပ်ပေါင်းစုကို ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံအလိုက် ဖျက်သိမ်းခဲ့သည်။
၁၉၉၀ ပြည့်နှစ်အတွင်း ကွန်မြူနစ်များသည် အာဏာကို ခွဲထွက်ရေးဝါဒီ ပါတီများသို့ လွှဲပေးလိုက်ရပြီး ပထမဆုံး ပါတီစုံစနစ် ရွေးကောက်ပွဲများကို ဆားဘီးယားနှင့် မွန်တီနိဂရိုးနိုင်ငံတို့မှလွဲ၍ အခြားနိုင်ငံများ၌ ကျင်းပခဲ့သည်။ ဆားဘီးယားနှင့် မွန်တီနိဂရိုးတို့၌မူ မီလိုဆီဗစ်နှင့် သူ၏ မဟာမိတ်များ အာဏာရရှိခဲ့သည်။
အုပ်စုအသီးသီးတို့၏ အမျိုးသားရေးဝါဒများသည် ပို၍ပို၍ အရှိန်မြင့်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပြည်ထောင်စု အတွင်းရှိ တစ်နိုင်ငံပြီးတစ်နိုင်ငံ လွတ်လပ်ရေး ကြေညာကြတော့ရာ ပြည်ထောင်စုအတွင်း၌ ဆားဘီးယားနှင့် မွန်တီနိဂရိုးသာ ကျန်ခဲ့သည်။ သို့သော် ဆားဘီးယားပြင်ပတွင် နေထိုင်သော ဆာ့ဘ်လူနည်းစုများကိစ္စကို ဖြေရှင်းနိုင်မှု မရှိသေးပေ။ လူမျိုးစုများအကြား မကျေလည်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ယူဂိုဆလက်ဗ်စစ်ပွဲများ ဖြစ်ပွားသည်။ ခရိုအေးရှား၌ ဦးစွာဖြစ်ပွားပြီး ယင်းနောက် အပြင်းထန်ဆုံးအဖြစ် လူမျိုးပေါင်းစုံနေထိုင်သော ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားတွင် ဖြစ်ပွားသည့် စစ်ပွဲများက ဒေသတွင်းတွင် ရေရှည်စီးပွားရေးနှင့် နိုင်ငံရေး ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

 
ယူဂိုဆလားဗီးယားပြိုကွဲရခြင်း အကြောင်းများ
(၁) ဖွဲ့စည်းပုံပြဿနာများ
ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင် လူမျိုးစုများအရ အကြမ်းဖျင်း ပိုင်းခြားထားသော အဖွဲ့ရှစ်ခု ပါဝင်သည်။ နိုင်ငံခြောက်နိုင်ငံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုတို့ဖြစ်သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယူဂိုဆလားဗီးယား သမ္မတရုံးကို ယူဂိုဆလက်သမ္မတ အဖွဲ့ဖြင့် အစားထိုးခဲ့သည်။ ယင်းအဖွဲ့တွင် ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ဆားဘီးယား၊ မွန်တီနိဂရိုးနှင့် မက်ဆီဒိုးနီးယားတို့မှ ကိုယ်စားလှယ် တစ်ဦးစီအပြင် ဆားဘီးယားအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုဖြစ်သော ဗိုဗိုဒီနာနှင့် ကိုဆိုဗိုတို့မှ ကိုယ်စားလှယ် တစ်ဦးစီ အငြင်းပွားဖွယ ပါဝင်လျက် စုစုပေါင်းရှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းအဖွဲ့သည် ပြည်ထောင်စု၏ ဦးသျှောင်အဖွဲ့ ဖြစ်သည်။
၁၉၄၅ ခုနှစ်တွင် ယူဂိုဆလားဗီးယား ပြည်ထောင်စု စတင်ဖွဲ့စည်းကတည်းက ဆားဘီးယား၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခု ပါဝင်သည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆားဘီးယား ဗဟိုအစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုအပေါ် သြဇာသည် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ ယင်းဒေသနှစ်ခုအပေါ် ကျင့်သုံးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အကောင်အထည် ဖော်ရန်အတွက် ဆားဘီးယားအစိုးရတွင် အကန့်အသတ်များစွာ ရှိနေသည်။ ယင်းဒေသများသည် ယူဂိုဆလားဗီးယား သမ္မတအဖွဲ့၌ မဲတစ်မဲပေးပိုင်ခွင့်ရှိပြီး ယင်းမဲသည် ဆားဘီးယားအကြိုက် အမြဲတမ်း မဖြစ်နိုင်ပေ။ ဆားဘီးယားတွင် ယင်းဖွံ့ဖြိုးမှုများအပေါ် အကြီးအကျယ် မကျေမချမ်းဖြစ်လျက်ရှိပြီး အမျိုးသားရေးဝါဒီများက ဆားဘီးယားကို ခွဲခြမ်းထားခြင်းဟု ရှုမြင်ကြသည်။
၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် “ယူဂိုဆလားဗီးယား အင်အားကောင်းရန် ဆားဘီးယားကို အင်အားချည့်နဲ့စေသည်” ဟူသည့် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေရုံသာမက ဆားဘီးယား အမျိုးသားရေး ခံစားချက်ကိုလည်း ထိုးနှက်လိုက်သကဲ့သို့ရှိသည်။ ဆာ့ဘ်အများစုသည် ကိုဆိုဗိုကို ၎င်းတို့၏ နိုင်ငံအစပျိုးရာ အရပ်ဟု ရှုမြင်ကြပြီး ယင်းဒေသတွင် အများစုရှိနေသည့် အယ်ဘေးနီးယန်းများထံသို့ ဆုံးရှုံးလိုက်ရမည်ကို လက်မခံနိုင် ဖြစ်ကြရသည်။
တီတိုး၏ ၁၉၇၄ ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် သမ္မတအဖွဲ့တွင် ပါဝင်သော ခေါင်းဆောင်ရှစ်ဦးအနေဖြင့် တစ်နှစ်လျှင် တစ်ဦးအလှည့်ကျ သမ္မတအဖြစ် တာဝန်ယူရမည့် စနစ်တစ်ရပ်ကို ထူထောင်ခဲ့သည်။ တီတိုးကွယ်လွန်ပြီးနောက် ယင်းကဲ့သို့ အချိန်တိုကလေးသာ သမ္မတအဖြစ် တာဝန်ယူရမှုသည် ထိရောက်မှုမရှိကြောင်း အကြီးအကျယ် ပြသလိုက်သည်။ ယင်းစနစ်ကြောင့် အာဏာလစ်ဟာမှု ဖြစ်ပေါ်ကြောင်း ၁၉၈၀ ပြည့်လွန်နှစ်များတစ်လျှောက် သိသာထင်ရှားလာခဲ့သည်။
 
(၂) စီးပွားရေးပြိုလဲခြင်းနှင့် နိုင်ငံတကာ အခြေအနေ
တီးတိုးကွယ်လွန်သွားခဲ့ပြီး ဆိုဗီယက်ယူနီယံတွင် မီခေးဂေါ်ဘာချက်၏ ပယ်ရီစထွိုင်ကာနှင့် ဂလက်စနော့တို့ ပေါ်ထွန်းလာခြင်းနှင့်အတူ အနောက်တိုင်းသည် ဆိုဗီယက်ယူနီယံ၏ ရည်မှန်းချက်ဖြစ်သော ယူဂိုဆလားဗီးယားသည် အချက်အချာကျသော မဟာဗျူဟာအရ အရေးပါမှု မရှိတော့ဟူသည့် အချက်ကြောင့် အနောက်တိုင်းသည် လုံခြုံမှု အလုံအလောက်ရှိသည်ဟု ခံစားလာရသည်။ ဥရောပအသိုင်းအဝိုင်းနှင့် အမေရိကန်တို့သည် ယူဂိုဆလားဗီးယား၏ မဟာမိတ်မဟုတ်ဘဲ ကုန်သွယ်ရေးအရ အကြီးအကျယ် ဆက်ဆံမှု ရှိနေသော်လည်း ရီဂင်အစိုးရသည် NSDD 133 ဟုခေါ်သော ၁၉၈၄ အမျိုးသားလုံခြုံရေး လျှို့ဝှက်ဆုံးဖြတ်ချက်အရ ယူဂိုဆလားဗီးယား၏ စီးပွားရေးကို အထူးပစ်မှတ်ထားခဲ့သည်။ ယင်းနောက် ၁၉၉၀ ပြည့်နှစ်တွင် NSDD 54 အဖြစ် ယင်းဆုံးဖြတ်ချက်ကို ချဲ့ထွင်ခဲ့သည်။ NSDD 54 ၌ အမေရိကန်သည် အရှေ့ဥရောပ နိုင်ငံများကို ဈေးကွက်စီးပွားရေးစနစ်သို့ ဝင်ရောက်လာအောင် ပြန်လည်ဆွဲသွင်းပြီး ကွန်မြူနစ်အစိုးရများနှင့် ပါတီများကို ဖြုတ်ချရန်အတွက် တိတ်တဆိတ် တော်လှန်ရေးတစ်ရပ် ဖြစ်လာစေရန် အားပေးအားမြှောက်ပြုရန် ပါရှိသည်။
ဤသို့နှင့် ယူဂိုဆလားဗီးယား ကွန်မြူနစ်ပါတီ ဆက်လက်ရှင်သန်နိုင်ရန်အတွက် မှီခိုနေရသော ပြင်ပအခြေအနေ ကောင်းများသည် ပျောက်ကွယ်စ ပြုလာသည်။ ၎င်းအပြင် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းတစ်လွှားတွင် ကွန်မြူနစ်ဝါဒကျဆုံးခြင်းက ယူဂိုဆလားဗီးယားကို ထပ်မံနှိပ်စက်ပြန်သည်။ အစိုးရအတွင်းပိုင်း၌ သဘောထားကွဲလွဲခြင်းများ၊ (ထုတ်လုပ်မှုရေရှည် လျော့ကျခြင်းနှင့် ခေါင်းဆောင်ပိုင်း၏ ဆုံးဖြတ်ချက်ဖြစ်သော လူအားလုံးကို အလုပ်ခန့်ထားရေး မူဝါဒတို့ကြောင့်) စီးပွားရေးကျဆင်းခြင်းနှင့် လူမျိုးရေးနှင့် ဘာသာရေးအရ တင်းမာမှုများ ဖြစ်ပေါ်လာခြင်းတို့သည် ယူဂိုဆလားဗီးယား ပြည်ထောင်စုကို အပြင်းအထန် ထိခိုက်စေခဲ့သည်။ ယူဂိုဆလားဗီးယား၏ မဟာမိတ်ဖွဲ့မထားသော အနေအထားက ဥရောပနှင့် အမေရိက စူပါပါဝါနှစ်ရပ်စလုံးဆီမှ ငွေချေးရသည့်ကိန်း ဆိုက်ခဲ့သည်။ အမေရိကနှင့် အနောက်တိုင်းတို့ကို ယင်းကဲ့သို့သော ပုံစံမျိုးဖြင့် ထိတွေ့ရသောကြောင့် ယူဂိုဆလားဗီးယား၏ ဈေးကွက်များကို ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ အခြားနိုင်ငံများထက်ပို၍ အချိန်စောကာ ပွင့်သွားစေခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ ကာလသည် အနောက်တိုင်း စီးပွားရေးအကူအညီများဖြင့် ရပ်တည်ခဲ့ရသော ဆယ်စုနှစ် ဖြစ်ခဲ့သည်။ ခြိုးခြံချွေတာနေရသော ဆယ်စုနှစ်သည် ဆားဘီးယား အုပ်ချုပ်သူ လူတန်းစားအလွှာကိုရော အစိုးရ၏ ဥပဒေပြုမှုအရ အကျိုးအမြတ်များ ရရှိသည်ဟု ရှုမြင်ခံထားရသော လူနည်းစု တိုင်းရင်းသားများ အပေါ်ကိုပါ လူအများစု ပြည်သူများ၏ မကျေနပ်ချက်များ ကြီးထွားလာစေခဲ့သည်။
 
(၃) တီတိုးကွယ်လွန်မှုနှင့် ကွန်မြူနစ်ဝါဒ အားနည်းလာမှု
၁၉၈၀ ပြည့်နှစ် မေ ၄ ရက်တွင် တီတိုးကွယ်လွန်သွားခဲ့သည်။ တီတိုးကို လစ်ဘရယ်အတွေးအခေါ်ရှိသူဟု မှတ်ယူရန် ခက်ခဲလှသော်လည်း သူကွယ်လွန်သွားခြင်းသည် နိုင်ငံတကာမှ နိုင်ငံရေးလေ့လာသူ အများအပြားက ယူဂိုဆလားဗီးယား၏ အဓိကညီညွတ်ရေးအင်အားဟု ခေါ်ဆိုသောအရာကို နုတ်ပယ်ပစ်လိုက် သကဲ့သို့ရှိသည်။ တီတိုးကွယ်လွန်ပြီးသည့်နောက် ယူဂိုဆလားဗီးယားတွင် လူမျိုးစုတို့၏ တင်းမာမှုများ ကြီးထွား၍ လာတော့သည်။ ယူဂိုဆလားဗီးယားတွင် ဖြစ်ပေါ်လာသော အကျပ်အတည်းများသည် ၁၉၈၉ ခုနှစ်တွင် စစ်အေးခေတ်ပြီးဆုံးသည့် အမှတ်သညာဖြစ်သော ဘာလင်တံတိုင်းပြိုကျမှုနှင့်အတူ အရှေ့ဥရောပတွင် ကွန်မြူနစ်နိုင်ငံများ အင်အားချည့်နဲ့လာခြင်းနှင့် ဆက်နွှယ်နေသည်။ ယူဂိုဆလားဗီးယားတွင် အမျိုးသားကွန် မြူနစ်ပါတီသည် အိုင်ဒီယိုလိုဂျီအစွမ်း ပျောက်ဆုံးသွားခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ဆားဘီးယား သိပ္ပံနှင့်ဝိဇ္ဇာအကယ်ဒမီ (SANU) က အမျိုးသားရေးစိတ်ဓာတ် သိသိသာသာ မြင့်တက်လာအောင် ဝါဒဖြန့်ခဲ့သည်။ ဆားဘီးယား ဗဟိုအစိုးရ၏ အားနည်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် အငြင်းပွားဖွယ်ရာ SANU သဘောထား ကြေညာချက်စာတန်း ထွက်ပေါ်လာသည်။
ဆားဘီးယားရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ကိုဆိုဗိုတွင် ဆာ့ဘ်လူမျိုးများနှင့် အယ်ဘေးနီးယန်း လူမျိုးများအကြား ပြဿနာများ တစ်ဟုန်ထိုး မြင့်တက်လာသည်။ ယင်းပြဿနာများက ကိုဆိုဗိုနှင့် ဆားဘီးယားရှိ စီးပွားရေးပြဿနာများနှင့် ပူးပေါင်းသွားပြီး ၁၉၇၄ ဖွဲ စည်းပုံ အခြေခံဥပဒေအပေါ် ဆာ့ဘ်တို့၏ မကျေနပ်ချက်များကို ပို၍ပင် ကြီးထွားလာစေခဲ့သည်။ ကိုဆိုဗိုရှိ အယ်ဘေးနီးယန်းတို့က ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်ခု အနေအထားရရှိရန် စတင်တောင်းဆိုလာသည်။ အထူးသဖြင့် ၁၉၈၁ ခုနှစ်တွင် ကိုဆိုဗို၌ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းတို့ကို ဆာ့ဘ်လူထုက ဆာ့ဘ်လူမျိုးများအပေါ် စိတ်ပျက်ဖွယ် ထိုးနှက်ချက်တစ်ရပ်အဖြစ် ရှုမြင်ခဲ့သည်။ ဆာ့ဘ်လူမျိုးများသည် ကိုဆိုဗိုနှင့် ခွဲခြားမရအောင် ဆက်နွှယ်နေသည်ဟူသော သမိုင်းအထောက်အထားများ ရှိသောကြောင့်ဖြစ်သည်။ ကိုဆိုဗိုခွဲ ထွက်သွားခြင်းသည် ကိုဆိုဗိုတွင် နေထိုင်သည့် ဆာ့ဘ်များအတွက်  အကြီးအကျယ် ပျက်စီးကိန်း ဆိုက်စေလိမ့်မည်ဟု ရှုမြင်ကြသည်။ ယင်းသည် ကိုဆိုဗိုရှိ လူများစုဖြစ်သော အယ်ဘေးနီးယန်းများကို နှိပ်ကွပ်ရေးဆီသို့ ဦးတည်သွားစေသည်။

မီလိုဆီဗစ်
 
ဘော့စနီးယားစစ်ပွဲ
ဘော့စနီးယားစစ်ပွဲသည် ၁၉၉၂  ခုနှစ် ဧပြီ ၆ ရက်မှ ၁၉၉၅ ခု နှစ် ဒီဇင်ဘာ ၁၄ ရက်အကြား ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၌ ဖြစ်ပွားသော အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်သည်။ အဓိက ရန်ဘက်အုပ်စုများမှာ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား အစိုးရတပ်များနှင့် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ Repulika Srpska ဟုခေါ်ဆိုသည့်ဒေသနှင့် ဟာဇက်-ဘော့စနီးယားခေါ်ဆိုသော ဒေသမှ မိမိတို့ကိုယ်မိမိတို့ ဘော့စနီးယားဆာ့ဘ်နှင့် ဘော့စနီးယားခရိုအက်ဟု ခေါ်ဆိုကြသော အဖွဲ့များဖြစ်သည်။ ယင်းဘော့စနီးယား ဆာ့ဘ်အဖွဲ့နှင့် ဘော့စနီးယား ခရိုအက်အဖွဲ့တို့ကို ဆားဘီးယားနှင့် ခရိုအေးရှားတို့က အသီးသီးဦးဆောင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ဘော့စနီးယားစစ်ပွဲသည် ယူဂိုဆလားဗီးယား ပြိုကွဲခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ ၁၉၉၁ ခုနှစ်တွင် ဆလိုဗေးနီးယားနှင့် ခရိုအေးရှားတို့ ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ခွဲထွက်သွားပြီးနောက် လူမျိုးပေါင်းစုံ နေထိုင်သည့်  ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားသည် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည်။ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားတွင် မွတ်စလင် အများစုဖြစ်သော ဘော့စနစ် ၄၄ ရာခိုင်နှုန်း၊ ရှေးရိုးခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ဆာ့ဘ် ၃၂ ဒသမ ၅ ရာခိုင်နှုန်း၊ ကက်သလစ် ဘာသာဝင်အများစုဖြစ်သော ခရိုအက် ၁၇ ရာခိုင်နှုန်းတို့ နေထိုင်သည်။
ယင်းဆန္ဒခံယူပွဲကို ဘော့စနီးယားဆာ့ဘ် ကိုယ်စားလှယ်များက ပယ်ချကာ သပိတ်မှောက်လျက် ၎င်းတို့ကိုယ်ပိုင်နိုင်ငံ ထူထောင်ခဲ့သည်။ နိုင်ငံတကာက အသိအမှတ်ပြုခဲ့သော ဘော့စနီးယားနှင့် ဟာဇီဂိုး ဗီးနားလွတ်လပ်ရေးကို ကြေညာခဲ့ပြီးနောက် ဆလိုဘိုဒင်မီလိုဆီဗစ်၏ ဆားဘီးယားအစိုးရနှင့် ယူဂိုဆလက် ပြည်သူ့တပ်မတော် (JNA) တို့က ထောက်ပံ့သော ဘော့စနီးယားဆာ့ဘ်များသည် ၎င်းတို့၏ တပ်များကို ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းခဲ့သည်။ ယင်းမှာ ဆာ့ဘ်တို့၏ ပိုင်နက်များကို ကာကွယ်ရန်ဖြစ်သည်။ ယင်းနောက် စစ်ပွဲသည် နိုင်ငံတစ်လွှား ပျံ့နှံ့သွားပြီး အထူးသဖြင့် ဘော့စနီးယား အရှေ့ပိုင်းနှင့် Repulika Srpska ဟုခေါ်ဆိုသည့် ဒေသတစ်လျှောက် မွတ်စလင်ဘော့စနစ်များနှင့် ခရိုအက်လူမျိုးများကို လူမျိုးသုဉ်း သတ်ဖြတ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
ယင်းစစ်ပွဲသည် မူအရ နယ်မြေပိုင်ဆိုင်မှု ပဋိပက္ခဖြစ်ပြီး အစောပိုင်းတွင် Repulika Srpska တပ်မတော်က အဓိကစုစည်းထားသော ဆာ့ဘ်တပ်များက တစ်ဘက်နှင့် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား အစိုးရတပ်များ (ARBiH) ကတစ်ဖက်ဖြစ်သည်။ ARBiH တွင် မွတ်စလင်ဘော့စနစ် အများအပြားနှင့်  ခရိုအေးရှား ကာကွယ်ရေးကောင်စီ (HVO) မှ ခရိုအက်တပ်များ ပါဝင်သည်။ ခရိုအက် လူမျိုးများကလည်း ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားရှိ ခရိုအက်လူမျိုးများ၏ နယ်မြေများကို ကာကွယ်ရန် ရည်ရွယ်သည်။ ဆာ့ဘ်နှင့် ခရိုအက်နိုင်ငံရေး ခေါင်းဆောင်များသည် ကရာဒေါဒီဗိုနှင့် ဂရက်ဇ်သဘောတူညီချက်များအရ ဘော့စနီးယားကို ခွဲခြမ်းရေး၌ သဘောတူညီမှုရရှိခဲ့ပြီး ခရိုအက်တပ်များသည် ARBiH ကို တိုက်ခိုက်ကာ ခရိုအက်-ဘော့စနစ် စစ်ပွဲဖြစ်ပေါ်လာသည်။ ဘော့စနီးယားစစ်ပွဲ၌ ထင်ရှားသော အချက်များမှာ ခါးခါးသီးသီး တိုက်ခိုက်ကြခြင်း၊ မြို့ကြီး မြို့ငယ်များကို အရပ်သားများ နေထိုင်ရာဟု ခွဲခြားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူမျိုးစုလိုက် သုတ်သင်ခြင်းနှင့် စနစ်တကျ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းတို့ဖြစ်သည်။ ယင်းပြစ်မှုများ အဓိကအားဖြင့် ဆာ့ဘ်တပ်များက ကျူးလွန်ကြပြီး ခရိုအက်နှင့် ဘော့စနစ်တပ်များလည်း အထိုက်အလျောက် ကျူးလွန်ခဲ့ကြသည်။ ဆာရာယေဗိုကို သိမ်းပိုက်ခြင်းနှင့် ဆရီဘရင်နီကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတို့သည် နောင်အခါ စစ်ပွဲ၏ ထင်ရှားသော အမှတ်သညာများ ဖြစ်လာသည်။
အစောပိုင်းတွင် JNA က ထောက်ပံ့သော လက်နက်များနှင့် အရင်းအမြစ်များကြောင့် လည်းကောင်း၊ ဝါရှင်တန် သဘောတူညီချက်နောက်ပိုင်း ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ ထူထောင်လိုက်ခြင်းနှင့်အတူ Repulika Srpska ကိုဆန့်ကျင်လျက် ဘော့စနစ်နှင့် ခရိုအက်တို့ မဟာမိတ်ဖွဲ့ခဲ့သည့် အရှိန်အဟုန် ပျက်သုဉ်းသွားသောကြောင့် လည်းကောင်း ဆာ့ဘ်တို့က အသာစီးရရှိခဲ့သည်။ ဆရီဘရင်ကာနှင့် မာကေးသတ်ဖြတ်ပွဲများပြီးနောက် နေတိုးစစ်အုပ်စုက ကြားဝင်လာပြီး Repulika Srpska တပ်များ နေရာယူထားသည့် နေရာများကို ပစ်မှတ်ထားလျက် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ ယင်းအချက်က စစ်ပွဲကို အဆုံးသတ် သွားစေခဲ့သည်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ပါရီမြို့၌ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ငြိမ်းချမ်းရေး သဘောတူညီချက် အထွေထွေမူဘောင်ကို လက်မှတ်ရေးထိုးပြီးနောက် စစ်ပွဲပြီးဆုံးခဲ့သည်။
ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများကို အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့၌ ကျင်းပပြီး ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အပြီးသတ်ခဲ့သည်။ ကုလသမဂ္ဂနှင့် အမ်ချာရစ်ဘတ်ဆီယွန်းနီ ဦးဆောင်သောအဖွဲ့တို့ ဦးဆောင်တင်သွင်းသော အစီရင်ခံစာ တစ်စောင်အရ စစ်ပွဲတွင် ပါဝင်သော အဖွဲ့အားလုံးသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရသည်။ ယင်းပြစ်မှုများ၏ ရာခိုင်နှုန်း ၉၀ ကို ကျူးလွန်ခဲ့သည်မှာ ဆားဘီးယားတပ်များဖြစ်ပြီး ခရိုအေးရှားတပ်များက ခြောက်ရာခိုင်နှုန်းနှင့် မွတ်စလင်တပ်များက လေးရာခိုင်နှုန်းကို ကျူးလွန်ခဲ့ကြသည်။ ယင်းအစီရင်ခံစာကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်သော CIA ၏ သုံးသပ်ချက်များက အတည်ပြုထောက်ခံခဲ့သည်။
၂၀၀၈ ခုနှစ်အစောပိုင်းအထိ အပြည်ပြည်ဆိုင်ရာ ပြစ်မှုတရားရုံးသည် ဆာ့ဘ် ၄၅ ဦး၊ ခရိုအက် ၁၂ ဦးနှင့် ဘော့စနစ်လေးဦးတို့အား စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်စီရင်ခဲ့သည်။ နောက်ဆုံးခန့်မှန်းချက်များအရ ဘော့စနီးယားစစ်ပွဲအတွင်း လူပေါင်း ၁၀၀,၀၀၀ သေဆုံးကြောင်း သိရှိရသည်။ ခန့်မှန်းချက်များအရ ဘော့စနစ်အများစု ပါဝင်သော အမျိုးသမီးပေါင်း ၂၀,၀၀၀ မှ ၅၀,၀၀၀ ခန့်သည် မုဒိမ်းကျင့်ခံခဲ့ရပြီး လူပေါင်း ၂ ဒသမ ၂ သန်း နေရပ်ကို စွန့်ခွာထွက်ပြေး ခဲ့ကြရသည်။ ဘော့စနီးယားစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတွင် အဆိုးရွားဆုံး စစ်ပွဲဖြစ်ခဲ့သည်။
 
ဆလိုဗိုဒင် မီလိုဆီဗစ်
ဆလိုဗိုဒင် မီလိုဆီဗစ် (၁၉၄၁- ၂၀၀၆) သည် ၁၉၈၉ ခုနှစ် မေ ၈ ရက်တွင် ယူဂိုဆလားဗီးယား၌ ပါဝင်သော ဆားဘီးယားနိုင်ငံ၏ သမ္မတ ဖြစ်လာသည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အသစ်ဖွဲ့စည်းလိုက်သော ယူဂိုဆလားဗီးယား၌ ပါဝင်သော ပထမဆုံး ဆားဘီးယားနိုင်ငံ သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
သူသည် ၁၉၉၀ ပြည့်နှစ်၌ စတင်ထူထောင် လိုက်ချိန်မှစ၍ ဆားဘီးယား ဆိုရှယ်လစ်ပါတီကိုလည်း ဦးဆောင်ခဲ့သည်။ သူနှင့်သူ့ အားထောက်ခံသူများက ၁၉၇၄ ခု နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြပြီးနောက် မီလိုဆီဗစ်သည် ဆားဘီးယား သမ္မတအဖြစ် အာဏာရလာခြင်းဖြစ်သည်။ ကိုဆိုဗိုဒေသတွင် အယ်ဘေးနီးယန်း ခွဲထွက်ရေးသမားများကြောင့် မတည်ငြိမ်မှုများ မဖြစ်ပွားစေရန် ဆားဘီးယားကို နှိမ်ထားပြီး နိုင်ငံရေးစွမ်းရည် ကျဆင်းအောင် ပြုလုပ်ထားသည်ဟု စွပ်စွဲလျက် ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြခြင်းဖြစ်သည်။
မီလိုဆီဗစ် ဆားဘီးယားသမ္မတ ဖြစ်လာခြင်းသည် ၁၉၈၀ ပြည့်လွန်နှစ်များမှ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆားဘီးယားဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကပြုပြင် ပြောင်းလဲမှုများစွာကို ဖြစ်စေခဲ့သည်။ ယင်းသည် ဆားဘီးယားအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ အာဏာကို လျှော့ချပစ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ဆားဘီးယားကို မာ့က်စ်-လီနင်တစ်ပါတီစနစ်မှ ပါတီစုံစနစ်သို့ ကူးပြောင်းစေခဲ့သည်။ ၁၉၇၄ ခုနှစ် ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်းက ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲစေခဲ့ပြီး ဘော့စနီးယားစစ်ပွဲ အပါအဝင် ယူဂိုဆလက်စစ်ပွဲများ ဖြစ်ပွားစေခဲ့သည်။ ယခင်ယူဂိုဆလားဗီးယား ပြည်ထောင်စုတွင် ပါဝင်သော ဆားဘီးယားနှင့် မွန်တီနိဂရိုးပေါင်းကာ ယူဂိုဆလားဗီးယား ပြည်ထောင်စုအသစ်ကို ထူထောင်ခဲ့သည်။ ဘော့စနီးယား စစ်ပွဲပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် မီလိုဆီဗစ်အစိုးရ ပြုတ်ကျသွားခဲ့သည်။
၁၉၉၉ ခုနှစ်တွင် နေတိုးစစ်အုပ်စုက ယူဂိုဆလားဗီးယားကို ဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှပင် မီလိုဆီဗစ်ကို ယခင်ယူဂိုဆလားဗီးယားအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICTY) က ဘော့စနီးယား၊ ခရိုအေးရှားနှင့် ကိုဆိုဗိုတို့တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခြင်းတို့ အပါအဝင် စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့သည်။
၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက် သမ္မတရွေးကောက်ပွဲ အငြင်းပွားမှုပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည့်အကြာ မီလိုဆီဗစ် သမ္မတအဖြစ်မှ အနားယူသွားခဲ့သည်။ ၂၀၀၁ ခုနှစ် မတ် ၃၁ ရက်တွင် ယူဂိုဆလက်ဖက်ဒရယ် အာဏာပိုင်များက ခြစားမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် မီလိုဆီဗစ်ကို ဖမ်းဆီးခဲ့သည်။ မီလိုဆီဗစ်ကို အစောပိုင်း စစ်ဆေးမှုများအရ သက်သေအထောက်အထား မခိုင်လုံဖြစ်ခဲ့ပြီး ဆားဘီးယားဝန်ကြီးချုပ် ဇိုရန်ဒင်ဒစ်သည် စစ်ရာဇဝတ်မှုများကို ရင်ဆိုင်စေရန် မီလိုဆီဗစ်ကို ICTY သို့ လွှဲပြောင်းပေးခဲ့သည်။
အမှုစတင်စစ်ဆေးစဉ်မှာပင် မီလိုဆီဗစ်က ICTY သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်း မဟုတ်သောကြောင့် တရားမဝင်ဟုဆိုကာ ခုံရုံးအဖွဲ့ကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် သူ့အားခုခံ ကာကွယ်ပေးမည့် ရှေ့နေအဖွဲ့ ခန့်ထားရန် ငြင်းပယ်ခဲ့သည်။ ငါးနှစ်ကြာ အမှုစစ်ဆေးမှုများအတွင်း မီလိုဆီဗစ်သည် သူ့ဘာသာ အမှုအတွက် ခုခံကာကွယ်ခဲ့သည်။
မီလိုဆီဗစ်သည် ၂၀၀၆ ခုနှစ် မတ် ၁၁ ရက်တွင် သည်ဟိတ်မြို့ရှိ အချုပ်ခန်းအတွင်း သေဆုံးသွား သောကြောင့် သူ၏ အမှုသည် စီရင်ချက် မချလိုက်ရဘဲ ပြီးဆုံးသွားခဲ့သည်။ နှလုံးရောဂါနှင့် သွေးတိုးရောဂါရှိသော မီလိုဆီဗစ်သည် ရုတ်တရက် နှလုံးရောဂါဖောက်ကာ သေဆုံးသွားခြင်ဖြစ်သည်။ ခုံရုံးအဖွဲ့က မီလိုဆီဗစ် သေဆုံးမှုအတွက် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့သည်။ ခုံရုံးအဖွဲ့၏ ကြေညာချက်တွင် မီလိုဆီဗစ်သည် သူ့အားကုသရန်ပေးသည့် ဆေးဝါးများကို လက်ခံရန် ငြင်းပယ်ခဲ့ပြီး မိမိကိုယ်မိမိ ဆေးကုသခဲ့သည်ဟု ဆိုသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICJ) က ဘော့စနီးယားစစ်ပွဲအတွင်း ဘော့စနီးယားဆာ့ဘ်များက ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများသည် ဆားဘီးယားနှင့် လည်းကောင်း၊ မီလိုဆီဗစ်နှင့်လည်းကောင်း ဆက်နွှယ်နေကြောင်း အထောက်အထားမတွေ့ရဟု ထုတ်ပြန်ခဲ့သည်။ သို့သော် တရားရုံးက မီလိုဆီဗစ်နှင့် အခြားဆားဘီးယား နိုင်ငံသားများသည် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်ပေါ်ရေး ကာကွယ်ရန်ပျက်ကွက်ခြင်း၊ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ရက်ကိုမလာဒစ် အပါအဝင် လူအစုအပြုံလိုက် သတ်ဖြတ်ခဲ့မှုအား ကြိုးကိုင်ခဲ့သူတို့ကို အပြစ်ပေးရန်အတွက် ICTY နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းတို့အတွက် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ တာဝန်ရှိမှုကို ချိုးဖောက်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နေ့စွဲ ဖော်ပြမထားသော ပုံတွင် ရက်ကို မလာဒစ် (လယ်)နှင့် သူ၏ လက်အောက်အရာရှိများ ဂိုရက်ဒေးဒေသ၌ နောက်ထပ်တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေစဉ်
ရက်ကို မလာဒစ်
၁၉၄၂ ခုနှစ် မတ် ၁၂ ရက်တွင် မွေးဖွားခဲ့သော ရက်ကို မလာဒစ်သည် ယခင်ဘော့စနီးယားဆာ့ဘ် စစ်တပ်၏ ခေါင်းဆောင်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြစ်မှုများ၊ လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့မှု ပြစ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံရသူဖြစ်သည်။ ၂၀၁၁ ခုနှစ် မေ ၃၁ ရက်တွင် မလာဒစ်ကို သည်ဟိတ်မြို့ရှိ တရားရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး ICTY က စွဲဆိုထားသော အမှုများအတွက် အကျဉ်းခန်းအတွင်း၌ ထိန်းသိမ်းခံထားရသည်။ ၂၀၁၂ ခုနှစ် မေ ၁၆ ရက်တွင် သည်ဟိတ်မြို့၌ မလာဒစ်၏ အမှုကို စတင်စစ်ဆေးခဲ့သည်။
မလာဒစ်သည် ယူဂိုဆလက် စစ်ပွဲများအတွင်း ထင်ရှားလာခြင်းဖြစ်သည်။ သူသည် ယူဂိုဆလက် ပြည်သူ့တပ်မတော်၌ အဆင့်မြင့် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၉၂-၁၉၉၅ ဘော့စနီးယား စစ်ပွဲအတွင်း Repulika Srpska ၏ စစ်ဦးစီးချုပ်ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်တွင် ICT က တရားစွဲဆိုခဲ့သည်။ အမိန့်ပေးခြင်းနှင့် ပတ်သက်သော တာဝန်ရှိသူ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအဖြစ် မလာဒစ်အား ICTY က ဆာရာယေဗိုသိမ်းပိုက်မှု (၁၉၉၂ ခုနှစ် ဧပြီ ၅ ရက်မှ ၁၉၉၆  ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်) နှင့် ဆရီဘရင်နီ ကာအစုလိုက် အပြုံလိုက်သတ်ဖြတ်ပွဲတို့အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဆရီဘရင်နီကာ လူသတ်ပွဲသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတွင် အကြီးမားဆုံး သတ်ဖြတ်ပွဲကြီး ဖြစ်လာခဲ့သည်။ ထို့ကြောင့် အနောက်တိုင်း မီဒီယာများက မလာဒစ်အား “ဘော့စနီးယား သားသတ်သမား” ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ Repulika Srpska ၏ သမ္မတအဖြစ် တာဝန်ယူခဲ့သူ ရာဒိုဗင်ကရာဂျစ်ကိုလည်း တစ်ခါတစ်ရံ၌ ယင်းအမည်ဖြင့်ပင် ခေါ်ဆိုကြသည်။
၁၉၉၆ ခုနှစ် ဇူလိုင်လတွင် ICTY ၏ တရားရေးခန်းမအတွင်း ICTY ၏ ဆုံးဖြတ်ချက် ၆၁ အရ မလာဒစ်အား မျက်ကွယ်တရားစစ်ဆေးမှု စတင်ခဲ့သည်။ ဆားဘီးယားနှင့် အမေရိကန် အစိုးရတို့က မလာဒစ်အား ဖမ်းဆီးရန် သတင်းပေးသူကို ယူရိုငါးသန်းပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် မလာဒစ်အား ဖမ်းဆီးရမိရန် အရှိန်မြှင့်သည့် အနေဖြင့် ဆုငွေကို ယူရိုငါးသန်းမှ ၁၀ သန်းသို့ တိုးမြှင့်ခဲ့သည်။
သို့သော် မလာဒစ်သည် ၁၆ နှစ်နီးပါး တိမ်းရှောင်နိုင်ခဲ့သည်။ အစပိုင်းတွင် မလာဒစ်ကို ဆားဘီးယားနှင့် ဘော့စနီးယားဆာ့ဘ် တပ်များက အကာအကွယ် ပေးထားခဲ့ပြီး နောက်ပိုင်းတွင် မိသားစုက အကာအကွယ် ပေးခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် မေ ၂၆ ရက်တွင် သူ့အား ဆားဘီးယားနိုင်ငံ လာဇာရေဗိုမြို့၌ ဖမ်းဆီးရမိခဲ့သည်။ သူ့အား ဖမ်းဆီးပေးခြင်းသည် ဆားဘီးယား နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) သို့ ဝင်ခွင့်ရရန် ကြိုးပမ်းမှုတစ်ရပ်ဟု ရှုမြင်ကြသည်။
 
ပင်လုံစာချုပ်၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည်ထောင်စုပြိုကွဲနိုင်သည့် အန္တရာယ်
ဆားဘီးယားသမ္မတ ဆလိုဗိုဒင်မီလိုဆီဗစ်၏ ဆာ့ဘ်လူမျိုးများ သွေးစည်းညီညွတ်ရေးကို ထူထောင်ရန် ပြတ်သားသော ဆန္ဒသည် ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲရေးကို ခြိမ်းခြောက်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်။ မီလိုဆီဗစ်သည် ကိုဆိုဗိုရှိ အယ်ဘေးနီးယန်း အာဏာပိုင်များကို ဆန့်ကျင်ကာ တိုင်းရင်းသား လူမျိုးစုများအကြား တင်းမာမှုများကို မြင့်တက်စေခဲ့သူဖြစ်သည်။ မီလိုဆီဗစ်သည် ဆာ့ဘ်အမျိုးသားရေးဝါဒ (Nationalism) ကို မြင့်တက်စေအောင် ပြုလုပ်လျက် သြဇာထူထောင် ခဲ့သူဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ကိုဆိုဗိုနှင့် ဗိုဗိုဒီနာတို့၏ အခွင့်အာဏာများကို လျှော့ချရေးတောင်းဆိုလျက် လူကြိုက်များပြီး အာဏာရ လာသူဖြစ်သည်။ မီလိုဆီဗစ်နှင့် မဟာမိတ်များသည် ရန်လိုသော အမျိုးသားရေးဝါဒကို ဇောင်းတင်ကာ ဆာ့ဘ်လူမျိုးများ သက်သက်ကိုသာ အကာအကွယ်ပေးရေးအတွက် ဆားဘီးယားပြည်ထောင်စု ထူထောင်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ ပြည်ထောင်စုနေ့ဟု ခေါ်တွင်လာမည့် တောင်တန်းသားများနှင့် ဗမာတို့ပူးပေါင်းကာ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူရန် သဘောတူညီပြီး ပင်လုံစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီအချိန်၌ သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်ကြီးများ၊ ရှမ်းစော်ဘွား ကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။
ယင်းနောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း စစ်အာဏာရှင်များ အဆက်ဆက် လက်အောက်၌ ပင်လုံစိတ်ဓာတ်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးတို့ ပျောက်ဆုံးသွားခဲ့သည်။
ယခုအနေအထား၌ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအချို့ အားကောင်းလာခြင်းနှင့်အတူ စစ်မှန်သော ပြည်ထောင်စုနှင့် တိုင်းရင်းသားများ တန်းတူညီမျှရေးကို အလေးထား မျှော်လင့်လာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌လည်း စစ်မှန်သည့် ပြည်ထောင်စုစနစ်ကို အာမခံချက်ပေးမည့်သူတစ်ဦး အာဏာရလာမည့် အရေးကို မျှော်လင့်လာကြသည်။ ယင်းကဲ့သို့သော အနေအထားတွင် ၂၀၁၅ ရွေးကောက်ပွဲ မျှော်လင့်ချက်များပြိုကွဲကာ ဒီမိုကရေစီ ဆိတ်သုဉ်းရေးဆီသို့ ဦးတည်သွားခဲ့မည်ဆိုလျှင် မီလိုဆီဗစ်၏ မှားယွင်းသော လုပ်ရပ်များကြောင့် ယူဂိုဆလားဗီးယား ပြိုကွဲသွားသည့် အန္တရာယ်မျိုး မြန်မာနိုင်ငံပေါ်သို့လည်း ကျရောက်လာနိုင်သည်ကို သတိပြုသင့်ပါသည်။    
 

Most Read

Most Recent