ရွှေပြည်တော်မျှော်တိုင်းဝေး-၂

ရွှေပြည်တော်မျှော်တိုင်းဝေး-၂
Published 12 July 2015
နီမင်းဆွေ

‘လောကကြီးမှာ လူတွေ ဘာကြောင့် စစ်တိုက်နေကြတာလဲ။ တစ်ခွန်းတည်းနဲ့ပဲ ဖြေပါ’ လို့ဆိုရင် အဖြေတွေ များများစားစား ထွက်လာစရာ အကြောင်းတော့ မရှိပါဘူး။ အဲဒီ အဖြေတွေထဲမှာ ‘စီးပွားရေးကြောင့် စစ်တိုက်ရတာပါ’ ဆိုတဲ့ အဖြေတစ်ခုလည်း သေချာပေါက် ပါလာမှာပါပဲ။ငြိမ်းချမ်းရေး ဆွေးနွေးပွဲရယ်မှ မဟုတ်ပါဘူး။ လူဆိုတာ ဘယ်ပြဿနာကိုပဲ ဖြေရှင်းဖြေရှင်း သူ့အကျိုးစီးပွားကို မြင်အောင်ကြည့်တတ်ဖို့နဲ့ သူ့နေရာကနေဝင်ပြီး တွေးတတ်ဖို့ အရေးကြီးလှပါတယ်။ ‘ငါက သူတို့အတွက် စေတနာနဲ့ လုပ်ပေးနေတာ’ ဆိုတဲ့ စကားကိုလည်း ထည်လဲသုံးနေလို့ မဖြစ်ပြန်ပါဘူး။‘ငါတို့က စေတနာနဲ့ အခုလို လုပ်ပေးနေတာတွေဟာ မင်းတို့အတွက် အကျိုးကော ရှိရဲ့လား၊ မင်းတို့ သဘောကော ကျကြရဲ့လား၊ မင်းတို့က ဘယ်လိုဖြစ်ချင်တာတုန်း’ လို့လည်း မေးကြည့်သင့်ကြပါတယ်။ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဆိုတဲ့ ဝတ္ထုထဲမှာ တူဖြစ်သူ       ‘အက်ရှ်’ နဲ့ သူ့ရဲ့ အင်္ဂလန်က ဘကြီးဖြစ်သူတို့ ဒီသဘောတရားကို ဆွေးနွေးကြတဲ့ အခန်းဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ဇာတ်လမ်းကို ပြောပြရင်းနဲ့ သူတို့ တူဝရီးနှစ်ယောက်ရဲ့ တွေးခေါ်ကြပုံတွေကို တင်ပြချင်ပါတယ်။အက်ရှ်တို့ သားအမိ ရောက်သွားတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာ တောင်တန်းတစ်ခုပေါ်မှာရှိတဲ့ ‘ဂူးလ်ကုတ်’ မြို့လေးရဲ့ ‘လေညင်းသာ’ ဟော်နန်းမှာ စံမြန်းတဲ့ မဟာရာဂျာမှာ မဟာဒေဝီသုံးဦး ရှိခဲ့ပါတယ်။ ပထမ မဟာဒေဝီဟာ ‘လာလာဂျီ’ ဆိုတဲ့ သားတော်လေးတစ်ပါးကို မွေးဖွားပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒုတိယ မဟာဒေဝီကတော့ အဖေရုရှားလူမျိုး အမေစော်ဘွားသမီးဖြစ်ပြီး သူဟာလည်း ‘ဂျူလီ’ ဆိုတဲ့ သမီးလေးမွေးပြီး ကွယ်လွန်သွားပြန်ပါတယ်။ တတိယ မဟာဒေဝီကတော့ ‘ဂျာနူးဘိုင်’ ဆိုတဲ့ ကချေသည်မ တစ်ဦးဖြစ်ပြီး လှလည်းလှသလောက် ကောက်ကျစ်သူလည်း ဖြစ်ပါတယ်။ ဂျာနူးဘိုင်ဟာ သားတော်လေး ‘နန်ဒူး’ ကို မွေးဖွားပြီးတဲ့ အခါမှာတော့ မဟာရာဂျာ အရိုက်အရာကို အစဉ်အလာအရ ဆက်ခံပိုင်ခွင့်ရှိတဲ့ လာလာဂျီကို လုပ်ကြံဖို့ အကွက်ချပြီး စီစဉ်လာပါတယ်။ အဲဒီအချိန်မှာ အက်ရှ်က မြင်းထိန်းဆိုပေမယ့် သူ့ထက် အသက်နှစ်နှစ်လောက်ပဲကြီးတဲ့ လာလာဂျီအပါးမှာ အခစား အမြဲဝင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ မွေးစားအမေ သီတာကလည်း ဂျူလီရဲ့ အထိန်းတော် ဖြစ်ပါတယ်။ အက်ရှ်ဟာ မမျှော်လင့်ဘဲ လာလာဂျီရဲ့ အသက်ကို နှစ်ခါသုံးခါလောက် အမှတ်မထင် ဝင်ကယ်မိတဲ့ အချိန်မှာတော့ ဂျာနူးဘိုင်ဟာ အက်ရှ်ကိုလည်း လုပ်ကြံဖို့ ကြံစည်လာပါတော့တယ်။ ဒါ့ကြောင့် အက်ရှ်တို့ သားအမိဟာ လေညင်းသာဟော်နန်းကနေ အရဲစွန့်ပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီအရေးမှာ အကူအညီပေးသူကတော့ ဂျူလီပါပဲ။ အဲဒီအချိန်က အက်ရှ်ဟာ အသက် ၁၀ နှစ်တင်းတင်း မပြည့်သေးဘဲ ဂျူလီကတော့ သူ့ထက်ငယ်ပါတယ်။ ဂျူလီက သူ့လည်ပင်းမှာ အမြတ်တနိုးဆွဲထားတဲ့ ကနုကမာနဲ့ လုပ်ထားတဲ့ နှစ်ဖက်လှငါးရုပ်လေးကို လက်ဆောင်အဖြစ် အက်ရှ်ကို ပေးပါတယ်။ ဘာမှ ပြန်ပေးစရာမရှိလို့ အက်ရှ်က အဲဒီငါးရုပ်လေးကိုပဲ အလယ်ကနေ နှစ်ပိုင်းခြမ်းပြီး ကြိုးပါတဲ့အပိုင်းကို ဂျူလီ့ကို ပြန်ပေးခဲ့ပါတယ်။အက်ရှ်တို့သားအမိ ဟော်နန်းက ထွက်ပြေးလာပြီး မကြာခင်မှာ နဂိုကတည်းက မကျန်းမာတဲ့ အမေသီတာဟာ လမ်းမှာ ကွယ်လွန်သွားပါတယ်။ နောက်တော့ အက်ရှ်ဟာ ဗြိတိသျှတွေ တပ်စွဲထားတဲ့ မြို့တစ်မြို့ကို ရောက်သွားပါတယ်။ အက်ရှ်ရဲ့ မွေးမေရင်းရဲ့ အစ်ကိုကြီး ဗိုလ်ကြီးဝီလျံဟာ အဲဒီအချိန်မှာ မရှိတော့ပါဘူး၊ ကွယ်လွန်သွားခဲ့ပါပြီ။ ဒါ့ကြောင့် အက်ရှ်ဟာ သူ့ဆီမှာပါလာတဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဆီစိမ်ပုဆိုးနဲ့ပတ်ပြီး ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို ဗြိတိသျှတပ်မှူးကြီး တစ်ယောက်ကို ကမ်းပေးလိုက်ပါတယ်။ တပ်မှူးးကြီးက အထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ အက်ရ်ရဲ့အဖေ ရုက္ခဗေဒနဲ့ ဘာသာဗေဒပါမောက္ခ ‘ဟီလာရီ’ မသေခင်လေးမှာ ရေးထားခဲ့တဲ့ စာသုံးစောင်နဲ့ ရွှေဒင်္ဂါးပြားတွေကို တွေ့လိုက်ရပါတယ်။အက်ရှ်ဟာ အဲဒီနောက် မကြာခင်မှာ သင်္ဘောနဲ့ အင်္ဂလန်ကို ရောက်သွားပြီး သူ့အဖေရဲ့ အစ်ကိုကြီးဖြစ်သူ ဘကြီးမက်သယူးတို့အိမ်မှာ နေရပါတယ်။ ဘကြီးက ‘အိန္ဒိယ လူမျိုးတွေဟာ ပြည်နယ်တစ်ခုနဲ့တစ်ခု စစ်တိုက်နေကြတာကွ၊ ယောက်ျားသေရင် မိန်းမက မီးပုံထဲလိုက်ဆင်းပြီး အသေခံရတဲ့ ဓလေ့ထုံးတမ်း စဉ်လာတွေရှိတယ်။ ခရီးသွားတွေကိုသတ်ပြီး ယဇ်ပူဇော်တာတွေလည်း ရှိတယ်၊ ဒီထုံးတမ်းစဉ်လာတွေက တိုးတက်မှုကို နှေးကွေးစေတာပေါ့ကွာ။ တာဝန်ရှိတဲ့ ဘကြီးတို့က ဒီကိစ္စတွေကို ဘယ်လက်ခံနိုင်ပါ့မလဲ။ သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ အေးအေးချမ်းချမ်းနေရအောင် ဘကြီးတို့က အခုလို သွားပြီးနေပေးရတာပေါ့’ လို့ အက်ရှ်ကို ပြောပြပါတယ်။ ဟိမဝန္တာတောင်ပေါ်ဒေသမှာ ဖွားမြင်ခဲ့တဲ့ အရိုးခံ အက်ရ်က ‘ဘာဖြစ်လို့ အင်္ဂလန်နိုင်ငံမှာ တာဝန်ရှိရမှာလဲ၊ ဘကြီးတို့နဲ့ ဘာဆိုင်လို့လဲ၊ အိန္ဒိယနိုင်ငံက ဟိုအဝေးကြီးမှာရှိနေတဲ့ ဥစ္စာ’ လို့ နှုတ်လှံထိုးခဲ့ပါတယ်။‘အိန္ဒိယနိုင်ငံတော်ကြီး တိုးတက်အောင်တို့ တစ်တွေက လုပ်ပေးနေရတာ’ လို့ ဘကြီးက ဆက်ပြောနေတဲ့ အချိန်မှာ အက်ရှ်ကတော့ မဟာဒေဝီ ဘုံဆောင်ပေါ်ကနေ ဂျူလီနဲ့အတူ ကြည့်ခဲ့ရတဲ့ ဟိမဝန္တာ တောင်တန်းတွေပေါ်က နှင်းတွေဖုံးပြီး ဖြူဖွေးနေတဲ့ ‘ဒူးရ်ခိုင်မာ’ တောင်ထွတ်တောင်တန်းတွေကိုပဲ သတိရနေမိပါတယ်။ တိုးတက်လာတာတော့ ဟုတ်ပါရဲ့၊ သဘာဝအလှတွေ ပျောက်ကွယ်ကုန်ရင် ဘယ်လိုလုပ်ပါ့မလဲလို့လည်း အက်ရှ်တွေးပြီး ပူနေမိပါတယ်။အက်ရှ်ဟာ ပင်ကိုယ်က ဉာဏ်ကောင်းပြီး ကျန်းမာသန်စွမ်းသူဖြစ်တဲ့အတွက် ကျောင်းမှာစာတော်သလို အားကစားမှာလည်း ထူးချွန်ပါတယ်။ ဒါ့အပြင် အက်ရှ်ဟာ အဖေတူသားဖြစ်လို့ ဘာသာစကားသင်ယူတဲ့ နေရာမှာ ထူးချွန်တဲ့အတွက် အင်္ဂလိပ်စာပေနဲ့ စကားကို အချိန်တိုတိုအတွင်းမှာ တတ်မြောက်အောင် သင်ယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အထက်တန်းကျောင်းစာတွေ သင်အပြီးမှာ အက်ရှ်ဟာ ‘ဆင်းဟတ်စ်’ စစ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရသွားပြီး ဒုဗိုလ်အဖြစ်နဲ့ အိန္ဒိယကို ပြန်လာခဲ့ပါတော့တယ်။ အိန္ဒိယက ဗြိတိသျှ နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ရတော့လည်း အက်ရှ်ဟာ အထက်အရာရှိတွေနဲ့ အဆင်မပြေပါဘူး။ တစ်ခါမှာတော့ တပ်က အိန္ဒိယစစ်သည် တစ်ဦးကာ ဘိုင်သေနတ်နှစ်လက်နဲ့ ခွင့်မဲ့ပျက်ကွက် ဖြစ်သွားပါတယ်။ ဒါ့ကြောင့် တပ်မှူးက အဲဒီစစ်သည်နဲ့ မျိုးနွယ်စုချင်းတူတဲ့ စစ်သည်ငါးယောက်ကို တပ်က ထုတ်ပစ်လိုက်ပါတယ်။ သဘောကတော့ ‘မင်းတို့ပဲ သိတယ်၊ မင်းတို့ အဲဒီသေနတ်တွေကို ရအောင် သွားပြန်ယူလာခဲ့ကြ’ ဆိုတဲ့ သဘောပါပဲ။ အက်ရှ်က ဒါကို မကျေနပ်လို့ တပ်က ထွက်သွားပါတယ်။ နောက်နှစ်နှစ်လောက်ကြာတဲ့ အခါမှာ အက်ရှ်ဟာ ကာဘိုင်သေနတ်နှစ်လက်နဲ့အတူ တပ်ကို ပြန်ရောက်လာပါတယ်။အိန္ဒိယတိုင်းရင်းသား ဒေသခံစကားကို သုံးလေးမျိုးလောက်တတ်ပြီး အိန္ဒိယ ဓလေ့ထုံးတမ်းတွေကို အကုန်သိနေတဲ့ အက်ရှ်ဟာ ဗြိတိသျှနယ်ခြားစောင့်တပ်အတွက် လုံးဝတန်ဖိုး မဖြတ်နိုင်ဘူးလို့ ဗြိတိသျှအရာရှိကြီးတွေက ယုံကြည်ထားကြတဲ့အတွက် အက်ရှ်ကို တပ်ထဲက ထုတ်မပစ်ကြပါဘူး။ ဒါ့ကြောင့် အက်ရှ်ကို အပြစ်ပေးတဲ့အနေနဲ့ တာဝန်တစ်ခုကို အပ်နှင်းလိုက်ပါတယ်။ အဲဒါကတော့ ‘ကာရိကုတ်’ ပြည်နယ်က ချောမောလှပတဲ့ သတို့သမီးနှစ်ယောက်ကို အိန္ဒိယပြည်တောင်ပိုင်းက သူ့တို့နဲ့ လက်ထပ်မယ့် ‘ဘီသော’ စော်ဘွားဆီကို တာဝန်ခံပြီး ပို့ပေးဖို့ပါပဲ။ ဒီအဖွဲ့မှာ လူရှစ်ထောင်လောက်ပါပြီး ဆင်တွေ မြင်းတွေ လှည်းတွေလည်း ရာနဲ့ချီပြီး ပါပါတယ်။ ဒါ့အပြင် ရောက်အောင်သွားရမယ့် ခြေလျင်ခရီးကလည်း မိုင် ၅၀၀ လောက်ဝေးတာမို့ ဒီတာဝန်ဟာ ခပ်သေးသေးတော့ မဟုတ်ပါဘူး။ အက်ရှ်ဟာ ဟိမဝန္တာ တောင်တန်းတွေပေါ်မှာ သေနတ်နှစ်လက်ကို နှစ်နှစ်လောက်ကြာအောင် လိုက်ရှာခဲ့ရတဲ့အတွက် ရုပ်ရည်ကြမ်းတမ်း ရင့်ထော်သွားတာက တစ်ကြောင်း၊ ဗြိတိသျှ နယ်ခြားစောင့်တပ် အရာရှိဝတ်စုံကို အပြည့်ဝတ်ဆင်ထားတာက တစ်ကြောင်းမို့လို့ လုံး၀ ငယ်ရုပ်ပျောက်နေပါတယ်။တောင်စောင်းတစ်ခုကို ရောက်တဲ့အခါမှာ သတို့သမီးနှစ်ယောက်ကို တင်လာတဲ့ လှည်းယာဉ်လေးဟာ တောင်စောင်းက လိမ့်ကျသွားပါတယ်။ ချောက်ထဲကို လှည်းကျမသွားခင်လေးမှာ အက်ရှ်ဟာ သတို့သမီးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ အစ်မတော် သတို့သမီးကို ပွေ့ချီလာတဲ့ အချိန်မှာ အဲဒီ သတို့သမီး အကြီးဟာ ဂျူလီဖြစ်နေတယ် ဆိုတာကို အက်ရှ် တွေ့လိုက်ရပါတယ်။ ဂျူလီဟာ အသက် ၁၈ နှစ်အရွယ်ရှိပြီမို့ မိန်းကလေးတို့ရဲ့ အလှကြန်အင်လက္ခဏာ မှန်သမျှ ပြည့်စုံနေတဲ့ အရွယ်လည်း ဖြစ်ပါတယ်။ အက်ရှ်ရဲ့ ရင်ထဲမှာတော့ ဂျူလီ ငယ်ငယ်က အမြဲပန်လေ့ရှိတဲ့ နှင်းဆီပန်းရနံ့တွေ ထုံသင်းလို့ လာပြန်ပါပြီ။ ဂျူလီကတော့ အက်ရှ်ကို လုံးဝမမှတ်မိပါဘူး။ တစ်ညမှာတော့ စခန်းချနေစဉ်အတွင်း ဂျူလီရဲ့ တဲထဲကို စစ်ကြောင်းတာဝန်ခံဖြစ်တဲ့ ဗိုလ်ကြီးအက်ရှ် သွားလည်ပါတယ်။ အက်ရှ် နှုတ်ဆက်ပြီး ပြန်မယ်အလုပ်မှာ အက်ရှ်ဟာ ဘောင်းဘီအိတ်ထဲကို လက်နှိုက်လိုက်ပါတယ်။ နောက်တော့ အိတ်ထဲက လက်ကိုထုတ်ပြီးမှ ဂျူလီရဲ့ ကော်ဇောပေါ်မှာ ကျနေတဲ့ ရင်ထိုးလေးကို ကုန်းကောက်ချင်ယောင်ဆောင်လုပ်ပြီး ကနုကမာခွံနဲ့ လုပ်ထားတဲ့ ငါးရုပ်ထက်ခြမ်းပိုင်းလေးကို ဂျူလီ့ကို ပေးလိုက်ပါတယ်။ ဂျူလီက ‘ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မရင်ထိုးလေး ဘယ်လိုလုပ်ပြီး အောက်ကျသွားတာပါလိမ့်’ လို့ဆိုပြီး သူ့ရင်အုံကို လက်နဲ့စမ်းလိုက်ပါတယ်။ ငါးရုပ်တစ်ခြမ်းပိုင်းလေးဟာ အခုချိန်ထိ သူ့လည်ပင်းမှာ ရှိနေဆဲ ဆိုတာကို သိလိုက်ရလို့ အံ့သြထိတ်လန့်စွာနဲ့ ဂျူလီမော့အကြည့်လိုက်မှာတော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ အက်ရှ်ကို တွေ့လိုက်ရပါတယ်။ ရင်ထဲက နှလုံးသားဟာ ရုတ်တရက် ခုန်တက်လာပြီး သူ့လည်ချောင်းဝဆီထိ ရောက်လာတယ်လို့တောင် ဂျူလီ ထင်လိုက်မိရပါတော့တယ်။ပခန်းမင်းသားကြီးရဲ့ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ စာသားပါတဲ့ အောင်မြေသာစံ တောလားပတ်ပျိုးလတ်ထဲမှာ ‘တစ်ဆင့်တက်သော် တစ်တောင်ကျော်၊ တစ်မှော်ငုပ်လျှိုး တစ်ခြုံတိုး၊ တစ်မိုးသောက်လျှင် တစ်နေဝင်’ လို့ ပါပါတယ်။ ဒီလိုပါပဲ အက်ရှ်တို့ရဲ့ မိုင် ၅၀၀ ခရီးကြမ်းကြီးမှာလည်း အက်ရှ်တို့ လူအုပ်ကြီးဟာ မိုးသောက်ကနေ နေဝင်ထိ မဟုတ်တောင်မှ တစ်ရက်ထက်တစ်ရက် ခရီးပိုပေါက်အောင် ကွင်းတွေတောတွေကို ဖြတ်သန်းပြီး ခရီးပြင်း နှင်ခဲ့ကြရပါတယ်။ ပခန်းမင်းသားကြီးဟာ အထက်အညာ တောရပ်ဒေသကနေ ရွှေပြည်တော်ကိုမျှော်ရင်း လွမ်းမောခဲ့ရသလို အက်ရှ်ဟာလည်း ဒီခရီးစဉ် တစ်လျှောက်လုံးမှာ ငယ်စဉ်က ဂျူလီနဲ့အတူ ဆော့ကစားရင်း နှစ်ဦးသားကြည့်ခဲ့ရတဲ့ ဟိမဝန္တာဒေသက ‘ဒူးရ်ခိုင်မာ’ တောင်တန်းကြီးကို မှန်းဆပြီး အကြိမ်ကြိမ် လွမ်းမောခဲ့ရပါတယ်။ရုပ်ရှင်ဟာ ဝတ္ထုထဲကအတိုင်း တစ်သဝေမတိမ်း လိုက်ရိုက်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာမ ‘ကေး’ ရဲ့ ဆိုလိုရင်း အာဘော်တစ်ခုဖြစ်တဲ့ တစ်ချိန်က အိန္ဒိယစော်ဘွားတွေဟာ ငွေကို သိပ်မက်မောတွယ်တာကြပုံ၊ အာဏာယစ်မူးတဲ့လူတွေ စံမြန်းနေထိုင်ကြရာ ဟော်နန်းတွေထဲမှာ အာဏာအတွက်၊ နေရာအတွက် အကောက်ကြံမှုတွေ မတရားမှုတွေ ဒုနဲ့ဒေး ရှိနေခဲ့ကြပုံတွေကို ပရိသတ်မြင်အောင် ရုပ်ရှင်က လိုက်ရိုက်ပြနိုင်ခဲ့ပါတယ်။လောကမှာ အပြစ်အကြီးဆုံး အဆိုးယုတ်ဆုံး အမှုဟာ မတရားမှုပဲ ဖြစ်ပါတယ်။ မတရားမှုတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်လမ်းထဲက ဖြစ်စဉ်တွေဟာ ကိုယ်တို့တစ်တွေအတွက် သင်ခန်းစာယူစရာတွေ ဖြစ်နေလို့ ဒီအကြောင်းကို မကြာခင်မှာ ဆက်ပြီး ပြောပြရဦးမှာ ဖြစ်ပါတယ်။

Most Read

Most Recent