ကျွန်တော်က သစ်ပင်လေးတစ်ပင်ပါ

ကျွန်တော်က သစ်ပင်လေးတစ်ပင်ပါ
Published 12 July 2015
ဘစံကောက်

ကျွန်တော်ငယ်ငယ်က ကျွန်တော့် အဘိုးက ကျွန်တော့်ကို ပုံပြင်လေးတစ်ပုဒ် ပြောပြဖူးပါတယ်။တစ်ခါက ညောင်ပင်ကြီးတစ်ပင်ကို အမှီပြုပြီး “ဆင်၊ မျောက်၊ ခါ” ဆိုတဲ့ သတ္တဝါသုံးဦး ချစ်ချစ်ခင်ခင် နေထိုင်ကြသတဲ့။ ဒီလိုနဲ့ နေလာကြရင်း မိတ်ဆွေသုံးဦးတို့ဟာ ငါတို့သည် တစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းဖွဲ့ကာ နေထိုင်လာကြသော်လည်း တစ်ဦးကို တစ်ဦး ရိုသေကိုင်းညွတ်ခြင်း မရှိ။ ဤသို့နေခြင်းဖြင့် ငါတို့၌ အပြစ်ဟူ၍ရှိသည်ဖြစ်သော် အပြစ်ကိုပြ၍ ဆုံးမတတ်သူ ငါတို့ အားလုံးက လေးစားညွတ်ကိုင်းရသူမရှိ ဖြစ်ရကား ကြာရှည်လတ်သော် ငါတို့အားလုံး၌ပင် အကျိုးမဲ့ဖြစ်ရာ၏။ ထို့ကြောင့် ယနေ့မှစ၍ ငါတို့သုံးဦးအနက်မှ အသက်အကြီးဆုံး ပုဂ္ဂိုလ်အား အလေးအမြတ် ပြု ချစ်ခင်စွာဖြင့် သူ၏ ဆုံးမစကားကိုနာခံကာ အသက်ထက်ဆုံး ချစ်ချစ်ခင်ခင် နေသွားကြပါစို့ဟု အညီအညွတ်ပင် သဘောတူကြ၏။ထို့နောက် သူတို့သုံးဦးအနက် မှ ဆင်က သူ၏အသက်ကို ဤသို့ တွက်ပြ၏။ “အချင်းတို့ ငါသည် အမိဝမ်းမှကျွတ်၍ မှတ်မိစအရွယ်က ငါတို့ ယခုမှီရာ ညောင်ပင်သည် ငါ မတ်တတ်ရပ်၍နေသည်ရှိသော် ငါ၏ချက်ကို ထိရုံမျှပင်ကြီးသေး၏” ဟုဆို၏။ ဆင်၏စကားကို ကြားလျှင် မျောက်က “အချင်းတို့ ငါသည် အမိဝမ်းမှကျွတ်၍ မှတ်မိစအရွယ်က ငါတို့ ယခုမှီရာ ညောင်ပင်သည် ငါငုတ်တုတ်ထိုင်၍ ထိုညောင်ပင်၏ ထိပ်ဖျားအညွန့်တို့ကို ကိုက်ဖြတ်၍ ဆော့ကစားခဲ့ရသည်ကို မှတ်မိ၏။ ထိုမျှသာကြီးသေး၏” ဟုဆိုရာ ဆင်က “သို့ဆိုလျှင် သင်သည် ငါ့ထက် အသက်ပိုကြီး၏။ ယနေ့မှစ၍ ငါသင့်ကို ရိုသေစွာ ဆက်ဆံပါတော့မည်” ဟု ကတိပြုလေ၏။ သို့နှင့်ဆက်၍ ခါက သူ့အသက်ကို တွက်၍ပြလိုသဖြင့် “အို အချင်းတို့ ငါသည် အမိဝမ်းမှကျွတ်၍ ဤတောအုပ်အတွင်း  လှည့်လည်ပျံသန်းသွားလာနေစဉ်က ငါတို့မှီရာ ဤညောင်ပင်သည် ဤ အရပ်၌မရှိသေး။ တစ်နေ့ အရပ်ဒေသတစ်ခုမှ ညောင်သီးကို စား၍ ကောင်းကင်မှ ပျံအလာ ဤနေရာသို့အရောက်တွင်မူ ငါသည် အမှတ်မထင် မစင်စွန့်လိုက်မိ၏။ ထိုမစင်နှင့် အတူ ပါသွားသော ညောင်စေ့သည် ဤနေရာတွင် အပင်ပေါက်၍ ယခု ငါတို့ မှီခိုရာ ဖြစ်၍လာရလေသည်” ဟုဆိုသော် မိတ်ဆွေသုံးဦးတို့လည်း ခါသည်သာ အသက်အကြီးဆုံး ဖြစ်ပေတော့သည်ဟု သဘောညီစွာဖြင့် အသက်ထက်ဆုံး ခါ၏ အဆုံးအမကို ခံယူ၍ ချစ်ချစ်ခင်ခင်နေသွားကြသတည်း” လို့ဆိုပြီး အဘိုးက သူ့ပုံပြင်လေးကို အဆုံးသတ်သွားခဲ့ပါတယ်။ကျွန်တော် ခပ်ငယ်ငယ်က ပိန်ပါတယ်။ ပိန်ရှည်ရှည်လေးပါ။ ဒါကိုကြည့်ပြီး ကျွန်တော့်မိခင်နဲ့ ဖခင်က အားမလိုအားမရ ဖြစ်ကြပါတယ်။ ဒါကိုကြည့်ပြီး အဘိုးက အဖေနဲ့ အမေကို ဘယ့်နှယ့်ပြောသလဲဆို “တို့အမျိုးက ဒီလိုပဲကွဲ့။ ငယ်ငယ်က အခုလို ပိန်ပိန်ရှည်ရှည်လေးတွေချည်းပဲ။ အမှန်တော့ လောင်းရိပ်မိတာပေါ့ကွယ်။ အဲဒီလို လောင်းရိပ်နဲ့မှီပြီး ကြီးပါမှလည်း အရွယ်ရောက်တဲ့အခါ တန်ဖိုးရှိတာကွဲ့။ လောကမှာ အရိပ်အမျိုးမျိုးရှိတယ်။ မိရိပ်၊ ဘရိပ်၊ ဆွေမျိုးအရိပ်နဲ့ ကြီးတဲ့သူတွေဟာ အစစအရာရာ သွန်သင်ဆုံးမပြီးသားဖြစ်လို့ ယဉ်ကျေးလိမ္မာလည်း ရှိကြတယ်။ ကြီးပြင်းတဲ့အခါ ဘဝမှာ တန်ဖိုးရှိတဲ့ လူတော်လူကောင်းလေးတွေလည်း ဖြစ်တတ်ကြတယ်” လို့ဆိုပြီး တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့နဲ့ ခပ်ဝေးဝေးမှာ ကျွန်တော်တို့နဲ့ မျိုးနွယ်တူ သစ်ပင်တစ်ပင်ကို ညွှန်ပြပြီး “ကဲ.. အဲဟိုမှာ ကြည့်စမ်းပါဦး လောင်းရိပ်မရှိ၊ မိဘအဆွေအမျိုးတွေနဲ့ ကင်းကွာပြီး ကြီးပြင်းတဲ့သူ့အဖြစ်ကတော့  မင်းတို့အမြင်ပဲ” လို့ဆိုတာနဲ့ ကျွန်တော်တို့ လှမ်းကြည့်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံးချောမွေ့ပြေပြစ်ခြင်း အလျှင်းမရှိ။ အကိုင်းအခက်တွေနဲ့ ရှုပ်ပွပြီး မလှမပဖြစ်နေ တဲ့ သစ်ပင်တစ်ပင်ကို လှမ်းပြီး မြင်လိုက်ရပါ တယ်။ “ကဲဘယ့်နှယ် မြင်တဲ့အတိုင်းပဲ။ သူ့ တစ်ပင်လုံး ချောမွေ့ပြေပြစ်တဲ့နေရာ တစ်နေရာမှမရှိဘူး။ ဟိုနားမှာအဖု ဒီနားမှာ အကောက် သစ်ကိုင်းတွေကလည်း တစ်ပင်လုံး မွစာကြဲနေတာပဲ။ အဲဒီလို သစ်ပင်မျိုးဟာ ဘာမှအဖိုးမတန်တဲ့ အပင်မျိုးပဲကွဲ့” အဘိုးပြောလို့သာ နားထောင်နေရပေမယ့် စုပြုံပြီး တိုးကပ်ပေါက်နေတဲ့ သစ်ပင်အုပ်ထဲမှာ လောင်းရိပ်မိနေရတဲ့ ကျွန်တော့်အဖြစ်ကိုတော့ တကယ်ပဲ မနှစ်သက်မိခဲ့ပါဘူး။ကျွန်တော်အရွယ်ရောက်စ တစ်နေ့မှာ ကျွန်တော်တို့ တောအုပ်ထဲကို သစ်တောက တာဝန်ရှိသူတွေ ရောက်လာကြပြီး အဘိုးရဲ့ အပင်လုံးပတ်ကို တိုင်းကြပါတယ်။ အဲဒီအချိန်မှာ အဘိုးရဲ့အသက်က ၁၀၀ ကျော်နေပါပြီ။ ကျွန်တော်တို့ မျိုးနွယ်စုထဲမှာတော့ အဘိုးက အသက်လည်း အကြီးဆုး၊ အဖြောင့်လည်း အဖြောင့်မတ်ဆုံး၊ အနှစ်အသားတွေပြည့်ပြီး ဝင်းဝါနေတဲ့ အဘိုးရဲ့ရုပ်သွင်ကို မြင်ရသူတိုင်းက အဘိုးကိုနှစ်သက်ကြပါတယ်။ သစ်တောဝန်ထမ်းတစ်ဦးကဆိုရင် “တကယ် ကမ္ဘာကျော်ပဲ။ နိုင်ငံတကာက နှစ်သက်တဲ့ အရည်အသွေးတွေနဲ့ လုံးဝပြည့်စုံပေတယ်” လို့ နှုတ်ကတောင်ထုတ်ပြီး ချီးမွမ်းရတဲ့အထိပါပဲ။ နောက်တော့ အဘိုးကို သင်းသတ်ကြပါတယ်။ အဖေနဲ့ အမေရော ကျွန်တော်ပါ အဘိုးနဲ့ ခွဲခွာရမယ်ဆိုတော့ ငိုမိကြတယ်။ ဒီတော့ အဘိုးက ပြုံးပြုံးကြီးလုပ်ရင်း-“မငိုကြနဲ့ကွဲ့။ ဘယ်သူမဆို တစ်နေ့သေကြရမှာပဲ။ သေရတာချင်းအတူတူ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အကျိုးရှိစွာ အသက်စွန့်ရတာဟာ မြတ်သောသေခြင်းပဲ အခု အဘိုးဟာ ကမ္ဘာအနှံ့ကိုလှည့်ပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ဂုဏ်ကို မြှင့်တင်ခွင့်ရတော့မယ်။ အဘိုးအတွက် ဝမ်းသာကြစမ်းပါကွယ်” လို့ နှစ်သိမ့်ခဲ့ပါတယ်။ဒါပေမဲ့ အဘိုးအတွက်သာ ဂုဏ်ယူခဲ့ရတာပါ။ အဖေနဲ့အမေအတွက်တော့ ကနေ့အထိ ယူကျုံးမရ နှမြောတသဖြစ်ဖို့ ကြုံလာရပါတယ်။ ဖြစ်ပုံက တစ်နေ့မှာတော့ အကျင့်ပျက်ဝန်ထမ်းအချို့နဲ့ လုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်းပြီး အဖေနဲ့အမေ အပါအဝင် ကျွန်တော်တို့ဝန်းကျင်က ဆွေမျိုးတစ်သိုက်ဟာ တရားမဝင်ခုတ်လှဲတာကို ခံလိုက်ရပါတယ်။ သူတို့က ဘာတန်ဖိုးမှ နားလည်သူတွေ မဟုတ်တော့ သင်းသတ်တာတို့ အခြောက်ခံတာတို့ တောင် လုပ်မနေတော့ပါဘူး။ အလောတကြီး ခုတ်လှဲပြီး ခိုးထုတ်ဖို့ ကြံကြတာပါ။ ဒါကို ဘယ်သူကမှ ကာကွယ်ဖော်မရတော့ ကျွန်တော်တို့ သစ်တောကြီးတစ်ခုလုံး နေ့ချင်းညချင်းဆိုသလို ငရဲကို အရှင်လတ်လတ် ရောက်ရတော့တာပါပဲ။ ငိုကြ ယိုကြ အော်ကြဟစ်ကြနဲ့ သစ်တောကြီးတစ်ခုလုံး အကူအညီတောင်းနေတဲ့အသံကို ဘယ်သူကမှ သနားငဲ့ညှာ နားထောင်ဖော်တောင်မှ မရခဲ့ကြပါဘူး။ အဖေကတော့ တောက်တခေါက်ခေါက်နဲ့ “ဖြစ်မှဖြစ်ရလေကွာ” တို့ကံကိုက ဆိုးပါတယ်” လို့ ညည်းပါတယ်။ အမေကတော့ မျက်ရည်စက်လက်နဲ့ ကျွန်တော့်လက်ကို ဆုပ်ကိုင်ရင်း “ကြည့်ထား သားရေ လောကမှာ ကာကွယ်ရမယ့်သူတွေ၊ စောင့်ရှောက်ရမယ့်သူတွေ ကိုယ်တိုင်က အကျင့်ပျက်ပြီး မကာကွယ် မစောင့်ရှောက်တော့ဘဲ ဒုက္ခပေးပြီဆိုရင် တို့လိုပဲ တခြားပတ်ဝန်းကျင်တွေလည်း ပျက်စီးဒုက္ခရောက်ကြရတော့မှာ အမှန်ပဲ။ ငါ့သားလေး သူတော်ကောင်းနဲ့ တွေ့ပါစေလို့” ဆုတောင်းပေးသွားခဲ့ပါတယ်။အမှန်တော့ ကျွန်တော့်ကိုတောင်မှ ခုတ်ကြဖို့ပါ။ သူတို့အထဲက သနားတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးက “ငယ်ပါသေးတယ်ကွာ မလုပ်ပါနဲ့” မင်းတို့လည်း လိုသလောက်ရနေမှ ဥစ္စာ။ သူ့ကိုတော့ ချန်ခဲ့လိုက်ပါ” ဆိုလို့ ကျွန်တော်အပါအဝင် ကျွန်တော့် သူငယ်ချင်း အသက်မပြည့်သေးတဲ့ အနည်းအပါးတော့ ကျန်ရစ်ခဲ့ရပါတယ်။ သြော် လူထဲမှာ လူမဆန်တဲ့ လူတွေလည်းရှိသလို လူစိတ်ရှိတဲ့လူတွေလည်း ရှိသေးလို့သာ တော်ပါတော့တယ်။ ဒါတောင်မှ ကျွန်တော်တို့တောအုပ်က သိပ်မကျန်တော့ပါဘူး။ကျွန်တော့်အဘိုး ပြောဖူးတာဖြင့် ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရစက သစ်တောဧရိယာ ရာခိုင်နှုန်း ၆၀ လောက်ရှိသတဲ့။ အဖေ နဲ့ အမေတို့လက်ထက်မှာ ရာခိုင်နှုန်း ၄၀ လောက် ရှိသေးတယ်။ ကျွန်တော်တို့ လက်ထက်ရောက်တော့ ရာခိုင်နှုန်း ၃၀ ပျော့ပျော့ ပဲ ရှိတော့မယ်ထင်ပါရဲ့။ခုတ်သာခုတ်နေတာ စိုက်တာက မရှိသလောက်ပါ။ သစ်တောတွေ မရှိတော့ ရာသီဥတုကလည်း ပူလာလိုက်တာ မပြောပါနဲ့။ မိုးကလည်း ကောင်းကောင်းမရွာတော့ဘူး။ ဟိုတုန်းက စိမ်းစိုနေတဲ့ တောတောင်တွေဟာ ခုတော့ ကုန်းခေါင်ခေါင်ကြီးတွေ ဖြစ်ပြီး မြစ်တွေ ချောင်းတွေလည်း ရေစောစောခန်းကြတယ်။ တချို့နယ်တွေမှာ သောက်ရေတောင် ခက်ကြသတဲ့။ အဆိုးဆုံးကတော့ ရာသီဥတု ဖောက်ပြန်တာပါပဲ။ စိုက်ပျိုးရေးတွေ ထိခိုက်ကုန်တာပေါ့။ ဒီအတိုင်းသာ ဆက်သွားနေရင် ကျုပ်တို့ တိုင်းပြည် ကပ်ဘေးဆိုက်မှာတောင် စိုးရပါတယ်။ခုတော့ ကျွန်တော်လည်း အရွယ်ရောက်လာပါပြီ။ ကျွန်တော့်ရုပ်သွင်က အဘိုးနဲ့တူတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဖြောင့်စင်းပြီး အသားတွေကလည်း တစ်နှစ်ထက် တစ်နှစ်တိုးတိုးလာလို့ ပြည့်ဖောင်းပြီး ဝင်းဝါနေပါတယ်။ ခုနောက်ပိုင်း သစ်ခိုးထုတ်တဲ့ လူတွေ ခြေနည်းနည်းငြိမ်သွားတာလည်း တွေ့ရတယ်။ အလျှင်လို မသောင်းကျန်းတော့ပေမယ့် ရှိတော့ရှိနေတုန်းပဲ။ လစ်တဲ့အခါ လာပြီး ခိုးနေကြတုန်းပဲ။ ကျွန်တော်စိုးရိမ်တာ တစ်ခုပဲရှိပါတယ်။ အဘိုးလို နိုင်ငံ့ဂုဏ်ဆောင်ပြီး ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ထည်ထည်နဲ့ နိုင်ငံကိုအကျိုးပြုနိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ချင်တာပါ။ ဝိုင်းပြီး ထိန်းသိမ်းစောင့်ရှောက်ကြမယ်ဆိုရင်တော့ ကျွန်တော်လည်း အဘိုးလို နိုင်ငံ့သားကောင်း ဖြစ်လာနိုင်မှာပါ။သြော် မေ့လို့။ ကျွန်တော့်နာမည်ပြောဖို့ မေ့နေတယ်။ ကျွန်တော့်နာမည်က “ကျွန်းသစ်”တဲ့။ နိုင်ငံခြားကတော့ “မြန်မာ့ကျွန်း” လို့ ဂုဏ်တင်ကြတာပေါ့လေ။ ကျွန်တော်လည်း တိုင်းပြည်အတွက် တန်ဖိုးရှိစွာ ပေးဆပ်ချင်ပါတယ်။ ကျွန်တော်တို့တွေကို ဝိုင်းပြီး စောင့်ရှောက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်က သစ်ပင်လေးတစ်ပင်ပါ။

Most Read

Most Recent