ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ရှစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသဖြင့် ခရီးသည်တစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ဒဏ်ရာရရှိ

ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ရှစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသဖြင့် ခရီးသည်တစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ဒဏ်ရာရရှိ
Published 1 July 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ရှစ်စီး ဇွန် ၃၀ ရက်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စ​​ကြ်ာခရီးသည်တင်ယာဉ်၊ စိန်ဌေးလှိုင်ခရီးသည်တင်ယာဉ်၊ နယူးစွမ်းခရီးသည်တင်ယာဉ်၊ Famous ခရီးသည်တင်ယာဉ် သုံးစီး၊ ရွှေမန္တလာခရီးသည်တင်ယာဉ်နှင့် ရွှေသလ္လာခရီးသည်တင်ယာဉ် စုစုပေါင်းခရီးသည်တင်ယာဉ်ရှစ်စီးတို့သည် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြပြီး ဇွန် ၃၀ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးဖြတ်ကျော်စဉ် ကျေးရွာ၏ အရှေ့ဘက်ထိပ်အရောက်၌ PDF များက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး သံဃာတော် တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ရာ ငါးယှန်ကျေးရွာ၏အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေသည့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီးPDF များသည် မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံးအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသွားပြည်သူများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွားပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

Most Read

Most Recent