သီလဝါ အထူူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းအပါအဝင် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ယန်း ၂၅ ဘီလျံကျော်ကို တစ်နှစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထား

သီလဝါ အထူူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းအပါအဝင် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ယန်း ၂၅ ဘီလျံကျော်ကို တစ်နှစ် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထား
Published 12 July 2015
သက်ထား၊ အေးမြတ်မွန်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း အပါအဝင် စီမံကိန်းသုံးခုအတွက် ဂျပန်နိုင်ငံမှ ချေးငွေ ဂျပန်ယန်း ၂၅ ဘီလျံကျော် ကို တစ်နှစ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ  သိရသည်။
 
ယင်းသို့ ထုတ်ချေးရာတွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  အဆင့် (၁) အပိုင်း (၂) နှင့်အသေးစားနှင့် အလတ်စားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ရေးစီမံကိန်းအဆင့် (၁) စသည့် စီမံကိန်းများအတွက် ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံမှပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (Official Development Assistant Loan) စုစုပေါင်း ဂျပန်ယန်း ၂၅ ဒသမ ၈၈၈ ဘီလျံရယူရန် နှစ်နိုင်ငံအစိုးရကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loans agreements) များကို နှစ်နိုင်ငံ အစိုးရ အချင်းချင်း နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
 
အဆိုပါချေးငွေများအတွက် စည်းကမ်းချက်များမှာ တစ်နှစ်နှုန်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃၀၊ စုစုပေါင်းချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်ကြောင်း သိရသည်။
 
ယင်းချေးငွေများရယူရန် လဲလှယ်မှု စာချွန်လွှာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Tateshi Higuchi နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ဒေါက်တာလင်းအောင်တို့က ရေးထိုးခဲ့ပြီး ချေးငွေစာချုပ်များကို ဂျပန် နိုင်ငံအစိုးရကိုယ်စား ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ Mr.Keiichiro NAKA ZAWA  နှင့်  မြန်မာနိုင်ငံအစိုးရကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 
 
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါဒေသတွင် အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင်First Myanmar Investment Company, Golden Land East Asia Development, Myanmar Agribusiness Public Corporation, Myanmar Agricultural &General Development Public, Myanmar Edible Oil Industrial Public Corporation, Myanmar Sugar Development Public Company, Myanmar Technologies and Investment Corporation,National Development Company Group  နှင့် New City Development Public Company  စသည့် ကုမ္ပဏီကိုးခုတို့မှ ကနဦးရင်းနှီးတည်ထောင်သူများ အဖြစ် ရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ခွဲဝေယူထားသည်။
 
သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာပူးပေါင်း ကော်ပိုရေးရှင်းအဖွဲ့(Myanmar Consortium) မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Japanese Consortium) မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး လာမည့် စက်တင်ဘာတွင် လုပ်ငန်းလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
       

Most Read

Most Recent