မိုးမှာတမ်း

မိုးမှာတမ်း
Published 11 July 2015
မောင်ကြည်

အပြင်မှာ မိုးက တစိမ့်စိမ့်ရွာနေဆဲ။ ရွာကောင်းနေတဲ့ မိုး၊ သည်းလိုက်၊ ဖွဲလိုက်၊ စဲလိုက်။ တစ်ဖန် ပြန်သည်းလိုက် ဖွဲလိုက်၊ စဲလိုက်။ အိပ်ရာထဲမှာပင် ကွေးနေဖို့ကောင်းတော့သည်။ သို့သော် မဖြစ်သေး။ လုပ်စရာတွေက တစ်ပုံကြီး။ ထမ်းဆောင်ရမည့်တာဝန်တွေ ရှိနေသေးသည်။ မိုးအေးအေးနှင့် ကွေးနိုင်သူများ မဟုတ်တော့ လုပ်စရာရှိတာတွေ လုပ်ရကိုင်ရပေဦးမည်။
 
မိုးသည် သည်းရာမှ အနည်းငယ် စဲသွားပြန်သည်။ သို့သော် ပတ်ဝန်းကျင်သည် မိုးငွေ့တို့ဖြင့် ရစ်သိုင်းမှိုင်းမှုန်နေဆဲ။ တိုက်ခတ်လာသည့်လေထဲမှာ မိုးငွေ့နှင့်အတူ စကားသံအချို့ လွင့်ပျံ့လာသည်။ အလို နားထောင်စမ်းပါဦး။ ဘယ်သူ့အသံပါလိမ့်။ တိုးတိတ် ညင်သာပြီး အလွမ်းရိပ်တွေ စွန်းပေနေသည့် စကားသံအချို့။ နတ်ဘီလူးငယ်တစ်ယောက် ရဲ့ တီးတိုးရေရွတ်သံ။ တစ်စုံတစ်ယောက်ကို တိုင်တည်ပြောပြနေသံ။ အို ဒီအသံက ဟိုးအဝေး မိုင်ပေါင်းများစွာက လွင့်မျောလာတဲ့ အသံပါ။ ဝေးဆို အိန္ဒိယပြည်ကနေ ခရီးဝေးနှင်လာရတဲ့အသံပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ရှေးဟောင်းအိန္ဒိယရဲ့ တောတောင်မြစ်ချောင်းအင်းအိုင်တွေကို ဖြတ်သန်းကျော်လွှားလာခဲ့တဲ့အသံပါ။ အဲဒီအသံထဲမှာ တမ်းတလွမ်းဆွတ်သံတွေ၊ တီးတိုးရေရွတ်သံတွေ တိတ်တဆိတ်ကြေကွဲမှုတွေ ယူကျုံးမရ မချင့်မရဲ ငိုကြွေးသံတွေ ရောယှက်ပေါင်းစုံလို့ပေါ့။
 
အို အသင် တိမ်တမန် အကျွန့်ချစ်သူကို ပြောပြလိုက်စမ်းပါတဲ့။ ဘာဖြစ်လို့ အဲဒီလိုမှာ နေရတာလဲဆိုတော့ သူဟာ ချစ်သူနဲ့ အဝေးဆုံးမှာ နယ်နှင်ဒဏ်အပေးခံနေရလို့ပါပဲ။ တာဝန်ထမ်းဆောင်ချိန်မှာ ပျက်ကွက်ခဲ့မိလို့ ကုဝေရနတ်ဘီလူးကြီးက သူ့ကို ရာမာဂီရိတောင်မှာ တစ်နှစ်တိတိ နေစေလို့ အမိန့်တော်မှတ်လိုက်လို့ပါပဲ။ အဲဒီလိုနဲ့ သူ နယ်နှင်ဒဏ်အပေးခံရတာ ရှစ်လတိတိ ရှိခဲ့ပါပြီ။ အခု ကျန်တဲ့ မိုးတွင်း လေးလတာကို သူ ဘယ်လိုကုန်ဆုံးရပါ့မလဲ။ အလွမ်းသမားတွေကို ဖမ်းစားတတ်တဲ့ မိုးရာသီ။ ငိုချင်လျက် လက်တို့လုပ်တတ်တဲ့ မိုးရာသီ။ ချစ်သူနဲ့ အဝေးဆုံးမှာ နွေးထွေးတဲ့ရင်ခွင်တစ်ခု ပျောက်ဆုံးနေသူအဖို့ မိုးရာသီလေးလတာဟာ ငရဲခံနေရတာနဲ့ အတူတူပါပဲ။ ဒီလိုအချိန်ကာလမျိုးမှာ သူ့ချစ်သူကို ဘယ်လောက်ချစ်တဲ့အကြောင်း၊ ဘယ်လောက်လွမ်းတဲ့အကြောင်း၊ ဘယ်လောက်သတိရတဲ့အကြောင်း၊ တစ်စုံတစ်ယောက်ကို တိုင်တည်ပြောပြချင်မိသည်။ သို့ သော် သူ့အပါးမှာ ဘယ်သူမှမရှိ။ တစ်ယောက်တည်း အထီးကျန်နေသောသူသည် မိုးသားတွေ တရိပ်ရိပ်တက်လာသည့် ဟိုးအနောက်တောင်ကို လှမ်းကြည့်မိသည်။ အို မိုးတိမ်တွေ ပါလား။ အို အချင်းမိုးတိမ်တမန်ရယ် သင်ခရီးနှင်မယ့် လမ်းတစ်လျှောက်မှာ အကျွန့် ချစ်သူရဲ့အိမ် ရှိနေပါတယ်။ ကျေးဇူးပြုပြီး ချစ်သူကို ပြောပြပေးပါလား။ တစ်ခါတစ်ခါ မိုးတိမ်တွေကြားထဲမှာ ချစ်သူ့မျက်နှာကို ဘွားခနဲ မြင်လိုက်မိပါရဲ့။ သို့သော် စိတ်ကူးလို့ မဆုံးခင်မှာ ချစ်သူမျက်နှာလေး ပျောက်ဆုံးသွားသည်။ အခုတော့ ခရီးသည် မိုးတိမ်တမန်ကိုပဲ အမှာတော်ပါးရပါတော့မည်။ အို စာနာသနား ညှာတာထောက်ထားလို့ ကရုဏာ မိုးရွာသွန်းဖြိုးတတ်သူ မိုးတိမ်တမန်ရေ...။ ချစ်သူဆီ အကျွန့်မှာချွေစကား ဆောင်ယူသွားပေးစမ်းပါလား။
 
ကျွန်တော်သည် နတ်ဘီလူးမောင်နှင့် မိုးတိမ်ကို မြင်ယောင်ကြည့်ရင်း ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ကြည့်နေစဉ်မှာပင် မိုးက ပိုပိုသည်းလာသည်။ မိုးရောလေပါ သည်းထန်လာသည်။ ဒီအချိန်ဆို လယ်တောထဲက ဦးကြီးတွေ ဘယ်လိုနေကြမည်မသိ။ လယ်ထွန်နေတဲ့ ဦးကြီးတွေဆီ စိတ်ရောက်တော့ လယ်မထွန်နိုင်သည့် ဦးကြီးတွေဆီလည်း စိတ်က ရောက်သွားပြန်သည်။ လယ်ပျောက် ယာပျောက်သွားသည့် ဦးကြီးတွေ။ လယ်ပျောက်ရုံတင်မက ထောင်ထဲပါရောက်သွားသည့် ဦးကြီးတွေ။ သြော် ဦးကြီးတွေဘဝကလည်း မလွယ်ပါလားနော်။ ဦးကြီးတွေတင်မက မြေယာတွေ အသိမ်းခံရသည့် အိမ်ခြေမဲ့တွေဆီကိုပါ အတွေးက ရောက်သွားပြန်သည်။ ကြည့်စမ်း ခုလိုချမ်းချမ်းစီးစီး အချိန်မျိုးဆိုရင် သူတို့တွေ ဘယ်လိုများနေကြလိမ့်မလဲ။ သူတို့အကြောင်း တွေးမိတော့ ရင်မောသွားရသည်။ ငါတို့ကတော့ အမိုးအကာအောက်မှာ လုံလုံခြုံခြုံနဲ့။ သူတို့ခမျာမှာတော့ ဘယ်ချောင်ရိပ်မှာ တမှေးအိပ်စက်ကြရပါ့မလဲ။ မိုးတစိုစို လေတဟူးဟူးနဲ့။ ချမ်းချမ်းစီးစီးထဲမှာ ဘယ်လောက်များ ဒုက္ခရောက်နေလိမ့်မလဲ။
 
သူတို့တွေတင်ပဲလားတဲ့။ အို ဘယ်ကလိမ့်မလဲ။ တောတွေတောင်တွေကြားထဲမှာ။ သေနတ်သံ တဒိုင်းဒိုင်းကြားထဲမှာ။ မငြိမ်းချမ်းနိုင်သေးတဲ့နေရာက စစ်ပြေးဒုက္ခသည်တွေဘဝ။ သူတို့တွေရော အမိုးအကာလုံပါရဲ့လား။ ခုလို မိုးနဲ့လေနဲ့ကြားမှာ ပြေးရ လွှားရ ပုန်းရခိုရနဲ့။ ဘဝကမလုံခြုံ။ ပညာရေးနဲ့ကျန်းမာရေးကလည်း မပြည့်စုံ။ စီးပွားရေးကလည်း မဖူလုံ။ လွမ်းရေးထက် ဝမ်းရေးခက်။ ဝမ်းရေး ထက်နေရေးခက်။ နေရေးထက် ပြည်ရေးခက်။ အခက်ပွေလှ သူတို့ဘဝ။ ဘယ်တော့များမှ ငြိမ်းချမ်းအေးမြပါ့မလဲ။ စဉ်းစားရင်း စဉ်းစားရင်း ရွာနေသည့်မိုးက မအေးမြတော့။ အပူရောင်မိုးစက်တွေလား...မိုးရယ်။ တို့ ပြည်သူတွေရဲ့ ဝေဒနာတွေကို ဘယ်တော့များ မှ ဖေးကူလို့ ဆေးကြောပေးပါ့မလဲ။ သိချင်စမ်းပါဘိ။
 
မိုးရေထဲက ဒုက္ခသည်များဘဝကို စဉ်းစားမိတော့၊ မလွတ်မြောက်နိုင်သေးသည့် အကျဉ်းထောင်ထဲက ဘဝတွေကို တွေးမိသွားပြန်သည်။ အကြောင်းအမျိုးမျိုးနဲ့ အချုပ်အနှောင်ခံနေရဆဲ ဘဝတွေပါလား။ သံတိုင်ကြားထဲမှာ ကျောင်းသားတွေ၊ လယ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ မီဒီယာသမားတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ။ မလွတ်မြောက်နိုင်ကြသေးပါ။ မိဘပြည်သူတွေမှာ အခုအချိန်ထိ ရင်မအေးနိုင်သေး။ စိတ်မအေးနိုင်သေး။ တကယ့်ကို ရင်လေးစိတ်လေးရဆဲနိုင်ငံ့အရေးပါပဲ။ ထိုကဲ့သို့သော အချိန်ကာလမျိုးမှာ တစိမ့်စိမ့် ရွာနေသောမိုးသည် သူတို့အတွက်တော့ စေတနာမိုး၊ အကြင်နာမိုးမဟုတ်နိုင်။ ဝေဒနာမိုး၊ သောကမိုးသာဖြစ်ပါလိမ့်မည်။
 
ကျွန်တော်သည် တွေးရင်းငေးရင်း ကောင်းကင်ကို ရုတ်တရက်မော့ကြည့်မိသည်။ အို ဟောဟို အရပ်ဝယ် မိုးတိမ်တစ်စပါလား။ တရွေ့ရွေ့ခရီးနှင်လို့။ ကျွန်တော်စိတ်ထဲကနေ သူ့ကိုလှမ်းအော်ပြောပြလိုက်မိသည်။ အို အသင် မိုးတိမ်တမန်... သင်ဟာ အခုဆိုရင် မြန်မာပြည် အရပ်ရပ်ကို ခရီးနှင်တော့မယ်ပေါ့။ သင့်ကို အကျွနု်ပ် တစ်ခုလောက် မှာပါရစေလား။ အသင်သွားမယ့်လမ်းမှာ တောတောင်မြစ်ချောင်းတွေကို တွေ့ရမှာပါ။ တကယ်လို့ သင့်ခရီးလမ်းမှာ နေစရာမရှိလို့ အမိုးအကာတစ်ခုခုအောက်မှာ ဖြစ်သလို မိုးခိုနေသူတွေကို တွေ့ရရင် သဲသဲမဲမဲ မရွာချလိုက်ပါနဲ့။ သူ့တို့ခမျာ ရွှဲရွှဲစိုပြီး ချမ်းတုန်ကာ ဖျားနာနေမှာစိုးလို့ပါ။ သင့်ခရီးလမ်းမှာ ထွန်စရာလယ်မရှိလို့ လက်မှိုင်ချကာ စိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်းမသိသူတွေကို တွေ့တဲ့အခါ ဖွဲဖွဲညင်သာ ရွာချပေးပါလား။ ဘာဖြစ်လို့လဲဆိုတော့ သင့်မိုးရေတွေနဲ့ သူတို့ပါးပေါ်က မျက်ရည်တွေကို ဆေးကြောပေးစေချင်လို့ပါ။ အဲဒီလိုနဲ့ သင်ဆက်သွားတဲ့အခါ ဒုက္ခသည်စခန်းတွေမှာ မျှော်လင့်ချက်မဲ့နေတဲ့သူတွေကို တွေ့ရပါလိမ့်မယ်။ အို မိုးတိမ်တမန် ကျေးဇူးပြုပြီး ဝုန်းဝုန်း ဒိုင်းဒိုင်း မရွာချလိုက်ပါနဲ့။ သင့်အသံကို သေနတ်သံတွေထင်ပြီး သူတို့ ခိုကိုးရာမဲ့စွာ ထွက်ပြေးကြမှာစိုးလို့ပါ။ တစ်ခါမှာတော့ သင်ဟာ သံဆူးကြိုးတွေ အထပ်ထပ်နဲ့ အဆောက်အအုံတွေပေါ် ဖြတ်သန်းရပါလိမ့်မယ်။ အို သတိထားလိုက်ပါ။ မိုးတိမ်တမန် သင့်အောက်မှာ ယုံကြည်ချက်အတွက် အချုပ်အနှောင်ခံနေရသူတွေ ရှိပါတယ်။ သင့်ကိုမော့ကြည့်နေတဲ့ သူတို့မျက်ဝန်းထဲမှာ သူတို့ရဲ့မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးမိတ်ဆွေတွေကို လှမ်းမှာချင်နေတဲ့စကားလုံးတွေ ရှိပါတယ်။ အဲဒီ စကားလုံးတွေကို သင်က သေသေချာချာလေး ထုပ်ပိုးသိမ်းဆည်းပြီး တစ်ဆင့်ပြန်လည် ပြောပြပေးပါလား။ အဲဒီစကားလုံးတွေဟာ အကျွနု်ပ်တို့ မြန်မာပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်နေလို့ပါပဲ။ 
 
အို မိုးတိမ်တမန်... အကျွနု်ပ်အမှာစကားတွေကို အခုလို ယူဆောင်ပေးတဲ့အတွက် သင့်ကိုကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့အကြောင်း အညတရစာဆိုတစ်ဦးအနေနဲ့ နောက်ဆုံးပြောကြားလိုက်ပါရစေ။
ကျမ်းကိုး။     ။ မောင်မျက်ရှင်-စေတမန်မိုးတိမ်

Most Read

Most Recent