ရေမြင့်ရင် ကြာတင့်လိမ့်မယ်

ရေမြင့်ရင် ကြာတင့်လိမ့်မယ်
Published 10 July 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ရေနိမ့်လို့ ကြာနိမ့်တာပါ။ ရေမြင့်ရင်တော့ ကြာမြင့်ဖို့ သေချာပါတယ်။ ရေမြင့်တော့ ကြာမြင့်၊ ကြာမြင့်တော့ ကြာတင့်။ ဒီလိုပါပဲ၊ စိတ်ဓာတ်တွေနိမ့်လို့ ရုပ်ဓာတ်တွေ နိမ့်နေရတာပါ။ စိတ်ဓာတ်တွေ နိမ့်ကျလို့ ရုပ်ဓာတ်တွေ နိမ့်ကျနေရတာပါ။ စိတ်ဓာတ်တွေ မြင့်လာရင် ရုပ်ဓာတ်တွေ မြင့်လာမှာက သေချာပေါက်ပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေ မြင့်လာတော့ မြင်ကွင်းအများစုဟာလည်း တင့် (တင့်တယ်) လာမှာပါပဲ။ ယခုတော့ စိတ်ပိုင်းဆိုင်ရာတွေ စုတ်ပြတ်သတ်နေလို့ ရုပ်ပိုင်းဆိုင်ရာတွေလည်း စုတ်ပြတ်သတ်နေရတာပါ။ရုပ်ဓာတ်ဆိုတဲ့ နေရာမှာ ရုပ်ဆင်းဥပဓိတင် မဟုတ်ပါဘူး။ စားစရာ အစားအစာလည်း ရုပ်ပါပဲ။ ဝတ်စရာ အဝတ်အထည်လည်း ရုပ်ပါပဲ။ နေစရာ အဆောက်အုံလည်း ရုပ်ပါပဲ၊ သုံးစွဲစရာ အသုံးအဆောင် ပရိဘောဂ မှန်သမျှ ရုပ်ပါပဲ။ ရုပ်ဆိုတာ ရုပ်ဝတ္ထု ပစ္စည်းအားလုံးကို ဆိုလိုတာပါ။စိတ်ဆိုးလို့ ရုပ်ဆိုးရတာပါ။ စိတ်ဓာတ်ညံ့လို့ ရုပ်ဓာတ်တွေ ညံ့ရတာပါ။ စိတ်ဓာတ်တွေ မကောင်းလို့ ရုပ်ဓာတ်တွေ မကောင်းရတာပါ။ စိတ်ကောင်းရင် ရုပ်ကောင်းမှာပါ။ စိတ်ချောရင် ရုပ်ချောမှာပါ။ စိတ်လှရင် ရုပ်လှမှာပါ။ စိတ်ဓာတ်တွေ အဆင့်အတန်းမြင့်ကြရင် လူ့ဘ၀ အဆင့်အတန်းလည်း မြင့်လာမှာပါ။ လူနေမှု အဆင့်တန်းလည်း မြင့်လာမှာပါ။ စိတ်ကောင်းရှိဖို့က ပထမ မဟုတ်ပါလား။ ဘဝမှာ ဘဝင်အနေအထားက အရေးကြီးပါတယ်။ ဘဝင်စိတ်အနေအထားတတ်ရင် ဘဝဂ်ကို ရောက်နိုင်ပါတယ်။စိတ်သာအဓိက စိတ်သာပဓာနဆိုတော့ အဲဒီစိတ်ဆိုတာ ဘယ်သူ့စိတ်လဲလို့ မေးရင် ‘ဘယ်သူမပြု မိမိမှု’ ဆိုတော့ ကိုယ့်စိတ်ကတော့ အဓိကပဲလေ။ ဒါပေမဲ့ ကျန်တဲ့အထက်ကစိတ်၊ အောက်ကစိတ်၊ ဘေးကစိတ်၊ သက်ဆိုင်သူ အားလုံးတို့ စိတ်လည်း ပါတော့ပါတာပေါ့။ ‘သားသမီးမကောင်း မိဘခေါင်း’ လို့ ဆိုတော့ အထက်ကစိတ်ဟာ ပဓာနတော့ ကျမှာပေါ့၊ ‘ဣဿရာနုဝတ္တကော လောကော’ လောကဆိုတာ လုပ်ပိုင်ခွင့်ရှိသူတို့နောက်ကို လိုက်ချင်လည်းလိုက်၊ မလိုက်ချင်လည်း လိုက်၊ လိုက်ရတာလေ၊ တိုင်းပြည်ရဲ့ ကံကြမ္မာကို စီမံခန့်ခွဲသူ လက်တစ်ဆုပ်စာ လူတစ်စုတို့ရဲ့စိတ်ဟာ ပထမနေရာမှာ ရှိတယ်လို့ ဆိုခဲ့ရင် ...။‘စိတ္တေန နီယျတေ လောကော’ တစ်လောကလုံးဟာ စိတ်ကရှေ့ဆောင်ပဲ၊ စိတ်ခေါ်ဆောင်ရာနောက် လိုက်ကြရတယ်၊ မြင့်တာလည်း စိတ်ကြောင့်ပဲ။ နိမ့်တာလည်း စိတ်ကြောင့်ပဲ။ ‘အဆင်းကိုရဲလို့ ဆင်းရဲရတာ’ လို့ တိပိဋက ယောဆရာတော်က မိန့်တယ်၊ အဆင်းကိုရဲတဲ့ နိမ့်ကျတဲ့ မကောင်းတဲ့စိတ်ကြောင့် ဆင်းရဲရတာပဲ။ တစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝ၊ မိသားစုဘဝ၊ လူ့အဖွဲ့အစည်းဘ၀ စတဲ့ ဘဝဟူသမျှ အမြင့်ရောက်အောင် မြှင့်တင်ပေးတာ၊ ဆွဲတင်ပေးတာလည်း စိတ်ပဲ။ အနိမ့်ရောက်အောင် ဆွဲချသွားတာ၊ နှိမ့်ချသွားတာလည်း စိတ်ပဲ။ ဒါကြောင့်ပဲ ‘စိတ်သာရှင်စော ဘုရားဟော’ လို့ ဆိုကြတာပေါ့။စိတ်နဲ့တွဲပြီးဖြစ်တဲ့ စိတ်ကို အမှီပြုဖြစ်တဲ့ စေတသိက်ဆိုတာ ရှိတယ်။ စေတသိက်ဆိုတာ စိတ်ကို အမှီပြုဖြစ်ရပေမယ့် စိတ်ကို ခြယ်လှယ်တဲ့ တရား၊ စိတ်ကို အရောင်ဆိုးပေးတဲ့ တရားပဲ။ အဲဒီ စေတသိက်က အကောင်း ၂၅ ပါး၊ အဆိုး ၁၄ ပါး၊ အကောင်းအဆိုး ရောထွေးဖြစ်တဲ့ စေတသိက်က ၁၃ ပါး၊ ပေါင်းတော့ စေတသိက် ၅၂ ပါးရှိတယ်။ စိတ်တစ်ပါးနဲ့ စေတသိက် ၅၂ ပါးနဲ့ပေါင်းရင် နာမ်တရား ၅၃ ပါးဖြစ်တယ်။‘ပဘဿရမိဒံ ဘိက္ခေ၀ စိတ္တံ’ - ရဟန်းတို့ ပင်ကိုစိတ်က ပြိုးပြိုးပြက်ပြက် အရောင်ထွက်လောက်အောင် ဖြူစင်သန့်ရှင်းလှတယ်’ လို့ ဘုရားဟောတယ်။ ပကတိပင်ကိုစိတ်က ဖြူ စင်တယ်၊ သန့်ရှင်းတယ်၊ အညစ်အကြေး ကင်းတယ်၊ အရောင်တဖျပ်ဖျပ် ထွက်နေလောက်အောင်ကို ကြည်လင်ဝင်းပတယ်။ စေတသိက်တွေကြောင့် စိတ်က အရောင်အမျိုးမျိုး ပြောင်းရတာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့နဲ့ ယှဉ်တွဲဖြစ်တဲ့ စိတ်ဟာ ဖြူစင်တယ်၊ မြင့်မြတ်တယ်၊ ယင်းဖြူစင်မြင့်မြတ်တဲ့ စိတ်ရှိသူဟာ မြင့်မြတ်သူပဲ။ အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိစတဲ့ စေတသိက်တွေနဲ့ တွဲဖြစ်တဲ့ စိတ်ဟာလည်း ဖြူ စင်မြင့်မြတ်တာပါပဲ။မေတ္တာဆိုတာ သူတစ်ပါးကောင်းကျိုးကို လိုလားတာ၊ သူတစ်ပါးကို ကောင်းကျိုးရစေချင်တာ၊ ကောင်းကျိုးရှိစေချင်တာ၊ သူတစ်ပါးကောင်းကျိုးရအောင်၊ ကောင်းကျိုးရှိအောင် ကူညီဆောင်ရွက်ပေးတာ၊ သူတစ်ပါး ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖြစ်အောင် လက်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်း သဘောမျိုးနဲ့ ရိုင်းပင်းကူညီတာ၊ မေတ္တာဆိုတာ ပရဟိတ သက်သက်ပဲ၊ အတ္တဟိတ မပါဘူး။ကရုဏာက သူတစ်ပါးကို ဒုက္ခမပေးတာ၊ သူတစ်ပါး ဒုက္ခရောက်မှာ စိုးရိမ်တာ၊ သူတစ်ပါး ဒုက္ခရောက်နေတာကို တွေ့ရရင် အဲဒီဒုက္ခကနေ လွတ်မြောက်အောင် ကယ်တင်စောင့်ရှောက်ပေးတာ၊ ကြင်နာတာ၊ သနားတာ ကရုဏာ၊ သူတစ်ပါး ကောင်းကျိုးရှိတာ၊ အဆင်ပြေတာကို ကြည်နူးဝမ်းသာတာ မုဒိတာ၊ ဥပေက္ခာကတော့ မျှတစွာရှုမြင်နိုင်တာ၊ သဘောထားကြီးတာ၊ တည့်မတ်တာ၊ ရင့်ကျက်တာ၊ ခံနိုင်ရည်ရှိတာ၊ ‘လောကဓံတွေ့ရိုးမို့ အမျိုးမျိုးတွေ့ရမယ်၊ စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါ့ကွယ်’ ဆိုတဲ့အတိုင်း စိတ်ကို ထိန်းချုပ်နိုင်တာ၊ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် တည့်မတ်ပေးနိုင်တာဟာ ဥပေက္ခာပဲ။ဒီတရားတွေဟာ ဗြဟ္မဝိဟာရ - ဗြဟ္မစိုရ်တရားတွေပဲ။ မြင့်မြတ်တဲ့ တရားတွေပဲ။ ဒီတရားတွေနဲ့ နေရတာ အင်မတန် အေးချမ်းတယ်၊ အင်မတန် မြင့်မြတ်တယ်၊ တစ်ကိုယ်ရေ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင် ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေးအတွက် လိုအပ်တာက ဒီတရားတွေပဲ။ လ့ူဘ၀ အဆင့်အတန်း၊ လူနေမှု အဆင့်အတန်းများကို အမှန်တကယ် မြှင့်တင်ပေးနိုင်တာက ဒီတရားတွေပဲ။ဒီမြင့်မြတ်တဲ့ တရားတွေကို ခန်းခြောက်စေတာက ဣဿာမစ္ဆရိယပဲ၊ ဣဿာမစ္ဆရိယတွေကြောင့် ပြဿနာတွေ ဖြစ်နေရတာ၊ မပြေလည်မှုတွေ ဖြစ်နေရတာ၊ ငြိမ်းချမ်းရေး မရတာ၊ ဣဿာမစ္ဆရိယတွေကြောင့် ဘဝတွေနိမ့်ကျ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေကြရတာ။ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှား ရှိစဉ်က တစ်နေ့မှာတော့ သိကြားမင်း ရောက်လာပြီး ဘုရားကို မေးလျှောက်တယ်။“ရွှေဘုန်းတော် ကြီးမားတော်မူလှပါတဲ့ ဂေါတမရှင်တော် မြတ်ဘုရား..နတ်တွေ၊ လူတွေ၊ အသုရာနတ်တွေ၊ နဂါးတွေ၊ ဂန္ဓဗ္ဗနတ်တွေ သက်ရှိသတ္တဝါဟူသမျှ ခိုက်ရန်ဒေါသ ကင်းစင်ပကာ နေထိုင်လိုကြပါတယ်၊ လက်နက်ဥစ္စာဒဏ်ဘေး ကင်းဝေးကာ နေထိုင်လိုကြပါတယ်၊ ရန်သူဟူသမျှ ကင်းစင်ပကာ နေထိုင်လိုကြပါတယ်၊ စိတ်ဆင်းရဲကင်းကွာ နှလုံးစိတ်ဝမ်း ကြည်ကြည်သာသာနဲ့ နေထိုင်လိုကြပါတယ်၊ ခိုက်ရန်ဒေါသ စိုးစဉ်းမျှမရှိဘဲ နေထိုင်လိုကြပါတယ်”“အဲဒီလို အေးအေးဆေးဆေး၊ အေးအေးချမ်းချမ်း နေထိုင်လိုကြပေမယ့် အဲဒီလို မနေရဘဲ ခိုက်ရန်ဒေါသ ဖြစ်နေကြရပါတယ်၊ လက်နက်ဥစ္စာဒဏ် ဘေးသင့်ရောက်နေကြပါတယ်၊ ရန်သူတွေ ဝိုင်းဝိုင်းလည်နေကြရပါတယ်၊ နှလုံးမသာ အမြဲစိတ်ဆင်းရဲစွာ နေကြရပါတယ်၊ ဘယ်လို အနှောင်အဖွ့ဲမျိုးတွေကြောင့် အဲဒီလို အလိုမကျ ဆင်းရဲစွာ နေကြရတာပါလဲ ဘုရား”သိကြားမင်းက အဲဒီလိုမေးတော့ ဘုရားရှင်က “သတ္တဝါအားလုံးဟာ ဣဿာမစ္ဆရိယ သံယောဇဉ် အနှောင်အဖွဲ့တွေကြောင့် အဲဒီလို ပဋိပက္ခတွေဖြစ်ကာ အလိုမကျ ဆင်းရဲစွာ နေကြရတာပဲ” လို့ ဖြေကြားတော်မူတယ်။ဘုရားရှင်ရဲ့ ဒီအဖြေကို ကျေးဇူးရှင် မဟာစည်ဆရာတော်ကြီးက “ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်၀ ဘေးရန်ပလျက် အေးမြချမ်းသာ နေလိုပါလည်း ဣဿာ မစ္ဆေသူရှုပ်ပွေ၍ ထင်ခြေမကျ ဆင်းရဲရတည့်” လို့ လင်္ကာစီခဲ့တယ်။ ဒါ့အပြင် ဆရာတော်က ‘မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာကြရမည်’ လို့လည်း ရေးသားမိန့်မှာ ဆုံးမတော်မူခဲ့တယ်။ လက်ငင်းချမ်းသာကြဖို့ဆိုရင် ဣဿာမစ္ဆရိယတွေ ကင်းကြဖို့ပါပဲ။ဘာကြောင့် မိမိတို့ဘ၀ အခင်းအကျင်းတွေ နှစ်ပေါင်းခြောက်ဆယ်ကျော်တိုင် အေးအေးချမ်းချမ်း မရှိရတာလဲ။ ဣဿာမစ္ဆရိယကြောင့်ပဲ။ မိမိတို့တစ်တွေ ဘာကြောင့် သူများနည်းတူ မဖြစ်ရသေးတာလဲ။ ဣဿာမစ္ဆရိယတွေကြောင့်ပဲ။ မိမိတို့တစ်တွေ ဘာကြောင့် အရာရာမှာ နောက်ကောက်ကျနေရတာလဲ၊ ဣဿာမစ္ဆရိယတွေကြောင့်ပဲ။တတိယကမ္ဘာထဲက လူဦးရေအရ နိုင်ငံကြီးလို့ ခေါ်လောက်တဲ့ မိမိတို့နိုင်ငံဟာ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့တာ နှစ်ပေါင်း ၁၀၀ နီးပါးတောင် ရှိခဲ့လေပြီ။ ဒါပေမဲ့ ခုထက်တိုင် ဒုံရင်းဒုံရင်း ဆင်းရဲဒုက္ခနွံထဲမှ ရုန်းမထွက်နိုင်သေးချေ။ ဘာ့ကြောင့်လဲ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က မြန်မာနိုင်ငံက လူမျိုးတွေ အကြောင်းကို သုတေသနပြု မှတ်တမ်းတင်ခဲ့တဲ့ အနောက်တိုင်း စာရေးဆရာ တစ်ဦးရဲ့ အဆိုအရ မိမိတို့လူမျိုး အများစုဟာ ‘ဣဿာမစ္ဆရိယ အလွန်များသတဲ့’ မိမိတို့ကိုယ်ကိုယ် မိမိတို့ စဉ်းစားဖို့နဲ့ ဆင်ခြင်ဖို့ပါ။ပရမ္ပရကံကောင်းမသဖြင့် ပြည့်ဝဂုဏ်သိန် သူ့စည်းစိမ်ကို မမြိန်နိုင်ကောင်း စောင်းမြောင်းမဲ့ရွဲ့ ကဲ့ရဲ့ငြူစူ ရှုတ်ချမူ မှတ်ယူဣဿာ သဘောတည်း။ (သံဘာဋီ)ဣဿာဆိုတာ မနာလိုတာ၊ ‘ကိုယ့်ထက်သာ မနာလို’ ဆိုတဲ့အတိုင်း ကိုယ့်ထက်သာတာ၊ သာမှာကို မကြည့်လို၊ မမြင်လို၊ မကြားလို၊ မနာလိုတာ ဣဿာ၊ ကိုယ့်ထက်သာသူကို မချီးမွမ်းနိုင်တာ၊ ကဲ့ရဲ့တာ၊ ငြူစူတာ၊ အပြစ်ပြောတာ၊ အပုပ်ချတာ အားလုံးဣဿာ။ရလတ္တံ့၊ ရပြီး င့ါပစ္စည်းနှယ် အံ့ချီးဖွယ်ကား...များကြွယ်သူတစ်ပါး မဖြစ်စေသားဟု ဖြစ်ပွားတတ်လျှင်း ဝန်တိုခြင်း မယွင်းမစ္ဆရိယ သဘောတည်း။ (သံဘာဋီ)မစ္ဆရိယက ဝန်တိုတာ၊ နှမြောတာ၊ မပေးလို၊ မစွန့်လို၊ ကပ်စေးနှဲတာ၊ မစ္ဆရိယက နေရာထိုင်ခင်း ရာထူးဌာနန္တရနဲ့စပ်ပြီး ဝန်တိုနှမြောခြင်း၊ အသိမိတ်ဆွေ၊ အမျိုးအဆွေ၊ ပစ္စည်းဥစ္စာ၊ ဂုဏ်သတင်း၊ တရား သို့မဟုတ် ပညာရပ်တို့နဲ့စပ်ပြီး ဝန်တိုနှမြောခြင်းလို့ ငါးမျိုးရှိတယ်၊ သူက ကျယ်ပြန့်တယ်။စိတ်ဓာတ်ထဲမှာ အဆိုးဆုံး စိတ်ကတော့ ဣဿာမစ္ဆရိယစိတ်ပါပဲ။ လူနေမှုဘဝတွေ နိမ့်ကျနေတာ၊ လူနေမူ အဆင့်တန်းတွေ နိမ့်ကျနေတာ သူတို့ကြောင့်ပါပဲ။ စိတ်ဓာတ်တွေ သေးသိမ်တာ၊ စိတ်ဓာတ်တွေ နိမ့်ကျပြီး အမြင်ကျဉ်းမြောင်းတာ သူတို့ကြောင့်ပါပဲ။ဒါကြောင့် လူနေမှုဘဝတွေ မြင့်မားဖို့၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာဖို့ မိမိတို့ ဣဿာမစ္ဆရိယတွေကို လျှော့ချပြီး မေတ္တာတွေထားကာ၊ ကရုဏာတွေပွားကာ သဘောထားကြီးကြီးထားပြီး အမြင်ကျယ်ကြဖို့ လိုပါတယ်။ရေမြင့်ရင် ကြာမြင့်၊ ကြာတင့်ပါလိမ့်မယ်။ စိတ်ဓာတ်တွေမြင့်ရင် ဘဝတွေမြင့်၊ ဘဝတွေ တင့်လာပါလိမ့်မယ်၊ လူနေမှု အဆင့်တန်းတွေ မြင့်လာပါလိမ့်မယ်။သြော် ...ဒါနဲ့ သတိရလို့ ပြောရဦးမယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကမ္ဘာပတ်ပြီး နိုင်ငံခြားသင်္ဘောက ဆင်းလာတဲ့ ကပ္ပတိန် တစ်ယောက်က ပြောတယ်။ မိမိတို့နိုင်ငံကို အုပ်စိုးနေတဲ့ သူတွေဟာ အလွန်ဣဿာ မစ္ဆရိယများတာတဲ့။

Most Read

Most Recent