ပြောင်းလဲမှုကို စုံလုံးကန်းခြင်း

ပြောင်းလဲမှုကို စုံလုံးကန်းခြင်း
Published 10 July 2015
ကျွန်း

အခုတစ်လော မဲစာရင်း အမှားတွေအကြောင်း ရေးကြတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို ဆက်တိုက်လိုလို ဖတ်နေရပါတယ်။ ဖတ်ရင်းဖတ်ရင်း မှားယွင်းနေပုံတွေက အဓိပ္ပာယ်မရှိဘူးလို့ မြင်လာမိပါတယ်။ မတော်တဆ လွဲချော်မှုလို့ ပြောဖို့ခက်တဲ့ အနေအထားတွေ ဖြစ်နေကြောင်း တွေးမိရင်း လူမှုရေး စိတ်ပညာ ပို့ချချက်ထဲက ပြောင်းလဲမှုကို စုံလုံးကန်းခြင်း (Change Blindness) ဆိုတဲ့ သင်ခန်းစာကလေး ကျွန်မခေါင်းထဲ ရောက်လာပါတယ်။ဗြိတိသျှ စိတ်ပညာရှင်နဲ့ မျက်လှည့်ဆရာ တစ်ဦးဖြစ်တဲ့ ရစ်ချတ်ဝိုက်စ်မန်းက သူ့ရဲ့ အရောင်ပြောင်း ဖဲချပ်မျက်လှည့်ကို ဆာရာဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ ပြသခဲ့ပါတယ်။ အဲဒီမှာ သူက အပြာရောင် နောက်ကျောရှိတဲ့ ဖဲချပ်တွေနဲ့ ပြသခဲ့ပါတယ်။ ဖဲချပ်တွေကို သူတို့နှစ်ဦးရှေ့မှာ ဖြန့်ခင်းထားပြီး ဆာရာ့ကို ဖဲတစ်ချပ် ရွေးခိုင်းပါတယ်။ ဆာရာက ဖဲချပ်တစ်ချပ် ရွေးပြီး စားပွဲပေါ်မှာ မှောက်ထားလိုက်ပါတယ်။ ရစ်ချတ်ဝိုက်စ်မန်းက အဲဒီဖဲချပ်ကို အားလုံးကို ပြခိုင်းပါတယ်။ ဆာရာက သူရွေးထားတဲ့ ဒိုင်းမွန်း (၃) ဖဲချပ်ကို ကင်မရာဘက်ကို ပြပါတယ်။ အဲဒီနောက်မှာ ရစ်ချတ်ဝိုက်စ်မန်းက အဲဒီဖဲချပ်ကိုယူပြီး အခြားဖဲချပ်တွေကြားထဲ ပြန်ထည့်ပါတယ်။ ဖဲချပ်တွေကို လှန်ထားတဲ့ အနေအထားနဲ့ စားပွဲပေါ်ကို ဖြန့်ချလိုက်ပါတယ်။ ပြီးတော့ လက်ဖျောက်တစ်ချက် တီးလိုက်ပါတယ်။ အဲဒီအခါမှာ ဆာရာ ရွေးခဲ့တဲ့ ဖဲချပ်ကလွဲရင် ကျန်တဲ့ ဖဲချပ်တွေ အားလုံးရဲ့ နောက်ကျောတွေက အနီရောင်တွေ ဖြစ်နေတာကို တွေ့ကြရပါတယ်။ သူက ဒါက အရောင်ပြောင်းဖဲချပ် မျက်လှည့်ပါလို့ ဆိုပါတယ်။ ကျွန်မတို့က ဖဲချပ်တွေကို အာရုံစိုက်ရင်း သူဘယ်လို လုပ်လိုက်ပါလိမ့်လို့ တွေးနေမိခဲ့ကြပါတယ်။ဒါပေမဲ့ အဲဒီမှာ မျက်လှည့်ပြကွက်ကလေးက တကယ်တမ်း အဓိက မကျခဲ့ပါဘူး။ ပြကွက်ပြနေစဉ်၊ ကျွန်မတို့ အရှေ့က ဖဲချပ်တွေ၊ အရောင်တွေကို အာရုံစိုက်ကြည့်နေစဉ်မှာ ကျွန်မတို့ နည်းနည်းကလေးတောင် မမြင်မိ၊ သတိမထားမိခဲ့တဲ့ ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်သွားခဲ့ပါတယ်။ အလွန်ထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုက ရစ်ချတ်ဝိုက်စ်မန်းနဲ့ ဆာရာတို့ ထိုင်နေတဲ့ နေရာရဲ့ အနောက်ဘက်က နောက်ခံအရောင် ပြောင်းသွားခဲ့ခြင်းပါ။ ဒါ့အပြင် ရစ်ချတ်ဝိုက်စ်မန်းရဲ့ အင်္ကျီအရောင် ပြောင်းသွားတာ၊ ဆာရာရဲ ့အင်္ကျီအရောင် ပြောင်းသွားတာတွေကို ကျွန်မတို့ လုံးဝကို မမြင်ခဲ့ကြပါဘူး။ အဲဒီလိုတွေ ပြောင်းသွားခဲ့ကြောင်းကို တစ်ခုချင်းစီ ပြန်ထောက်မပြဘဲ အဲဒီပြကွက်ကို အကြိမ်ကြိမ်ပြန်ပြလည်း ကျွန်မတို့ မြင်နိုင်ကြမှာ မဟုတ်တဲ့ အနေအထားပါ။လူမှုရေးစိတ်ပညာ သင်ကြားပို့ချသူ ပရော်ဖက်ဆာ စကော့ပလောက်စ်က အဲဒီလို မမြင်ခြင်းက အကြောင်းနှစ်ခုကြောင့်လို့ ဆိုပါတယ်။ ပထမ တစ်ခုက ကျွန်မတို့ရဲ့ အာရုံစူးစိုက်မှုတွေက အခြားတစ်နေရာကို ရောက်နေကြတဲ့အတွက် မမြင်နိုင်ခြင်းဖြစ်ပြီး၊ ဒုတိယ တစ်ခုက ကျွန်မတို့ရဲ့ သိမြင်လက်ခံပုံ (Perception) တွရဲ့ သြဇာသက်ရောက်မှုတွေကြောင့် မမြင်နိုင်ခြင်း ဖြစ်ပါတယ်တဲ့။ အဲဒီလို ပြသနေချိန်မှာ အင်္ကျီလဲခြင်း၊ နောက်ခံအရောင် ပြောင်းခြင်းတွေက မြင်နေကျ၊ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေမှ မဟုတ်ခဲ့တာကိုး။ မိမိကိုယ်တိုင်ရဲ့ မသိစိတ်က ဘက်လိုက်မှု၊ အခြေအနေ၊ မျှော်လင့်ချက်၊ အတိတ်က အတွေ့အကြုံ၊ အားပေးလှုံ့ဆော်မှု စတဲ့ အကြောင်းများစွာကလည်း မိမိရဲ့ သိမြင်လက်ခံပုံတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်တဲ့။သိမြင်လက်ခံပုံတွေက အမြင်အာရုံတွေကို လှည့်စားတတ်ကြောင်းကို ပရော်ဖက်ဆာ စကော့ပလောက်စ်က ဥပမာတွေနဲ့ နားလည်စေခဲ့ပါတယ်။ တစ်ခုက ဖဲချပ်အချို့ကို ချပြထားပြီး အဲဒီအထဲမှာ အံ့အားသင့်စရာတစ်ခု ရှိတယ်လို့ ပြောပေမယ့် အဲဒါ ဘာလဲဆိုတာကို လူအတော်များများက မမြင်နိုင်ခဲ့ကြပါဘူး။ အဲဒီ ဖဲချပ်တွေထဲမှာ ဒိုင်းမွန်း (၁၀)က အနီရောင် ဖြစ်ရမယ့်အစား အနက်ရောင် ဖြစ်နေခဲ့တာပါ။ နောက်တစ်ခုက ကားနဲ့ ဖြတ်ပြီး ဝယ်လို့ရတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ ဆိုင်းဘုတ်ဓာတ်ပုံကို ပြသခဲ့တာပါ။ အဲဒီ ဆိုင်းဘုတ်ကို ကြည့်ပြီး လူအတော်များများက အမှားရှာ မတွေ့ခဲ့ကြပါဘူး။ ဆိုင်းဘုတ်မှာ မက်ဒေါ်နယ် (Mc Donald) လို့ ရေးရမယ့်အစား မက်ဒွန်လက် (Mcdonlad) လို့ ရေးထားပေမယ့် အဲဒါကို မထောက်ပြမချင်း မမြင်နိုင်ကြပါဘူး။ အလားတူပါပဲ။ လက်ဆွဲနှုတ်ဆက်တဲ့ ပုံတစ်ပုံကို ပြတဲ့အခါ လူတွေက ဒါ သာမန်လက်ဆွဲ နှုတ်ဆက်နေတဲ့ ပုံပဲဆိုပြီး အဲဒီမှာပဲ ရပ်ထားလိုက်ကြပါတယ်။ ပုံမှာ လက်ချောင်းတစ်ချောင်း ပိုနေတာကို ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ “ကျွန်တော်တို့က ကျွန်တော်တို့မြင်ဖို့ မျှော်လင့်ထားတာတွေကိုပဲ မြင်တတ်ကြပြီး၊ ကျွန်တော်တို့မြင်ဖို့ မျှော်လင့်မထားတာတွေကို မမြင်ကြဘူး” လို့ ပရော်ဖက်ဆာ စကော့ပလောက်စ်က ဆိုပါတယ်။   ပြောင်းလဲမှုကို စုံလုံးကန်းခြင်းနဲ့ ပတ်သက်တဲ့ အခြားစမ်းသပ်မှု တစ်ခုကို ပြုလုပ်သူတွေကတော့ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်တွေ ဖြစ်ကြတဲ့ ဒန်ဆိုင်မွန်စ်နဲ့ ခရစ်ရှဘရီးတို့ ဖြစ်ကြပါတယ်။ အဲဒီ စမ်းသပ်ချက်မှာ သူတို့က ရုပ်ချင်းလဲမတူ၊ အင်္ကျီအရောင်ချင်းလည်း မတူတဲ့ အမျိုးသားနှစ်ဦးကို အသုံးပြုခဲ့ကြပါတယ်။ စမ်းသပ်မှုမှာ ပါဝင်မယ့် သူတွေက ကောင်တာတစ်ခုကိုလာပြီး သူတို့ စမ်းသပ်မှုမှာ ပါဝင်ဖို့ သဘောတူညီကြောင်း ပုံစံဖြည့်သွင်း ရပါတယ်။ အဲဒီကောင်တာမှာ ပထမ အမျိုးသားက မတ်တတ်ရပ်ပြီး လာရောက်သူကို ပုံစံစာရွက် ထုတ်ပေးပါတယ်။ လာရောက်သူက ပုံစံဖြည့်၊ လက်မှတ်ထိုးပြီးတာနဲ့ ပထမ အမျိုးသားက ပုံစံကိုယူပြီး သိမ်းတဲ့ ပုံစံမျိုးနဲ့၊ ကောင်တာအောက်ဘက် မမြင်နိုင်တဲ့ နေရာထဲကို ပုန်းလိုက်ပါတယ်။ အဲဒီအခါမှာ ကောင်တာအောက်မှာ ပုန်းနေတဲ့ ဒုတိယအမျိုးသားက ထပြီး ပုံစံဖြည့်သွင်းခဲ့သူကို သတင်းအချက်အလက်တွေ ထုတ်ပေးပါတယ်။ ပြီးတော့ သူတို့ ဆက်သွားရမယ့် နေရာကို ညွှန်ပြပေးပါတယ်။ အဲဒီ စမ်းသပ်မှုမှာ စမ်းသပ်ခံရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းက ကောင်တာမှာ လူပြောင်းသွားတာကို နည်းနည်းကလေးတောင် မရိပ်မိလိုက်ကြပါဘူးတဲ့။        ထင်ရှားစွာ မှားယွင်းနေတဲ့ မဲစာရင်းတွေက ကျွန်မတို့ကို မြင်သာအောင် တမင်ပြထားတဲ့ ဖဲမျက်လှည့်လို ကိစ္စရပ်မျိုးများလား။ နောက်ကွယ်က အခင်းအကျင်း ပြောင်းတာတွေ၊ အဝတ်အစား ပြောင်းတာတွေ၊ လူပြောင်းတာတွေကို သတိမပြုမိအောင် ဆောင်ရွက်ထားတာများလား။ နိုင်ငံရေး ကစားကွက်တွေကို ဘာမှ နားမလည်သလို စိတ်ပညာမှာလဲ လေ့လာသူအဆင့်သာရှိသူ တစ်ဦးရဲ့ အတွေးသက်သက်ပါ။(ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ သင်ကြားပို့ချချက်)

Most Read

Most Recent