မြင့်တက်ဒေါ်လာတန်ဖိုးနှင့် ဝန်ထုပ်ဝန်ပိုး

မြင့်တက်ဒေါ်လာတန်ဖိုးနှင့် ဝန်ထုပ်ဝန်ပိုး
Published 5 July 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ မေလအတွင်းက စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ဒေါ်လာဈေးနှုန်းဟာ လက်ရှိမှာ တစ်ဒေါ်လာ ၁၂၀၀ နီးပါးဝန်းကျင်အထိ ရောက်ရှိနေတာကြောင့် သက်ရောက်မှုအများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။
 
ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က စတင်ပြီး လျင်မြန်စွာပြောင်းလဲမြင့်တက်ခဲ့တဲ့ ကျပ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်းထားဟာ ဇွန်လထဲမှာတော့ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးကို ထိန်းချုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေးမှုများပြုလုပ်ခြင်း ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာခြင်း ပြုလုပ်ခဲ့ပေမယ့် ဒေါ်လာဈေးဟာ ဆက်လက်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၁၈ ရက်မှာတော့ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ငွေလဲနှုန်းနဲ့ စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းတဲ့လုပ်ငန်းရှင်များ ဒေါ်လာငွေကို MFTB, MICB စတဲ့ အစိုးရဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချမယ့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်ပဒေါ်လာ ရောင်းဝယ် ဈေးကွက်မှာ အဖမ်းအဆီးများ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့  ပြင်ပဈေးကွက်မှာ ဒေါ်လာတန်ဖိုးဟာ ဇွန် တတိယပတ်မှစပြီး တစ်ဒေါ်လာကို ကျပ် ၁၂၀၀ အောက်ကို ကျဆင်းသွားခဲ့ပါတယ်။ 
 
တဖြည်းဖြည်းမြင့်
 
ဒီလို ဒေါ်လာဈေးတွေ မြင့်တက်လာတာဟာ  ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အမေရိကန် တစ်ဒေါ်လာတန်ဖိုး ကျပ် ၈၀၀ ကျော်သာ ရှိခဲ့ရာက စံချိန်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မကြာမီက ဒေါ်လာဈေးမြင့်တက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ ရက်အနည်းငယ်အတွင်းမှာကိုပဲ ငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်ပေါ်ပြောင်းလဲခဲ့တာဖြစ်ပြီး တစ်ဒေါ်လာကို ကျပ် ၂၀၀ ကျော်အထိ ရက်ပိုင်းအတွင်း မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်ကနေ ကျပ် ၁၂၀၀ နီးပါးကို ကျဆင်းသွားသော်လည်း ယခင်ဈေးနှုန်း ရုတ်ခြည်းမမြင့်ခဲ့စဉ်က ရှိခဲ့တဲ့ တစ်ဒေါ်လာ ကျပ် ၁၀၀၀ ကျော်ဝန်းကျင်ကို တော့ ပြန်မရောက်ဘဲ ကျပ် ၁၁၈၀ ဝန်းကျင်မှာ ရှိနေတာကြောင့် သွင်းကုန်ဈေးကွက်အပေါ် သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ 
ကျပ်ငွေနဲ့ ဒေါ်လာလဲလှယ်ရာမှာ ကျပ်ငွေ ပိုမိုပေးချေရလာတာကြောင့် ဒေါ်လာဖြင့် တင်သွင်းရတဲ့ သွင်းကုန်ဈေးနှုန်းတွေဟာ မြင့်တက်လာခဲ့ပါတယ်။ အဲဒီလို သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စားသုံးသူများလက်ထဲ ရောက်လာတဲ့ ကုန်စည်ဈေးနှုန်းတွေဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပါတယ်။
 
အဆနဲ့တက်
 
ဒေါ်လာဈေး မြင့်တက်နေတာနဲ့အမျှ ပြည်ပက တင်သွင်းတဲ့ ကုန်စည်တွေရဲ့ဈေးနှုန်းတွေ မြင့်တက်နေရာ အချို့ကုန်စည်တွေဟာ ဈေးနှုန်းနှစ်ဆကျော်အထိ မြင့်တက်လာနေတာ တွေ့ရပါတယ်။ လက်ရှိမှာ ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးတော်တော်များများဟာ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ ဥပမာအားဖြင့် လူကြီးများ အသုံးများတဲ့ ဆီးကျိတ်ရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးအမျိုးအစားအချို့ဟာ ယခင် ဆေးတစ်ကတ်ကို ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ရာက လက်ရှိမှာ ကျပ် ၇၀၀၀ ကျော်အထိ ပေးဝယ်ယူနေရပါတယ်။ အားဆေးအချို့မှာလည်း တစ်ကတ်ကို ယခင် ကျပ် ၂၀၀၀ ကျော်ရှိရာက ကျပ် ၅၀၀၀ ကျော်အထိ ဈေးတွေမြင့်တက်နေပါတယ်။ ဒေါ်လာဈေး မတည်ငြိမ်မြင့်တက်မှုကြောင့် တင်သွင်းမှုများ ကမောက်ကမဖြစ်ပြီး အချို့ဆေးဝါးတွေဟာလည်း ဈေးကွက်ထဲမှာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသလို ဆေးဝါး အားလုံးနီးပါးဟာ ဈေးတွေမြင့်တက်နေပါတယ်။ ဆေးဝါးဈေးနှုန်းများ မြင့်တက်နေသော်လည်း မဖြစ်မနေ သုံးစွဲရသူတွေကတော့ သုံးစွဲမှုကို လျှော့ချလို့မဖြစ်တာကြောင့် ဈေးနှုန်းအမြင့်ဖြင့်သာ ဝယ်ယူနေကြရပါတယ်။ လစဉ် ဆေးဝါးမျိုးစုံကို ကျပ်သိန်းနဲ့ချီပြီး ဝယ်ယူသုံးစွဲနေရသူတစ်ဦးရဲ့တော့ ဆေးဝါးအားလုံးလိုလိုဟာ ဒေါ်လာဈေးအတက်မှာ ပြောင်းလဲမြင့်တက်သွားပြီး ကျပ်ရာဂဏန်းကစပြီး ကျပ်ထောင် ဂဏန်းအထိ မြင့်တက်သွားတာကြောင့် ဆေးဝါးအတွက် လစဉ်ကုန်ကျစရိတ်ဟာ နှစ်ဆနီးပါးအထိ မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
ကုန်ထုတ်လုပ်ငန်းများ
 
ဒေါ်လာဈေးတက်သွားတာကြောင့် ပြည်ပက သွင်းကုန်ကို အခြေပြုနေရတဲ့ လုပ်ငန်းများအပေါ်လည်း သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒေါ်လာဈေးကြောင့် ဆေးဝါးတွေ ဈေးတက်သွားသလို ပြည်ပက ကုန်ကြမ်းတင်သွင်းနေရတဲ့က စားသောက်ကုန်၊ စက်မှုထုတ်ကုန်၊ လူသုံးကုန်အပါအဝင် ထုတ်ကုန်လုပ်ငန်းအများစုအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ ဒီလိုသက်ရောက်မှုရှိလာတာကြောင့် ဒေါ်လာဈေး ကျပ် ၁၂၀၀ ဝန်းကျင် နီးပါးမှာ တည်ရှိနေတဲ့ ဇွန်လကုန်ပိုင်းကစပြီး ကုန်စည်ဈေးနှုန်းတွေဟာ တစ်စတစ်စ ဈေးနှုန်းတွေ တိုးမြင့်လာခဲ့ပါတယ်။ အသုံးများတဲ့ လောင်စာဆီဖြစ်တဲ့ အော့တိန်းဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၅၀၀ ကျော်ကနေ ကျပ် ၇၀၀ ကျော် ရောက်လာတဲ့ချိန်မှာတော့ သယ်ယူပို့ဆောင်ရေးစရိတ်စကများလည်း တဖြည်းဖြည်းတက်လာပြီး ဝန်ထမ်းလစာ တိုးချိန်က မြင့်တက်ပြောင်းလဲခဲ့တဲ့ အခြေခံစားကုန်ဈေးနှုန်းတွေဟာ ထပ်မံပြီးတော့ တရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။ အသားငါးတွေဟာ တစ်ပိဿာကို ကျပ်ရာဂဏန်းခန့် ပြောင်းလဲခဲ့ပြီး ဆန်ဈေးနှုန်းတွေဟာလည်း တစ်ပြည်ကို ပျမ်းမျှ ကျပ် ၂၀၀ မှ ၄၀၀ ကျော်အထိ မြင့်တက်သွားခဲ့တာကြောင့် အိမ်ထောင်စုတိုင်းလိုလို စားရေးအတွက် ပိုမိုသုံးစွဲလာကြရပါတယ်။ အများမဖြစ်မနေ သုံးစွဲရတဲ့ ကုန်စည် ဈေးနှုန်းတွေ မြင့်တက်လာသလို ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်း လုပ်ခလစာ ပေးချေတဲ့အပိုင်းမှာ အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
အထူးသဖြင့် ပြည်ပက ကုန်ကြမ်းတွေ တင်သွင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေဟာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် လုပ်ငန်းလုပ်ကိုင်ရာမှာ ကုန်ကျစရိတ်တွေ မြင့်တက်လာမှုကြောင့် ပုဂ္ဂလိကလုပ်ငန်းအများစုဟာ လုပ်သားတွေရဲ့ လုပ်ခလုပ်စာများကို တိုးမြှင့်ဖို့ အပါအဝင် လုပ်ငန်းဆိုင်ရာတွေမှာ အခက်တွေ့လာကြပါတယ်။ လက်ရှိမှာ  လုပ်ငန်းကြီးမားပြီး ခိုင်မာတဲ့ အရင်းအနှီးရှိတဲ့ လုပ်ငန်းကြီးများသာ လုပ်ခလစာတွေကို ပုံမှန်တိုးပေးနိုင်ပြီး အများစုဟာ လုပ်ခလုပ်စာ အပါအဝင် လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း အပြန်အလှန် စဉ်းစားကြရတဲ့ အနေအထား ဖြစ်ပေါ်နေပါတယ်။ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးကွက်နဲ့ ရေရှည်မှာ ဒေါ်လာဈေးနှုန်း အပြောင်းအလဲ၊ စီးပွားရေးအခြေအနေပေါ် မူတည်ပြီး လုပ်ငန်းချဲ့ထွင်ဖို့ စဉ်းစားလာကြတဲ့နောက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုတွေဟာလည်း နောက်ပိုင်းမှာ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ပို့ကုန်များအတွက် ဝင်ငွေပိုရလာနိုင်ပေမယ့် ပြည်ပကုန်သွယ်မှုမှာလည်း ကုန်သွယ်မှု လိုငွေပြနေတာကြောင့် သွင်းကုန်များတဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာဈေးတက်ခြင်းက ကောင်းမွန်ပြည်စုံတဲ့ အခြေအနေလို့ ပြောလို့မရပါဘူး။ ပို့ကုန်အတွက် ရငွေ နဲ့ သွင်းကုန်အတွက် ကုန်ကျငွေတွေက နှစ်စဉ် ဒေါ်လာဘီလျံနဲ့ချီပြီး ကွာဟနေတာကြောင့် ကုန်ပစ္စည်းများစွာကို ဒေါ်လာနဲ့ တင်သွင်းနေရတဲ့ ကုန်သွယ်မှုအခြေအနေအရ နစ်နာမှုတွေ ရှိနိုင်ပါတယ်။ 
 
မြန်မာနိုင်ငံမှာ ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်း ဈေးမြင့်တက်လာပြီး အမြင့်ဈေးမှာရှိနေရတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး သုံးသပ်မှုတွေ ရှိနေပါတယ်။ စီးပွားရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဈေးကွက်ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုမှုတွေ ရှိနေသလို မီဒီယာတွေကလည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီလို ဒေါ်လာဈေးနှုန်း အချိန်တိုအတွင်း တက်သွားပြီး အမြင့်ဈေးမှာ တည်ရှိနေရခြင်းအပေါ် ထောက်ပြဝေဖန်ကြရာမှာ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်စီမံခန့်ခွဲနိုင်မှု အားနည်းတဲ့အခြေအနေ၊ နိုင်ငံ့ဝန်ထမ်းလစာ တိုးခဲ့မှု၊ ဘတ်ဂျက်အသုံးစရိတ်လို ငွေများပြားနေခြင်း၊ တစ်သောင်းတန် ငွေစက္ကူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှု များပြားလာဖွယ်ရှိခြင်း၊ ဒေါ်လာဈေးအလှုပ်မှာ ရပ်တန့်သွားခဲ့တဲ့ အိမ်ခြံမြေဈေးကွက် ကစားသူများ ပြင်ပဒေါ်လာဈေးကွက်အတွင်း ဝင်ရောက်လာခြင်း၊ ဒေါ်လာဈေး အရောင်းအဝယ်မှာ ပုဂ္ဂလိကဘဏ်များရဲ့ ပါဝင်ပတ်သက်မှုအခြေအနေ၊ ပြည်ပက တင်သွင်းမှုများတွင် ဇိမ်ခံပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်ကဲ့သို့ အီလစ်ထရွန်နစ် ကုန်ပစ္စည်းများ တင်သွင်းမှု များပြားနေခြင်းအတွက် ဒေါ်လာငွေ သုံးစွဲရမှု မြင့်မားနေခြင်း၊ လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်နေမှုကြောင့် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ဒေါ်လာစီးဝင်မှု အားမကောင်းခြင်း အပါအဝင်အကျိုးသက်ရောက်နိုင်ဖွယ် အခြေအနေများကို ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ 
ဒါ့အပြင် ထောက်ပြဝေဖန်မှုတွေမှာ အကြောင်းမျိုးစုံကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှုကို ကာမိဖို့နဲ့ မရေရာတဲ့ နိုင်ငံရေးအခြေအနေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျပ်ငွေပမာဏများစွာ ပိုင်ဆိုင်ထားသူများက ခိုင်မာတယ်လို့ ယူဆထားကြတဲ့ ဒေါ်လာကို လဲလှယ် စုဆောင်းဝယ်ယူနေခြင်းနဲ့ရည်ရွယ်ချက်ရှိရှိ ဒေါ်လာဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဖန်တီးခြင်းကဲ့သို့ဖြစ်ရပ်များလည်း ရှိနေနိုင်တယ်လို့ ယူဆမှုများလည်း ရှိနေပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေဟာ ကျဆင်းနိုင်တဲ့အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီလို သတိပေးချက်မှာ ပြည်တွင်းမှာ ဒေါ်လာတန်ဖိုး အားကောင်းနေခြင်းကို အချက်တစ်ချက်အနေနဲ့ ညွှန်းဆိုခဲ့ပါတယ်။ တကယ်တော့ ဘယ်လိုအကြောင်းကြောင့် ဒေါ်လာဈေးတွေ ပြည်တွင်းမှာ မြင့်တက်အားကောင်းနေမှုဟာ ရေရှည် နိုင်ငံရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိသလို ပြည်သူအများစုအတွက်လည်း ကောင်းမွန်တဲ့အခြေအနေတစ်ရပ်လို့ မဆိုနိုင်ပါဘူး။ လက်ရှိအချိန်မှာ ဒေါ်လာဈေးနှုန်းကြီးမြင့်မှု မြန်မာကျပ်ငွေတန်ဖိုး ကျမှုကြောင့် ပြည်ပက ကုန်စည်ဈေးနှုန်းတွေ တက်လာသလို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပြီဖြစ်ပါတယ်။ ဒီအတွက် ကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နှုန်းထားများဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ စီးပွားရေးအခြေအနေတွေကို ထောက်ပံ့ပေးနိုင်တဲ့ အနေအထားဖြစ်အောင် တာဝန်ယူထားပြီး တာဝန်ရှိနေသူများက အလေးပေး ဆောင်ရွက်ပေးသင့်ပါတယ်။ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို နားစွင့်သင့်ပါတယ်။ ဒါမှသာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ကုန်စည်ဈေးနှုန်းမြင့်တက်မှုနဲ့ အခြားသက်ရောက်မှုများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။

Most Read

Most Recent