ဝင်ငွေကွာဟမှု (Income Gap)

ဝင်ငွေကွာဟမှု (Income Gap)
Published 4 July 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

လုပ်ခ (Wage) လစာ (Salary) ၊ ဝင်ငွေ  (Income) တို့၏ သဘောသဘာဝသည် မတူညီပေ။ လုပ်ခနှင့်လစာတို့သည် ပုံသေ (Fixed) ၊ ပုံမှန် (Regular) ၊ သဘောပိုမိုဆောင်၍ ဝင်ငွေသည် ဝင်ငွေဖြစ်တည်ပုံအခြေအနေ  (Income Generation) အပေါ်တွင် ပိုမိုမူတည်ပေသည်။
 
ဝင်ငွေဖြစ်တည်မှုပုံသဏ္ဌာန်သည် လုပ်ခ (Wage) ၊လစာ (Salary) ၊ ကဲ့သို့သော နှုန်းထားတစ်ခုအပေါ်တွင် မှီတည်၍ ဖြစ်တည်နိုင်သကဲ့သို့၊ ယင်းနှင့်မတူညီဘဲ ဝင်ငွေဖြစ်တည်မှုပုံသဏ္ဌာန်သည် အထူးအခွင့်အရေး Priveleges နှင့် လုပ်ပိုင်ခွင့်အာဏာ  (Authoritized Power )  ပေါ် မှီတည်၍ ဖြစ်တည်နိုင်သော ဝင်ငွေဖြစ်တည်မှုပုံသဏ္ဌာန်လည်း ရှိနိုင်ပါသည်။
 
တစ်နည်းဆိုသော် စီးပွားရေးအရလည်းကောင်း နိုင်ငံရေးအရလည်းကောင်း တစ်ဖက်သတ် အသာစီးရရှိလိုမှု ဆန္ဒပေါ် မူတည်ကာ ယင်းကဲ့သို့သော ဝင်ငွေဖြစ်တည်မှု ပုံသဏ္ဌာန်မှတစ်ဆင့် ဝင်ငွေကွာဟမှု  (Income Gap) ကို ဖြစ်တည်စေခြင်း သို့မဟုတ် ကြီးမားစေခြင်းကိုလည်း ဖြစ်တတ်ပါသည်။
 
ဤကဲ့သို့ ဝင်ငွေကွာဟမှု (Income Gap) ကြီးလာလျှင် မည်သည့်ဆိုးကျိုးများ နှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ရမည်နည်းဟုဆိုလျှင် ယင်းနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု နှင့်  တည်ငြိမ်အေးချမ်းမှုကို တစ်ချိန်မဟုတ် တစ်ချိန်တွင် ထိခိုက်စေမည်ဟု ဆိုနိုင်ပေလိမ့်မည်။
 
အကြောင်းမှာ ဝင်ငွေကွာဟမှု ကြီးမားဆိုးရွာလာလျှင် ယင်းနိုင်ငံ၏ လူမှုစီးပွားတစ်ရပ်လုံးသည် ပရမ်းပတာတစ်စတစ်စဖြစ်လာပြီး အင်အားနိုင်ငံရေး (Power Politics) အသွင်သို့ ကူးပြောင်းလာစေပြီး ယင်းကို ထပ်မံအခြေခံကာ ပိုမို၍မတည်ငြိမ်သော လူမှုစီးပွားတစ်ရပ်ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်ဟု စာရေးသူယူဆသည်။
 
ဤသို့ဆိုလျှင် နိုင်ငံ၏ လူဦးရေစုစုပေါင်း၏ မည်ရွေ့မည်မျှသော ရာခိုင်နှုန်းသည် မည်ကဲ့သို့သော အလုပ်အကိုင်များ လုပ်ကိုင်နေကြသနည်းဆိုသည်နှင့် ယင်းတို့၏ ဝင်ငွေဖြစ်တည်မှု ပုံသဏ္ဌာန်တို့ကို (လုပ်ခ၊ လစာ၊ ဝင် ငွေပုံသဏ္ဌာန်ဖြင့်) သရုပ်ခွဲ လေ့လာရန်လည်း လိုအပ်ပေမည်။
 
ယင်းကဲ့သို့ သရုပ်ခွဲလေ့လာခြင်းအားဖြင့် နိုင်ငံ၏ အထွေထွေကုန်ဈေးနှုန်းမြင့်မားမှုနှုန်းအပေါ် မူတည်ကာ နိုင်ငံသားတို့၏ ဝယ်ယူနိုင်စွမ်းအား (Purchasing Power)  မည်ရွေ့မည်မျှ သက်ရောက်စေနိုင်သနည်းဟူသောအချက်အပြင် ယင်းငွေကြေးဖောင်းပွမှုနှုန်း  (Inflation Rate) သည် တစ်ရာခိုင်နှုန်း မြင့်မားလာသော်လည်း ပုံသေလုပ်ခလစာ ရရှိသူများ၏ လုပ်ခလစာနှုှုန်းထားများမှာ တစ်ရာခိုင်နှုန်းတိုးမြှင့်ရရှိမှု မရှိသေးခြင်းဟူသော အချက်ကပင် ယင်းပြည်သူတို့ ၏ ဝင်ငွေကွာဟမှု (Income Gap) ကြီးမားလာမှုပုံသဏ္ဌာန်၏ အရင်းခံဇာစ်မြစ်ကို လေ့လာသရုပ်ခွဲနိုင်ရန် လိုအပ်ပေသည်။
 
နိုင်ငံ၏ GDP နှင့် လူတစ်ဦးချင်း၏ GDP ကို ကြည့်ရုံမျှဖြင့် ယင်းနိုင်ငံနှင့် နိုင်ငံသားတို့၏ ဝင်ငွေကွာဟမှု Income Gap ကို မသိရှိနိုင်သကဲ့သို့ အထက်တွင် ရေးခဲ့သလို လုပ်ခ  (Wage) လစာ (Salary) နှင့် ဝင်ငွေ (Income) တို့၏ သဘောသဘာ၀ ခြားနားမှုတို့မှတစ်ဆင့် ဝင်ငွေကွာဟမ ကြီးမြင့်လာမှုပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
 
စီးပွားရေးအခွင့်အရေး မတူညီမှု၊ နိုင်ငံရေးအခွင့်အရေး မတူညီမှုတို့ကို အရင်းခံသော ဝင်ငွေဖြစ်တည်မှုပုံသဏ္ဌာန် မတူညီမှုမှတစ်ဆင့် ဝင်ငွေကွာဟမှုပုံသဏ္ဌာန်ကို  ဖြစ်ပေါ်စေဟနိုင်သကဲ့သို့ ယင်းပြဿနာ သည်  ရှုပ်ထွေးပွေလီသောပြဿနာများကိုပါ ဖြစ်တည်လာစေတတ်ပါသည်။
 
အပေးအယူ အလျှော့အတင်းမလုပ်လိုသော အတ္တကိုအခြေခံ၍ အနာဂတ်ကို မည်သို့ဖြတ်သန်းမည်နည်းဟူသော မေးခွန်းကို မကြာခဏ ရင်ဆိုင်ရတတ်လေ့လည်း ရှိနိုင်ပါသည်။
 
ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အဆန်းများ (ဥပမာ-Apple ၏ I Phone များ၊ SAMSAUNG ၏  GALAXY  များ အစရှိသဖြင့်) သည် ပေါ်ထွက်လာခြင်းနှင့်အတူ လူသားတို့သည် (ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံဒေသတွင် နေထိုင်သည် ဖြစ်စေ မည်သည့်လူမျိုး မည်သည့်ဘာသာဝင်ပင်ဖြစ်စေ) ထိုနည်းပညာများကို လိုချင်တပ်မက်မှုဟူသော စိတ်ဓာတ်အခြေခံသည့် ကွဲပြားခြားနားမှု သိပ်မရှိသည်ကို တွေ့ရသည်။
 
ဆိုလိုသည်မှာ မိမိတို့၏ လုပ်ခလစာနှင့် ဝင်ငွေအနေအထား၏ ပြောင်းလဲမှုသည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများထက် နှေးကွေးလေ့ရှိပြီး ဝင်ငွေခွဲဝေမှုပုံသဏ္ဌာန် မမှန်ခြင်းပြဿနာကို များစွာကြုံ တွေ့ရလေ့ရှိပါသည်။
 
လုပ်ခ (Wage) ၊ လစာ (Salary) ဟု ဆိုရာတွင်လည်း အစိုးရကဏ္ဍ (နိုင်ငံ့ဝန်ထမ်း)နှင့် ပုဂ္ဂလိကကဏ္ဍ (ပုဂ္ဂလိကဝန်ထမ်း) တို့ ဟူ၍ကွဲပြားပြီး ယင်းတို့၏ လုပ်ခလစာနှုန်းထားအနေအထားနှင့် ယင်းကဏ္ဍနှစ်ခု၏ အနိမ့်ဆုံးအဆင့်  လုပ်ခလစာသတ်မှတ်မှုတို့မှာလည်း ကွဲပြားလေ့ရှိသည်ကို တွေ့မြင်ရသည်။
 
နိုင်ငံသားတစ်ဦးသည် မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်ရန် မည်ရွေ့မည်မျှသော လုပ်ခလစာနှင့် ဝင်ငွေတို့ကို ဖြစ်တည်စေနိုင်သနည်းဟူသော အချက်ကို လေ့လာသရုပ်ခွဲ၍ ယင်းနိုင်ငံ၏ ဝင်ငွေကွာဟမှုပုံသဏ္ဌာန်ကို သရုပ်ခွဲလေ့လာရ လေ့ရှိသည်။
 
တစ်နည်းအားဖြင့် ဝင်ငွေကွာဟမှု (Income Gap) သည် အထူးအခွင့်ရေးများရရှိခြင်းများနှင့် တရားမျှတသော ယှဉ်ပြိုင်မှုမရှိသော ဈေးကွက်စီးပွားရေးစနစ်ရှိသော နိုင်ငံများတွင် ပိုမိုကြီးမားလေ့ရှိသည်။

Most Read

Most Recent