မျှော်လင့်ချက် ရှိပါသေးသည်

မျှော်လင့်ချက် ရှိပါသေးသည်
Published 3 July 2015
ရဲခေါင်မဲမောင်

အကယ်၍ လူတစ်ယောက်သည် ရပ်ကွက်အတွင်း၌ ဖြစ်စေ၊ အခြားတစ်နေရာရာသို့ ကိစ္စတစ်ခုဖြင့် သွားရောက်နေရင်းမှဖြစ်စေ၊ မျက်နှာချင်းဆိုင် တွေ့ရသူ လူစိမ်း (သို့) ရင်းနှီးသူ တစ်ယောက်ကို -
 
“ဒီမှာဗျာ ခင်ဗျား သတင်းတစ်ခုကို ကြားလိုက်တာနဲ့ “ကြားရကြားရ နားဝမသက်သာ” ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ “ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော” ဖြစ်သွားမယ်ဆိုရင် အဲဒီသတင်းဟာ ဘယ်လိုသတင်းမျိုးဖြစ်လိမ့်မလဲ”
ဟု မေးလိုက်မိမည်ဆိုပါလျှင် အမေးခံရသည့်ပုဂ္ဂိုလ်က
 
“ဒါများဗျာ၊ အစိတ်သားတွေ ကန့်ကွက်လို့ ဖွဲ့စည်းပုံပြင်လို့မရတော့တဲ့ သတင်းပေါ့ဗျ”
 
ဟု ကျိန်းသေပြန်ဖြေလိုက်ပါလိမ့်မည်။
 
မှန်ပါသည်။ ၂၅-၆-၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ကြရာတွင် ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းသာ အနိုင်ရရှိခဲ့ပြီး ကျန်ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၆၀(ဂ)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၄၃၆(က)နှင့် ပုဒ်မ ၄၃၆(ခ) တို့ကို မပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့ကြောင့် ထိုသတင်းကို ကြားရသော ပြည်သူများအဖို့  ကြားခါစတွင် “ကြားရကြားရ နားဝမသက်သာ”ဆိုသကဲ့သို့ စိတ်မကောင်းဖြစ်ခဲ့ကြရသည်။ သို့သော်လည်း အဆိုပါစိတ်မကောင်းမှုများမှာ စက္ကန့်ပိုင်းလောက်သာ ခံပါသည်။ ချက်ချင်းဆိုသလို မပြုံးဘဲနဲ့ ဝုန်းခနဲ ရယ်လိုက်ကြသည် မဟုတ်လား။ အဘယ်ကြောင့်ဆိုသော် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်ဟု ပြောကြားထားသကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်း က ထောက်ခံထားသဖြင့် လေးစားရမည်ဖြစ်ကြောင်းကို နိုင်ငံတကာသတင်းဌာနများနှင့် အင်တာဗျူးတိုင်း ထည့်သွင်းဖြေကြားထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြင်ဆင်လိမ့်မည်မဟုတ်ကြောင်း ပြည်သူလူထုကလည်း ရှင်ကြီးဝမ်းလည်း ဝင်ပြီးဖူး ရှင်ငယ်ဝမ်းလည်း ဝင်ပြီးဖူးသူများပီပီ သိမြင်သဘောပေါက်ထားကြသည် မဟုတ်လား။
 
နာဂစ်ဖွဲ့စည်းပုံဟု ပြည်သူများက ခေါ်ကြသည့် စစ်အစိုးရက တစ်ဖက်သတ် စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် လွဲချော်ကာ စစ်တပ်ကို အလွန်အကျူး အာဏာအပ်နှင်းထားသော ဥပဒေဖြစ်နေသည်။  
ထိုအခြေခံဥပဒေအရဆိုလျှင် တိုင်းရင်းသားများ တန်းတူအခွင့်အရေးမရနိုင်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်း မပွင့်နိုင်။ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးလည်း မရနိုင်။ တိုင်းရင်းသားတို့ မျှော်မှန်းသော ဖယ်ဒရယ်ပြည်ထောင်စုကြီးလည်း မပေါ်ထွန်းနိုင်။ တိုင်းပြည်နှင့် လူမျိုးစုအားလုံးလည်း အဘက်ဘက်က ချွတ်ခြုံကျနေသော အခြေအနေဆိုးမှ ရုန်းမထွက်နိုင်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှ မပယ်ဖျက်နိုင်။ နိုင်ငံတကာနှင့် မြန်မာပြည်သူပြည်သားများ ချစ်ခင်လေးစားလျက် သူမသာလျှင် တိုင်းပြည်နှင့် လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်သည်ဟု ယုံကြည်ကြသော ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတမဖြစ်နိုင်။ အတိမ်းအချွတ်များနှင့် ခရိုနီများတစ်စုအတွက်သာ ကောင်းကျိုးပေးနိုင်သည့် ထို နာဂစ်ဖွဲ့စည်းပုံကို တိုင်းပြည်နှင့် အဝှမ်းပြင် ဆင်ချင်နေကြခြင်း ဖြစ်သည်။
 
သို့သော် အဆိုပါအခြေခံဥပဒေသည် လွယ်လွယ်ကူကူ ပြင်ဆင်၍ ရနိုင်မည်မဟုတ်သော ဥပဒေမှန်း ပြည်သူအားလုံးက သိနေကြသည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ်ကတည်းက ပြည်သူအားလုံး၏ Mandate ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားရတော့သည်။ ပထမဦးစွာ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုက်သည်။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကာချုပ်တို့ ပါဝင်ဆွေးနွေးကြမည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက လျစ်လျူရှုလိုက်သည်။ သေသေချာချာ စဉ်းစားကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုသော လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရေးသည် အလွန်တရားမျှတမှန်ကန်ကြောင်း တွေ့ရမည် ဖြစ်သည်။ 
အစိုးရ၊ လူထု၊ တပ်မတော်နှင့် လွှတ်တော်တို့ကို ကိုယ်စားပြုနိုင်သူချည်း ဖြစ်ကြသည်။ လူကြီးလူကောင်းများပီပီ အလျှော့အတင်းလုပ်ကြ၊ အနစ်နာခံကြ၊ ဘုံသဘောတူညီချက် ဆုံမှတ်သို့ တိုင်းပြည်မျက်နှာ၊ လူထုမျက်နှာကြည့်လျက်သွားကြ။ ဘယ်လောက်ကောင်းလိုက်ပါသလဲ။
 
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး လမ်းမမြင်သောအခါ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများ လက်မှတ်ကောက်ခံပွဲများ ပြုလုပ်ကြရသည်။ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများသို့ နေ့တွက်ခမပေး၊ ဒံပေါက်ထုပ်မပေးရဘဲ လုပ်သား ပြည်သူများစွာ တက်ရောက်ဆန္ဒပြုကြသည်။ သို့သော် အနှောင့်အယှက်ကင်းကင်းတော့ မဟုတ်ပါ။ “ကျွန်မတို့ဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျွန်မ စိန်ခေါ်ပါတယ်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်ကို အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်နေသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က သတိပေးစာတစ်စောင် ပေးပို့ခဲ့သည်။ ၄၃၆ ပြင်ဆင်ရေးဟော ပြောပွဲများကိုလည်း ဖျက်လိုဖျက်ဆီး လုပ်လာကြသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က-
 
“၄၃၆ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ကို ပြည်သူတွေ မထောက်ခံအောင် နည်းအမျိုးမျိုးသုံးလာတာ တွေ့နေရပါတယ်။ အတိတ်မှာ ထားခဲ့ပါပြီဆိုတဲ့ စစ်အာဏာရှင်စနစ်တုန်းက သုံးခဲ့တဲ့နည်းမျိုးတွေပါပဲ။ ဒီလိုဖြစ်ရပ်တွေဟာ တစ်ဖက်ကကြည့်ရင် စိတ်ပျက်စရာလို့ ပြောနိုင်ပေမယ့် တစ်ဖက်က ကြည့်ရင်တော့ အင်မတန်မှ တန်ဖိုးရှိတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းတွေသုံးတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ စေတနာအမှန်ကို ဖော်ပြနေလို့ပါပဲ”
 
ဘယ်သူမဆို ကိုယ့်အကြိုက်လိုက်လျောနေသရွေ့ကတော့ ကျေနပ်ပြီး သဘောကောင်းသယောင်ယောင် ရှိနိုင်ပါတယ်။ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါကျမှ ဘယ်လောက် သဘောထားကြီးနိုင်တယ်။ ဘယ်အတိုင်းအတာထိ တကယ့်စေတနာထားနိုင်မယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် “ဂ”ကွေ့ မကွေ့စတမ်းလျှောက်နေပါပြီလို့ အသံကောင်းဟစ်ပြီး ပြည်တွင်းပြည်ပ ထောက်ခံမှုရအောင်လုပ်နေတဲ့ပုဂ္ဂိုလ် အဖွဲ့ အစည်းများရဲ့အတွင်းစိတ်ကို ကျွန်မတို့ သိနိုင်ဖို့ ဒီပြည်သူ့ဆန္ဒပြုမှု ရယူရေးလှုပ်ရှားမှုကြီးက ပြလိုက်ပါပြီ။ ဒါဟာ ဒီလှုပ်ရှားမှုရဲ့ ပထမဦးဆုံး အကျိုးအမြတ်ပါပဲ”
 
ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်များ၏ ခြေလှမ်းကို မျက်ဝါးထင်ထင်ပြည်သူများ သိမြင်ခွင့်ရခဲ့ပေသည်။ ပြည်သူများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်သမျှ ၎င်းတို့၏ ဘဝများမှာ မှောင်နှင့်မည်းမည်းသာ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသောကြောင့်  လက်မှတ်မရေးထိုးနိုင်စေရန် မည်မျှပင် ခြောက်လုံးလှန့်လုံးများ ဖန်တီးနေကြသည်ဖြစ်စေ လက်မှတ်ရေးထိုးရမည့်ဌာနများသို့ အရာက်သွားကာ အားတက်သရော လက်မှတ်ရေးထိုးကြပါ၏။ ပြည်သူများ၏ဘဝကို စာနာသော ပြည်သူ့သားကောင်းဖြစ်လိုသော တပ်မတော်အရာရှိ ဗိုလ်မှူးတစ်ဦးကလည်း ပြင်ဦးလွင်ရှိ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးရန် နေရာ၌ လက်မှတ်ရေးထိုးခဲ့ရာ စစ်စည်းကမ်းဖောက်ဖျက်သည်ဟူသော စွပ်စွဲ ချက်ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံလိုက်ရသေးသည်။ ပြည်သူတို့၏ ရင်ထဲ၌မူ အဆိုပါ ဗိုလ်မှူးသည် ပြည်သူ့တပ်မတော်သားကောင်းအဖြစ် ထာဝရကမ္ပည်းတင်နေတော့မည်သာ ဖြစ်သည်။ ဤသို့ဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ရရှိလာသည့် ၄၃၆ ပြင်ဆင်ရေး ပြည်သူများ၏ လက်မှတ်ပေါင်း ငါးသန်းကျော်ကို လွှတ်တော်သို့ ပေးပို့နိုင်ခဲ့ကြတော့သည်။
 
ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံဟု ကြွေးကြော်ထားသော လွှတ်တော်ကြီးများဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မျှော်လင့်တကြီး ရှိခဲ့ကြပြန်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံများမှာမျှ ဤကဲ့သို့သော လူထုငါးသန်းကျော်၏ လက်မှတ်များ ရရှိခဲ့ဖူးခြင်းမရှိကြ။ မြန်မာပြည်သူပြည်သားများ၏ ၄၃၆ ပြင်ဆင်ရေး စိတ်အားထက်သန်မှုများကို မြင်တွေ့ကြားသိကြရသော နိုင်ငံတကာအကြီးအကဲများကလည်း ၄၃၆ ပြင်ဆင်ရန်ကို ဝိုင်းဝန်းတိုက်တွန်းလာခဲ့ကြပါ၏။ သို့သော် အချိန်တို့သာ တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် လူထုလက်မှတ် ငါးသန်းမှာ ရေပေါ်၌ အရုပ်ရေးသကဲ့သို့သာ ဖြစ်လာခဲ့လေသည်။
 
ဤကာလအတွင်း လေးပွင့်ဆိုင်အစား သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုအဆိုကို ပြည်ထောင်စုလွှတ်တော်က ကန့် ကွက်သူမရှိ အတည်ပြုခဲ့ပြန်သည်။ သို့သော် အဆိုပါခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း အစိုးရက အကြောင်းအမျိုးမျိုးပြကာ လျစ်လျူရှုလိုက်ပြန်ပါသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းများကို ငြင်းပယ်နေမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သူမနှင့် စတင်တွေ့ဆုံစဉ်က ပြုပြင်ပြောင်းလဲမှုများ နှင့် ပတ်သက်၍ အမှန်တကယ် ရိုးရိုးသားသား လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ထိုကဲ့သို့ မဟုတ်တော့ကြောင့်နှင့်....”
 
“ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ပြု ပြင်ပြောင်းလဲမှုတွေကို အမှန်တကယ် ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအနေနဲ့  လက်ရှိအနေအထားထက် အများကြီး ပိုမိုကောင်းမွန်လာနေပါပြီ။ သူတို့ (အစိုးရ) က ဆွေးနွေးညှိနှိုင်းဖို့ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဒါမှမဟုတ် ပြည်သူတွေရဲ့ဆန္ဒကို အလေးအနက်ထားဖို့ စိတ်မဝင်စားပါဘူး။ သူတို့တွေကို သမာသမတ်ကျတယ်လို့ ပြောဖို့တောင် ခက်ခဲပါတယ်” 
ဟု ပြောကြားခဲ့သည်ကို ထောက်ရှုလျက် လက်ရှိအစိုးရ၏ သဘောထားအမှန်ကို ပြည်သူတို့ နားလည်သဘောပေါက်ခဲ့ပါသည်။ သို့သော် နိုင်ငံတကာနှင့် အဆက်အဆံများ ပြားလာမှု၊ မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရေးအတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့၏ အားပေးကူညီမှု၊ ပြည်သူများအတွင်း နိုင်ငံရေးရေချိန်များ မြင့်မားလာမှုတို့ကို ထောက်ချင့်မျှော် တွေးလျက်အခြေခံဥပဒေကို ပြင်လိမ့်လေမလားဟု မရဲတရဲမျှော်လင့်နေမိကြသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ဤကဲ့သို့သော အချိန်မှာ ပြီးခဲ့သည့် ၁၀-၄-၁၅ ရက်တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဆိုသော သတင်းကြောင့် ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ရပြန်သည်။ သို့သော် အဆိုပါခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသည်လည်း ယခင့်ယခင်များက ဆွေးနွေးပွဲများလိုပင် ပြည်သူများအတွက် ရလဒ်ကောင်းများ မထွက်ဘဲ ပြီးဆုံးသွားခဲ့ရပြန်သည်။ နိုင်ငံ့အရေးပေါက်နှင့် ကျေးဆိုသကဲ့သို့လည်းကောင်း ကြက်ဥနှစ်အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုသကဲ့သို့လည်းကောင်း နိုင်ငံရေးမှာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုသကဲ့သို့လည်းကောင်း အခြေခံဥပဒေပြင်လိမ့်မည်ဆိုသော တစ်ရာခိုင်နှုန်းမျှလောက်ကလေးကို ပြည်သူတို့ ဖက်တွယ်ထားခဲ့ကြပေသည်။
 
ယခုတော့ ပြည်သူတို့ မျှော်လင့်ထားသည့် တစ်ရာခိုင်နှုန်းကလေးသည် အာဏာရှင်မုန်တိုင်းထဲ ပါသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်သည့် ပုဒ်မ ၅၉(စ) ရှုံးနိမ့်ကြောင်း ကြေညာသောအခါ တပ်မတော်သား ကိုယ်စားလှယ်တော်ကြီးများ  ဝမ်းသာအားရ လက်ခုပ်တီးကြပါသတဲ့။ လူမှုကွန်ရက်စာမျက်နှာ Facebook  ပေါ်မှာ အကောင့်ပိုင်ရှင်တစ်ဦး ရေးသားသည့် “ဂိုးသမား မရှိသော ဂိုးပေါက်ထဲသို့ အလွတ်တည်ကန်ဘော ကန်သွင်းခွင့်ရရှိသောကြောင့် ဝင်သွားသော ဂိုးအတွက် မည်သည့်ဂုဏ်သရေရှိ လူကြီးလူကောင်းမျှ လက်ခုပ်တီးကြလိမ့်မည်” မဟုတ်ပါဆိုသော Status ကလေးကို သွား၍ သတိရမိသည်။
 
ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ခဲ့သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းမမြင်တော့ပါ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိနိုင်မည့် NCA ကိုလည်း လက်မှတ်ထိုးနိုင်ကြတော့မည် မထင်ပါ။ နိုင်ငံတကာက လေးစားလျက်၊ တိုင်းပြည်နှင့် လူမျိုးအား စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ တင်ပို့ပေးနိုင်သည့် အရည်အချင်းရှိသော ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတမဖြစ်နိုင်ပြန်ပါ။ သို့သော် ပြည်သူများအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးမျှော်လင့်ချက်သာ ကုန်ဆုံးသွားခြင်းဖြစ် ပြီး လူထုလိုလားသော အစိုးရတစ်ရပ်ပေါ် ပေါက်လာရေးအတွက်မူ မျှော်လင့်ချက် အပြည့်အ၀ ရှိနေပါသေးသည်။ အခြားမဟုတ်ပါ။ လာမည့်နိုဝင်ဘာလဆန်းလောက်တွင် ကျင်းပဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲကြီးဖြစ်သည်။
 
ထိုရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းကြည့်ခြင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခြင်း၊ မဲရုံများကို စောင့်ကြည့်ခြင်း အဆိုပါလုပ်ငန်းစဉ်များကို လုပ်ကိုင်နေသူများအား အကူအညီပေးခြင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် စေတနာထား ဆောင်ရွက်ကြမည်ဟု ယုံကြည်ရသော ပါတီနှင့် လူပုဂ္ဂိုလ်များကို မဲပေးခြင်း စသည်တို့ကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
 
အချိန်အတိုင်းအတာရှိသော်လည်း လူ့လောကကြီးသည် မတရားမှုများကို တော်လှန်သူများကြောင့်သာလျှင် ဖွံ့ဖြိုးတိုးတက်လာရခြင်းဖြစ်သည်ကို အမှတ်ရစေချင်လှပါ၏။

Most Read

Most Recent