ဝိရောဓိ (၂) (Contradiction (2))

ဝိရောဓိ (၂) (Contradiction (2))
Published 1 July 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

(၁)
ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ဝိရောဓိများမှ အချို့သော ဝိရောဓိများကို ဆက်လက်စဉ်းစားမိသည်။ ယင်းအထဲတွင် အစိုးရဝန်ထမ်းများ (Government Employees) သို့မဟုတ် ပြည်သူ့ဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြှင့်ပေးလိုက်မှုသည် ပုဂ္ဂလိက ကဏ္ဍ ဝန်ထမ်းများ (Private Sector Employees) ၏ လုပ်ခလစာ သတ်မှတ်ပေးမှုတွင် မည်သို့သက်ရောက်စေသနည်းဆိုသော အချက်နှင့် ယင်းကဲ့သို့ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍ ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးမှုသည် ယေဘုယျ အမြင်အားဖြင့် ပြည်တွင်းစားသုံးမှု ပမာဏ (Domestic Consumption) ကို တိုးမြှင့်စေနိုင်သည်ဟု ယူဆနိုင်သော်လည်း၊ ယင်းတိုးမြင့်လာသော ပြည်တွင်းစားသုံးမှုသည် ပြည်တွင်းတွင် ထုတ်လုပ်သော ကုန်စည်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်တွင် ပေးသော သက်ရောက်မှုထက် ပြည်ပမှတင်သွင်းသော ကုန်စည်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ အပေါ်တွင် ပေးသော သက်ရောက်မှုက ပို၍ (ပို၍) ကြီးမားလာကာ ယင်း၏ အကျိုးဆက်ရလဒ်မှာ သွင်းကုန်ပမာဏ လိုအပ်ချက် မြင့်မားမှု (သွင်းကုန်ပမာဏ လိုအပ်ချက် မြင့်မားမှု) ကို ဦးတည်စေကာ ကုန်သွယ်ရေးလိုငွေ (Trade Deficit) ကို ပို၍ကြီးပွားစေနိုင်ခြင်းပင် ဖြစ်သည်။၎င်းအပြင် ပြည်ပပို့ကုန် (Exports) နှင့် သွင်းကုန်များ (Imports) ကို ဖြစ်တည်စေသော အရင်းခံ အကြောင်းခြင်းရာများထဲတွင် ပြည်ပပို့ကုန် တိုးမြင့်မှုသည် မိမိနိုင်ငံမှ တင်ပို့သော နိုင်ငံများ၏ (၁) လူတစ်ဦးချင်းဝင်ငွေ တိုးတက်မှုနှုန်း (Per Capita Income Growth Rate) (၂) ယင်းနိုင်ငံ၏ ပြည်တွင်းဈေးကွက် အနေအထားနှင့် ဈေးကွက်ချဲ့ထွင်းနိုင်မှု အနေအထား (၃) ယင်းနိုင်ငံတွင်းတွင် ထုတ်လုပ်သော အမျိုးတူ ကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်တို့သည် အရေးကြီးသကဲ့သို့ တစ်ဖက်တွင် မိမိနိုင်ငံ၏ သွင်းကုန်ပမာဏ မြင့်တက်လာခြင်းတွင်လည်း ထို့အတူပင်ဖြစ်သည်။လုပ်ခလစာ တိုးမြှင့်ပေးရခြင်း၏ အဓိကနောက်ခံ အကြောင်းရင်းတွင် တိုးမြင့်လာနေသော ကုန်ဈေးနှုန်းကြောင့် လစာတိုးပေးရခြင်း ဖြစ်နေသည်။ သို့သော် ယင်းတိုးမြင့်လာသော လုပ်ခလစာသည် ပြည်တွင်းတွင် စားသုံးနေသော ကုန်စည်များနှင့် ပြည်ပမှ တင်သွင်းနေသော ကုန်စည်များအပေါ်တွင် မည်ရွေ့မည်မျှ တိုးမြှင့်စားသုံးသနည်းဆိုသည့် အချက်ကိုလည်း လေ့လာစူးစမ်းရပေသည်။အကယ်၍ ပြည်ပမှ တင်သွင်းသော ကုန်စည်များနှင့် ဝန်ဆောင်မှုများ တစ်နည်းအားဖြင့် သွင်းကုန်များ၊ ဝန်ဆောင်မှုများ) အပေါ်တွင် ပိုမိုဝယ်ယူ သုံးစွဲပါက ယင်းသည် ကုန်သွယ်ရေးလိုငွေကို ကြီးမားစေခြင်းနှင့်အတူ တစ်ပြိုင်တည်း အခြားသော ဆက်စပ်ပြဿနာ များကို ရင်ဆိုင်ရလေ့ရှိသည်။ထို့ကြောင့် ဝိရောဓိကို ရှုမြင်သုံးသပ်ရာတွင် ‘ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်’ ဟူသော အခြေအနေမျိုးကို ရှောင်လွှဲ ရှောင်ရှားနိုင်ရန်အတွက် ရှေးဦးစွာ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်တွေးဆခြင်းတို့ လုံလုံလောက်လောက်ရှိရန် လိုအပ်ပြီး အစီအစဉ်တကျ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် လိုအပ်လေ့ ရှိသည်။ယနေ့ မြန်မာနိုင်ငံသည် ထိုကဲ့သို့သော ဝိရောဓိများကို ကောင်းစွာသိရှိကာ ကောင်းစွာပြင်ဆင်ထားနိုင်ရန် လိုအပ်ပေလိမ့်မည်။ သို့မှသာ ၂၀၁၅ ရွေးကောက်ပွဲလွန်တွင် ပေါ်ထွက်လာနိုင်သော အစိုးရသစ် အနေဖြင့်လည်း တည်ငြိမ်မှုကို ထိန်းထားနိုင်ပေလိမ့်မည်။

Most Read

Most Recent