ဘယ်လိုပြောင်းကြမှာလဲ (Changing of the Guard)

ဘယ်လိုပြောင်းကြမှာလဲ (Changing of the Guard)
Published 1 July 2015
ဒေါက်တာခင်မောင်ညို

မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီပြုသွားသော အင်္ဂလိပ်တို့တွင် ကောင်းသောအစဉ်အလာ တစ်ခုရှိသည်။ ထို အစဉ်အလာသည်ကား ဘုရင်စနစ်ကို ထားရှိခြင်း ဖြစ်သည်။သူတို့သည် ဘုရင်စနစ်ကို မြှောက်စားပေးထားပြီး အုပ်ချုပ်ရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိစေဖို့ နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ထားသည်။ အကြောင်းကား ဘုရင်စနစ်သည် အာဏာရှင်စနစ်ဖြစ်၍ ဗြိတိသျှတို့သည် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေကြသည်။သူတို့သည် ဘုရင်ကို ဥပဒေနှင့်အညီ နေစေထိုင်စေ၍ လစာကို စားစေသည်။ (ထိုလစာသည် ပြည်သူတစ်ယောက် တစ်နှစ်လျှင် တစ်ပေါင်မျှသာ ကျသင့်သည်။) ဘုရင်နှင့် ဆွေတော်မျိုးတော်များကို တခမ်းတနား ထားသည်။ သူတို့သည်လည်း လူသားများ ဖြစ်သောကြောင့် လူမှုရေးပြဿနာများစွာ ရှိသည်။သူတို့၏ လူမှုရေး ဖောက်ပြန်မှုများသည် သတင်းစာဂျာနယ်တို့အတွက် ရွှေတွင်းကြီး ဖြစ်သည်။ မင်းသမီး ဒိုင်ယာနာဆိုလျှင် ကမ္ဘာက သိသည်။ ယနေ့တိုင် ‘ဖွ’ လို့ ကောင်းဆဲပင် ဖြစ်သည်။ဒိုင်ယာနာ၏ခင်ပွန်း မင်းသားချားလ်သည် မိန်းမထပ်ယူသည်။ သတင်းဖြစ်သည်။ သူ၏ သားများသည် ယနေ့ထိ သတင်းဖြစ်နေသည်။ လက်ထပ်တာတွေ၊ ကလေးမွေးတာတွေ သတင်းဖြစ်နေသည်။ဘုရင်နေထိုင်ရာ နန်းတော် Buckingham Palace ကို Tourists များ ဆွဲဆောင်ရာ အရပ်အနေဖြင့် ပြသည်။ နန်းတော်သည် ဧက ၅၀ ခြံထဲတွင် ဆောက်ထားပြီး အခန်းပေါင်း ၆၀၀ ပါဝင်သည်။ Tourists များကို အဓိက ဆွဲဆောင်တာကတော့ Changing of the Guard ပါပဲ။ ‘အစောင့်များကို လဲလှယ်ခြင်း’ ပေါ့။ အစောင့်စစ်သည်များသည် နန်းတော်တွင် စောင့်ရသည်။ သူတို့သည် အနီရောင်ဝတ်စုံများဖြင့် လှပကျက်သရေ ရှိလှသည်။ သူတို့သည် တာဝန်ကျချိန်အတွင်း မလှုပ်မယှက် ရှေ့ကို တည့်တည့်ကြည့်ကာ ရပ်နေရသည်။နောက်ထပ် တာဝန်ယူမည့် အစောင့်စစ်သည်များ စစ်တန်းလျားမှ ချီတက်လာသည့်အခါ သူတို့က တာဝန်လွှဲပြောင်းပေးသည့် အခမ်းအနားသည် အင်မတန် ကြည့်၍ ကောင်းသည်။ထိုကြောင့် Changing of the Guard ဟူသော အသုံးအနှုန်းသည် အစိုးရ အပြောင်းအလဲကိုသုံးသော အသုံးအနှုန်း ဖြစ်လာသည်။၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဗြိတိသျှတို့၏ ယူနီယံဂျက်အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံ အလံကို တင်သည်။ တစ်ဖက်က တဖြည်းဖြည်း လျော့ကျလာပြီး တစ်ဖက်က တဖြည်းဖြည်း မြင့်တက်သွားသည်။‘ကမ္ဘာမကြေ’ သီချင်းသံသည် မြန်မာတို့အတွက် တက်ကြွစေသလို တစ်ဖက်ကလည်း ဗြိတိသျှတို့၏ God save the Queen ဆိုသည့် အမျိုးသားသီချင်းသည် သူတို့အတွက် လွမ်းမောဖွယ်ရာ ဖြစ်ပေလိမ့်မည်။ထိုနေ့က မြန်မာတွေ လွတ်လပ်ရေးရသည်။ သို့သော် နောက်နှစ်လနှင့် ၁၃ ရက်တွင် ပြည်တွင်းစစ်ကြီး စတင်လေတော့သည်။ နောက် ၁၀ နှစ်အကြာတွင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း မလှပတော့ပါ။တပ်မတော် အိမ်စောင့်အစိုးရ တာဝန်ယူရသည်။ နောက်လေးနှစ်အကြာ ၁၉၆၂ ခုနှစ်တွင် စစ်အစိုးရ အာဏာသိမ်းခဲ့သည်။ထိုအချိန်မှစ၍ ပြည်သူများ ဆင်းရဲခဲ့ပါသည်။ အာရှတိုက်တွင် မျှော်လင့်ချက်အရှိဆုံး နိုင်ငံသည် မြောင်းထဲရောက်သွားလေတော့သည်။ဉာဏ်အမြော်အမြင်ရှိကြသော ဘယ်မြန်မာကမှ ဒီလိုဖြစ်လာမည်ကို မမျှော်လင့်ပေ။ ဂျပန်သည် စစ်ဒဏ်အခံရဆုံးနိုင်ငံ ဖြစ်သော်လည်း ပြာပုံထဲက ရုန်းထနိုင်ခဲ့သည်။ ကိုးရီးယား၊ ဗီယက်နမ်၊ စင်ကာပူ ကျွန်တော်တို့ထက် မဆိုးရင်တောင် တန်းတူဆင်းရဲဒုက္ခ ပင်လယ်ဝေခဲ့ပါသည်။သို့သော် သူတို့နိုင်ငံများသည် ကမ္ဘာ့တန်းဝင်နိုင်ငံ ဖြစ်လာကြသည်။ အရင်က အင်္ဂလိပ်က ကျွန်ပြုသည်။ ခုတော့ ကိုယ်တိုင် ပြည်ပထွက်၍ ကျွန်ခံကြသည်။ ငါးသန်းကျော် ပြည်သူများဘ၀ ပျောက်ဆုံးနေကြပါသည်။ယနေ့ အင်္ဂလိပ်ဝေါဟာရတွင် Changing of the Guard သည် ‘မင်းပြောင်းမင်းလွှဲ’ ကို ဆိုလိုပါသည်။Changing of the Guard တွင် တကယ်ပြောင်းသည်လည်း ရှိသလို မပြောင်းသည်လည်း ရှိသည်။ မြန်မာပြည်ကို ကြည့်ပါ။■ ၁၉၄၈ ခုနှစ်က တကယ်ပြောင်းသည်။■ ၁၉၆၂ တွင် ထပ်ပြီး တကယ်ပြောင်းသည်။■ ၁၉၈၈ ခုနှစ်တွင် တကယ်မပြောင်းပါ။■ ၂၀၁၀ တွင် အပြောင်းအလဲ မျက်စိလည်စရာ ကောင်းသည်။■ ၂၀၁၅ ကို စောင့်ကြည့်နေကြသည်။ရုရှားတို့က သူတို့အပြောင်းအလဲကို အောက်ပါအတိုင်း သရော်သည်။တစ်နေ့တွင် ရုရှားသမ္မတ ပူတင်သည် ဖိနပ်အနီတစ်ဖက် အမည်းတစ်ဖက် စီးခဲ့သည်။ ဝန်ကြီးတွေက တီးတိုးဆိုကြသည်။“ဘာဖြစ်တာလဲ”“သမ္မတကြီး ဖိနပ်မှားစီးလာတယ်။ ဘယ်ဘက်ကအနီ ညာဘက်က အမည်း ဖြစ်နေတယ်”“ဟေ ဟုတ်လား၊ အိမ်ပြန်ပြီး လဲဦးမှပဲ”ပူတင် အိမ်ပြန်သွားသည်။ ဖိနပ် ဘယ်ဘက်က အနီ ညာဘက်က အမည်းဖြင့်ပင် ပြန်ရောက်လာသည်။“သမ္မတကြီး ဘယ်လိုဖြစ်တာတုန်း”“ကျုပ် ဖိနပ်လဲစီးလာတယ်”“ဒါပေမဲ့ ဘယ်ဘက်ကအနီ ညာဘက်က အမည်း ဖြစ်နေသေးတာပဲ”“မဟုတ်ဘူး။ ခု ဘယ်ဘက်ကအမည်း ညာဘက်ကအနီ ဖြစ်သွားပြီ၊ ခင်ဗျားတို့ မမြင်ဘူးလား”ရုရှားတို့၏ Changing of the Guard သည် မျက်စိလည်စရာ ကောင်းပါသည်။ ပူတင်သည် လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက ဝန်ကြီးချုပ်လုပ်လိုက်၊ သမ္မတလုပ်လိုက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ခဲ့သည်။ သူ၏ ပြောင်းလဲမှုသည် သမိုင်းတွင်စေခဲ့သည်။*   *   *ဦးနေဝင်းသည် ပြည်သူတွေကို ရွေးချယ်ခွင့် ပြုခဲ့သည်။“ပါတီစုံစနစ်ကို လိုချင်လား၊ တစ်ပါတီ စနစ်ကိုပဲ လိုချင်လား” ဟူ၍ တရားဝင် မေးခဲ့သည်။ အံ့သြစရာ ကောင်းတာက သူက ထိုစကားကို မိန့်ခွန်းထဲတွင် ထည့်ပြောသည်။ဘယ်သူမှ ဖြေခွင့်မရှိသော နေရာတွေ ဒေါနှင့်မောနှင့် ပြောသည်။ ထို့အပြင် “မဲပုံးတစ်ပုံးသာ ထောင်၍” ရွေးချင်တာ ရွေးဟူ၍ အခွင့်အရေးပေးခဲ့သည်။ကာတွန်းအော်ပီကျယ်ကတော့ ဘောပွဲလူလဲသည်ကို နမူနာပြသည်။“နံပါတ် ၈ ထွက်မယ်”ကွင်းဘေးက ကြေညာဘုတ်နှင့် ထောင်ပြသည်။နံပါတ် (၈) လဲတော့မှာကိုး။ ပရိသတ်က သဘောပေါက်ကြသည်။ နံပါတ် (၈) ထွက်လာသည်။ ဘေးမှ ဆိုင်းဘုတ်ထပ်ထောင်ပြသည်။“နံပါတ် ၁၂”နံပါတ် (၁၂) ဝင်ကစားမည်။ ပရိသက်က နံပါတ် ၁၂ ဘယ်သူလဲဟု ကြည့်နေကြသည်။ ထွက်သွားသော နံပါတ် ၈ သည် အင်္ကျီကို ချွတ်လိုက်သည်။ ပြီးတော့ ကျောနံပါတ် ၁၂ တပ်ထားသော အင်္ကျီကို ကောက်ဝတ်လိုက်သည်။ ပြီးတော့ ကွင်းထဲ ဝင်ကစားသည်။ဒါက ယူနီဖောင်းပြောင်းခြင်းပင် ဖြစ်သည်။ ၂၀၁၅ တွင် ရွေးကောက်ပွဲ ပြုလုပ်ပါမည်။ ပြည်သူတွေက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ (Free and Fair Election) ကို မျှော်လင့်နေကြသည်။ တစ်ဖက်ကလည်း သူတို့အနေဖြင့် ဘယ်နည်းနဲ့မဆို နိုင်ရမယ်ဟု ကြွေးကြော်နေသည်။ဒီစကားမျိုး ပြောတာကိုက ရှက်စရာ ကောင်းနေပါသည်။ ကျွန်တော်တို့ဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ (Free and Fair Election) နဲ့ အနိုင်ယူမှာပါဟု ပြောသင့်သည်။ သို့သော် ဘယ်လိုမဆို နိုင်ကိုနိုင်ရမည်ဟူသော စကားသည် ပြည်သူများ ရင်ခံစရာ ဖြစ်နေသည်။သာမန်အားဖြင့်တော့ နိုင်ကိုနိုင်ရမယ်ဆိုသည့် စကားသည် မိမိနှင့် အဖွဲ့သားများကို အားပေးသော စကားဟု ပြောလိုက ပြောလို့ရသည်။ သို့သော် ၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အသိအမှတ် မပြုခဲ့ပါ။(ဖမ်းဆီး၍ ထောင်ချခဲ့ပါသည်။) ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့သည်ဟု ပြည်သူတွေ နားလည်ထားကြသည်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ကိုနိုင်ရမည်ဟု ကြွေးကြော်ထားသည့်အတွက် ဘာတွေလုပ်ဦးမှာလဲ ဆိုတာကို တွေးနေကြသည်။*   *   *ကိုဘသစ်ကို ကျွန်တော် မေးကြည့်သည်။“ကျွန်တော်တို့တစ်တွေ ၂၀၁၅ မှာ ပြောင်းမှာလား”“ပြောင်းမှာပါ”“ဒါဆိုရင် ပူတင်လို ပြောင်းမှာလား။ ဒါမှမဟုတ် အော်ပီကျယ်လို ပြောင်းမှာလား”“ခင်ဗျားက ဘယ်လို ပြောင်းစေချင်လဲ”“Buckingham Palace မှာလုပ်တဲ့ Changing of the Guard လို ပြောင်းသင့်တာပေါ့ မဟုတ်ဘူးလား”ကျွန်တော်ပြောတော့ ကိုဘသစ် ပြုံးနေသည်။ ပြီးတော့မှ “ဆရာညိုရာ၊ အဲဒီ Changing of the Guard က အစောင့်စစ်သားတွေဟာ သူတို့တာဝန်ပြီးရင် စစ်တန်းလျားထဲကို ပြန်ဝင်သွားတယ်။ ဒါကို ခင်ဗျား သဘောကျတယ်ပေါ့ ဟုတ်လား”“ဟုတ်တယ်လေ၊ ဦးစောမောင်ကလည်း ပြောဖူးတယ်။ သူတို့ အချိန်တန်ရင် စစ်တန်းလျားထဲကို ပြန်ဝင်ကြမှာတဲ့”“ဒါပေမဲ့ စစ်တန်းလျားထဲမှာရှိတဲ့ နောက်တစ်ဖွဲ့က ထွက်လာပြီး နေရာလဲသွားတာပဲ မဟုတ်လား”“ဘယ်လို”“စစ်တန်းလျားထဲမှာ စစ်သည်တွေ အများကြီး ရှိပါသေးတယ်”ကိုဘသစ်စကားသည် အားရစရာ မရှိပေ။ စစ်ယူနီဖောင်း ဝတ်ထားသူ အများသည် ဘာမဆို သူတို့လုပ်တတ်သည်ဟု ယူဆထားကြပုံ ရသည်။နေရာတကာဝင်ပါပြီး ဆရာလုပ်နေကြသောကြောင့် မြန်မာပြည်သည်လည်း နှစ် ၅၀ အတွင်း မြောင်းထဲရောက်သွားသည်။ သယံဇာတများ ကုန်သလောက် ဖြစ်သွားသည်။ နောက်ထပ် သူတို့တတ်သည် သိသည်ထင်သော ‘နိုင်ငံခြားမှ စက်ရုံအဟောင်းများ’ ကို တည်ဆောက်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။စကားအမျိုးမျိုး ပြောသည်။ လာဘ်ပေးလာဘ်ယူ များစွာလုပ်သည်ဟု ကောလာဟလ သတင်းတွေ ထွက်နေသည်။ပြောင်းတော့ ပြောင်းပါမည်။ပြည်သူတွေ ကူမှရပါမည်။၂၀၁၅ တွင် ပြည်သူ့အားကို အများကြီး လိုပါသည်။

Most Read

Most Recent