ပင်လယ်ဓားပြစိတ်ဓာတ်

ပင်လယ်ဓားပြစိတ်ဓာတ်
Published 21 June 2015
နီမင်းဆွေ

ပင်လယ်ဓားပြကို ‘သင်္ဘောတစ်စီးနဲ့ ရွက်လွှင့်သွားပြီး တခြားသင်္ဘောတွေပေါ်က သူတစ်ပါးရဲ့ ဥစ္စာပစ္စည်းတွေကို တိုက်ခိုက်လုယူတဲ့လူ’ လို့  အဘိဓာန်တစ်ခုထဲမှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ပင်လယ်ဓားပြမှာ နောက်အဓိပ္ပာယ်တစ်ခု ရှိနေသေးပြီး ‘တေးသီချင်း၊ ရုပ်ရှင်ဇာတ်ကားနဲ့ ကွန်ပျူတာပရိုဂရမ်တွေကို တရားမဝင်ကူးယူပြီး ပြန်ရောင်းသူ’ လို့ ဖြစ်ပါတယ်။ ပင်လယ်ထဲက ပင်လယ်ဓားပြဆိုတာ သာမန်ဓားပြတွေထက် ပိုပြီးရက်စက်လေ့ ရှိလို့လူတွေ အော့နှလုံးနာကြပါတယ်။ မြို့ကြီးပေါ်က ပင်လယ်ဓားပြတွေကတော့ လူတွေရဲ့ စိတ်ဓာတ်ကိုသာမက တီထွင်လိုသူတွေရဲ့ စိတ်ဓာတ်ကိုပါ ပျက်ပြားစေတာမို့ အဲဒီအသံဆိုရင် ကြားတောင်မကြားချင်လောက်အောင် ဖြစ်ကြရပါတယ်။ ‘ကိုယ့်ဘက်က ဘယ်လောက်ပဲ တီထွင်တီထွင်၊ ကိုယ်ဘယ်လောက်ပဲ အလုပ်ကြိုးစားထား ကြိုးစားထား၊ ကိုယ်လုပ်ပြီး ကိုယ်အကျိုးခံစားခွင့် မရှိမှတော့ ဘာလို့ အပင်ပန်းခံ ကြိုးစားနေတော့မလဲ၊ သူများတွေလိုပဲ လိုက်ခိုးချပြီး ရောင်းစားနေတော့မှာပေါ့’ ဆိုတဲ့ အတွေးမျိုး ဝင်လာပြီဆိုတာနဲ့ တိုင်းပြည်အတွက် အဘက်ဘက်က နစ်နာရတော့တာပါပဲ။ အနုပညာနယ်ပယ်မှာရော နည်းပညာတီထွင်တဲ့ဘက်က လူတွေမှာပါ တီထွင်ချင်စိတ်တွေ ခြောက်ခန်းသွားစေမှာဆိုတော့ ဘယ်လောက်အန္တရယ် ကြီးသွားမလဲဆိုတာ စဉ်းစားသာကြည့်ကြတော့ပေါ့။
 
နည်းပညာ တီထွင်တဲ့နေရာမှာ အင်မတန်မှထူးချွန်ပြီး လူသားတွေအတွက်လည်း အံ့မခန်းလောက်အောင် အကျိုးပြုကြတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့ ကုမ္ပဏီနှစ်ခုက အမှုထမ်းတွေဟာ တစ်ဖွဲ့ကိုတစ်ဖွဲ့ ပင်လယ်ဓားပြတွေလို့ တစ်ခါတုန်းက အပြန်ပြန်အလှန်လှန် စွပ်စွဲခဲ့ကြဖူးပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပြီး သိသင့်သိထိုက်တဲ့ အဲဒီအဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ Pirate of Silicon Valley ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၁၉၉၉ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားအကြောင်း အကျယ်ချဲ့ပြီး ပြောနေရတာကလည်း အကြောင်းရင်းတွေ အများကြီးရှိနေလို့ ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ လျှပ်စစ်မီးသီးကို တီထွင်ခဲ့တဲ့ ‘သောမတ်စ်အယ်ဒီဆင်’ ရဲ့ မွေးနေ့ရောက်တိုင်း နယူးယောက်မှာ ညည နှစ်မိနစ် လျှပ်စစ်မီးဖြတ်ဖြတ်ပြီး ဂုဏ်ပြုကြတယ်လို့ ကြားသိခဲ့ရဖူးပါတယ်။ အခုလည်းပဲ ခုနကပြောတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့ မွေးနေ့တွေရောက်တိုင်း အခုသုံးနေတဲ့ ကွန်ပျူတာတွေ၊ Smart phone တွေ iPad နဲ့ iPod တွေကို ကိုယ်တို့ဆီမှာ နှစ်မိနစ်လောက် အသုံးမပြုဘဲထားပြီး ဂုဏ်ပြုကြဖို့ မလိုသေးဖူး ဆိုရင်တောင်မှ ဒီပစ္စည်းတွေကို ဘယ်သူတီထွင်ခဲ့တာလဲ ဆိုတာလောက်ကိုတော့ သိနေသင့်တယ်လို့ ထင်ပါတယ်။
 
အဲဒီပစ္စည်းတွေကို ‘ဘီလ်ဂိတ်စ်’ Bill Gate နဲ့ ‘စတိဖ်ဂျော့စ်’ Steve Jobs တို့နှစ်ယောက်တည်းက တီထွင်ခဲ့တာလို့ ပြောလို့ရကောင်းမှ ရနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို ဒီလောက်အဆင်ပြေပြေ အသုံးပြုလို့ ရနေနိုင်တာကတော့ သူတို့နှစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒါကို ဘယ်သူမှ ငြင်းလို့ရနိုင်မယ် မထင်ပါဘူး။ သူတို့ရဲ့ အသိုင်းအဝိုင်းကြီးတွေ အလွန်ကြီးလာတာနဲ့အမျှ ပစ္စည်းတွေ ဆန်းသစ်ပြီး ကောင်းမွန်သထက် ကောင်းမွန်လာတာ မှန်ပေမယ့် တကယ် အစပျိုးခဲ့တာက သူတို့နှစ်ယောက်ပဲ မဟုတ်လား။ ဒါ့ကြောင့် ဒီပစ္စည်းတွေကို သူတို့ ဘယ်လိုတီထွင်ခဲ့ကြသလဲ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြသလဲ၊ သူတို့ရဲ့ ငယ်စဉ်ဘဝက အဖြစ်အပျက်တွေဟာ သူတို့အပေါ်မှာ ဘယ်လိုရိုက်ခတ်ခဲ့ကြသလဲ၊ လက်ရှိ လူ့ဘဝကြီးအပေါ် သူတို့ဘယ်လို ရှုမြင်သုံးသပ်ကြသလဲ ဆိုတာတွေကို ပြောပြချင်ပါတယ်။ 
 
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန့်ဖရန်စ္စကိုမြို့ရဲ့ တောင်ဘက်နားမှာ ဆန်ဖရန်စ္စကိုပင်လယ်ကွေ့ ဒေသဆိုတာ ရှိပါတယ်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှာ အဲဒီနေရာလေးကို လူတွေက Silicon Valley ‘စီလီကွန်တောင်ကြား’ လို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့ ခေါ်လာကြရတာလဲဆိုတဲ့ အကြောင်းကိုတော့ အရင်တစ်ခါက ပြောခဲ့ဖူးပါပြီ။ စီလီကွန်ဆိုတာ ကြေးနီတို့ အလူမီနီယံတို့ ဒန်သတ္တုတို့လိုလည်း လျှပ်စီးအားမကောင်း၊ သစ်သားတို့ ရာဘာတို့လိုလည်း လျှပ်ကာအားမကောင်းတဲ့ ‘မကူး၊ မကာ’ ဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို တခြားသင့်တော်တဲ့ ဓာတုဗေဒဒြပ်စင် တစ်မျိုးမျိုးနဲ့ လိုအပ်တဲ့ အတိုင်းအဆအတိုင်း ရောစပ်လိုက်မယ်ဆိုရင်တော့ လျှပ်ကူးအား လျှပ်ကာအားတွေကို ကိုယ်လိုချင်တဲ့ စံနှုန်းတစ်ခုထိ အတိအကျ ရောက်ရှိသွားအောင် လိုသလို ပြုပြင်ယူလို့ ရပါတယ်။ အဲဒီအချိန်ကစပြီး Integrated Circuit (IC) ဆိုတဲ့ အပြားတွေကို လူတွေ တီထွင်လာနိုင်ခဲ့ရာက ကမ္ဘာကြီးဟာ ကြောက်ခမန်းလိလိ တိုးတက်ပြောင်းလဲသွားခဲ့ ပါတော့တယ်။ ဒီနေရာမှာ ကြုံတုန်း စပ်မိလို့ Analog နဲ့ Digital အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ 
 
Analog နာရီဆိုတာ ဂဏန်းတစ်ကနေ ဆယ့်နှစ်ထိပါတဲ့ နာရီမျိုးကို ခေါ်ပါတယ်။ တိုင်ကပ်နာရီတွေ အားလုံးနီးပါးဟာ Analog နာရီတွေ ဖြစ်ကြပါတယ်။ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်လောက်မှာ ပေါ်လာတဲ့ လက်ပတ်နာရီ တချို့မှာတော့ နာရီလက်တံတွေ မပါတော့ပါဘူး။ မှိတ်တုတ်မှိတ်တုတ် အင်္ဂလိပ်ဂဏန်းတွေနဲ့ပဲ အချိန်ကို ဖော်ပြလာကြတာကို တွေ့ရပါတယ်။ အဲဒါတွေကို digital clock လို့ခေါ်ပါတယ်။ နောက်တစ်ခါ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ အိမ်မှာရှိတဲ့ ဘုရားစင်ကမီးကို တစ်လုံးတည်းပဲဖြစ်ဖြစ် သုံးလုံးတစ်တွဲ ငါးလုံးတစ်တွဲပဲဖြစ်ဖြစ် ခလုတ်တစ်ခုနဲ့ ဖွင့်ရပိတ်ရတာမျိုးကို analog circuit လို့ခေါ်ပါတယ်။ နောက်တစ်ခါ အခု တရုတ်ကလာတဲ့ ဘုရားရုပ်ပွားတော်ရဲ့ နောက်မှာထွန်းတဲ့ ဘုရားမီးကို သတိထားမိကြမှာပါ။ အရောင်မျိုးစုံ မီးလုံးလေးတွေရာနဲ့ချီပြီး ပါပါတယ်။ စက်ဝိုင်းပုံသဏ္ဌာန် မီးလေးတွေဟာ ရောင်တော်လွှတ်သလို အထဲကအပြင်ကို ဖြန့်ထွက်သွားလိုက် နောက်တစ်ခါ ပန်ကာအရွက်သဏ္ဌာန်ပြောင်းပြီး ပတ်ပတ်လည်သွားလိုက်နဲ့ သူ့ဟာသူ အလိုလို အမျိုးစုံ လုပ်နေတာကို တွေ့ကြရပါလိမ့်မယ်။ တကယ်လို့ အဲဒီဘုရားမီးကို Analog circuit နဲ့ ထွန်းရမယ်ဆိုရင် လူငါးဆယ်လောက်က အနည်းဆုံး ခလုတ်တစ်ရာလောက်ကို တစ်နေကုန်ထိုင်ပြီး ဖွင့်လိုက်ပိတ်လိုက် လုပ်နေကြရဖို့ပဲ ရှိပါတယ်။ 
 
ဒါပေမဲ့ စီလီကွန်ရဲ့ အစွမ်းသတ္တိကို တွေ့ရှိပြီးတဲ့နောက်မှာ အဲဒီ လူတွေအများကြီး လက်နဲ့ဖွင့်ပိတ်လုပ်ရမယ့် အလုပ်မျိုးကို စီလီကွန်ကို အသုံးပြုထားပြီး Micro-controller circuit လို့ခေါ်တဲ့ လက်မသာသာလောက်ပဲရှိတဲ့ IC အပြားလေးတစ်ပြားကပဲ အလိုအလျှောက် ပြုလုပ်သွားတာကို တွေ့ကြရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုအလုပ်တွေကို ဝိုင်းစုပြီး တီထွင်ထုတ်လုပ်ကိုင်ကြတဲ့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ တောင်ဘက်ပိုင်းက နေရာဒေသလေးကိုပဲ စီလီကွန်တောင်ကြားလို့ လူတွေခေါ်ဆိုလာကြတာ ဖြစ်ပါတယ်။ ပြောရရင်တော့ စတိဂျော့စ်တို့ရဲ့ ဘူမိနက်သန် နေရာမှန်လေးပေါ့။ နောက် အဲဒီလို ကွန်ပျူတာပညာ ထူးချွန်သူတစ်စုဟာ ဆန်ဖရန်စ္စကိုရဲ့ မြောက်ဘက်တည့်တည့် မိုင်ခုနစ်ရာ အကွာလောက်မှာရှိတဲ့ ‘စီယတ်တယ်’ Seattle ဆိုတဲ့မြို့မှာ ပေါ်ပေါက်လာပြန်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ဒီကနေ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ ‘ဘီလ်ဂိတ်စ်’ ဆိုသူပါပဲ။ ဘီလ်ဂိတ်စ်တို့အဖွဲ့ဟာ စီလီကွန်တောင်ကြားထဲ ရောက်လာပြီး ဟိုနားမှာ လာထိုင်သလိုလို ဒီနားမှာ လာရပ်သလိုလိုနဲ့  ကွန်ပျုတာနည်းပညာတွေကို အလစ်သုတ်သုတ်သွားကြတယ်လို့ စီလီကွန်တောင်ကြားက လူတွေက သင်္ကာမကင်း ဖြစ်လာကြပါတယ်။ ဒါကြောင့် ဘီလ်ဂိတ်စ်တို့ကို ‘စီလီကွန်တောင်ကြားက ပင်လယ်ဓားပြများ’ လို့ စီလီကွန်တောင်ကြားက စတိဖ်ရဲ့လူတွေက ယိုးစွပ်လာကြပါတော့တယ်။ ဘီလ်ဂိတ်စ်ကလည်း ပြင်သစ်ပန်းချီဆရာ အကျော်အမော် ‘ပီကာဆို’ ပြောဆိုခဲ့တဲ့ ‘တော်တဲ့ ပန်းချီဆရာတွေဟာ ငတိုတွေဖြစ်ကြပြီး မဟာပန်းချီဆရာကြီးတွေကတော့ ဧရာမသူခိုးကြီးတွေ ဖြစ်ကြတယ်’ ဆိုတဲ့ စကားကို သူတို့ရှေ့မှာ အမှတ်မထင် ရွတ်ဆိုခဲ့မိပေသကိုး။ ဒါပေမဲ့ ဒီစကားကို စတိဖ်လည်း မကြာမကြာတော့ ပြောဖူးလေ့ ရှိတာပါပဲ။ 
 
ဒါပေမဲ့ စီယတ်တယ် မိုက်ခရိုဆော့ အဖွဲ့တွေကလည်း ‘အလကားပါဗျာ သူတို့က အရင်စပြီး ဦးအောင်ပြောတာပါ၊ တကယ့် ငတိုတွေက သူတို့မှ အစစ်ပါ’ လို့ ပြန်လည်ချေပတာတွေလည်း ရှိခဲ့ပါတယ်။ သူတို့တစ်တွေ ဘာတွေပဲပြောပြော အတိုချုံးပြီးပြောရမယ် ဆိုရင်တော့ IBM (International Business Machines Corporation) လို့ခေါ်တဲ့ IBM နဲ့ ဘီလ်ဂိတ်စ်တို့အဖွဲ့ ပေါင်းစည်းမိခဲ့ရာက အင်မတန်အစွမ်းထက်တဲ့ ကွန်ပျုတာတွေ ပေါ်လာခဲ့တယ်လို့ပဲ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ‘စတိဖ်ဂျော့စ်’ ဟာ ၁၉၇၆ ခုနှစ်မှာ သူငယ်ချင်းဖြစ်သူ ‘ဝေါ့ဇ်နီးယပ်စ်’ နဲ့ ပေါင်းပြီး Apple ကွန်ပျူတာကို တီထွင်ခဲ့ပါတယ်။ Apple ဟာ ၂၀၀၁ ခုနှစ်မှာ ပထမဦးဆုံး iPod၊ ၂၀၀၇ ခုနှစ်မှာ ပထမဦးဆုံး iPhone၊ ၂၀၁၀ ပြည့်နှစ်မှာ ပထမဦးဆုံး iPad တို့ကို ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပါတယ်။ ဒီပစ္စည်းသုံးမျိုးကို ထုတ်လုပ်နိုင်မှုဟာ တော်လှန်ရေးတစ်ရပ်ကို အောင်မြင်အောင် ဆင်နွှဲလိုက်နိုင်ခြင်း တစ်မျိုးပဲ ဖြစ်တယ်လို့ စီလီကွန်တောင်ကြားက လူတွေက ခံယူခဲ့ကြပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်စစ်ဆန့်ကျင်ရေးအတွက် ဘာကလေတက္ကသိုလ်မှာ ကျောင်းသားတွေ ဆန္ဒပြကြတဲ့ အခါတုန်းက မျက်ရည်ယိုဗုံးနဲ့ အပစ်ခံခဲ့ရလို့ ထွက်ပြေးနေရတဲ့ အထဲက ‘ငါတို့ကမှ တကယ့်တော်လှန်ရေးသမား အစစ်ကွ’ လို့ သူငယ်ချင်းဝေါ့ဇ်ကို စတိဖ်က ပြောခဲ့တာဖြစ်ပါတယ်။
 
ဘီလ်ဂိတ်စ်ဟာ အခုလက်ရှိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး သူရဲ့ စည်းစိမ်ဟာ အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၃ ဘီလျံ ရှိပါတယ်။ စတိဖ်ကတော့ သူမသေခင် တစ်နှစ်ဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံအထိ ချမ်းသာခဲ့တယ်လို့ ‘ဖော့’ (Forbes) မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ ဘီလ်ဂိတ်စ်ကတော့ သူ့ရဲ့စည်းစိမ်ထဲက ၂၈ ဘီလျံကို ပရဟိတလုပ်ငန်းတွေအတွက် ပေးလှူခဲ့ပါတယ်။ ဒီလို လှူဖြစ်ရတဲ့ အကြောင်းရင်းကလည်း မိခင်ဖြစ်သူကြောင့်လို့ ဆိုနိုင်ပါတယ်။ ဂိတ်စ်ရဲ့အမေဟာ ဂိတ်စ်ငယ်စဉ်ကလေးဘဝက ပရဟိတနဲ့ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ သွားတဲ့အခါတိုင်း သူ့သားဖြစ်သူ ဂိတ်စ်ကို ခေါ်သွားလေ့ရှိခဲ့တာမို့ ဂိတ်စ်ဟာ ကလေးဘဝကတည်းက လူအများကို ထောက်ပံ့ကူညီဖို့ စိတ်အားထက်သန်ခဲ့တာပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့ အခါမှာလည်း ရှိတဲ့စည်းစိမ်ရဲ့ သုံးပုံတစ်ပုံကျော်ကျော်ကို တုန့်ဆိုင်းတွေဝေခြင်းမရှိဘဲ လူမှုရေးလုပ်ငန်းတွေအတွက် ပေးလှူခဲ့ပါတယ်။ ဂိတ်စ်မှာ သမီးနှစ်ယောက် သားတစ်ယောက် ရှိပါတယ်။ ဒေါ်လာ ၂၈ ဘီလျံပေးလှူပြီးတဲ့နောက် ဒီကိစ္စနဲ့ပတ်သက်ပြီး သားတွေသမီးတွေက ဘယ်လို သဘောထားကြသလဲလို့ သတင်းထောက်တွေက သူ့ကိုမေးခဲ့ကြပါတယ်။ ဂိတ်စ်ဖြေကြားတဲ့ အချက်တွေက ရှင်းပါတယ်။ ‘ကျွန်တော် သူတို့ကို ပညာစုံအောင် သင်ပေးခဲ့ပြီးပြီ၊ လူ့ဘဝမှာ ရပ်တည်လှုပ်ရှားနိုင်အောင် အရင်းအနှီးတွေ ထောက်ပံ့ပြီး အခြေအနေတွေကိုလည်း ဖန်တီးပေးခဲ့ပြီးပြီ၊ ကျွန်တော် ရှာဖွေစုဆောင်းလို့ရခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို လှူ ဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြမယ် ဆိုရင်တော့ သူတို့အတွက် အချိန်ကုန် လူပန်းရုံပဲ ရှိမှာပေ့ါ’ လို့ ဖြေခဲ့ပါတယ်။ သားသမီးတွေ ပါးစပ်ကလည်း တစ်စုံတစ်ရာ မကျေနပ်သံ နှမြောတွန့်တိုတဲ့လေသံမျိုး ထွက်လာခဲ့တယ်လို့ မကြားသိရပါဘူး။ ဂိတ်စ်ဆက်ပြောတာက ‘ကျွန်တော် ဒီလိုလှူ တာက ဘာသာရေးနဲ့ မပတ်သက်ပါဘူး၊ လူသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာအတွက်ရယ်၊ လူသားတွေအားလုံး သာတူညီမျှ ရှိစေချင်တဲ့ အတွက်ရယ်ကြောင့် ကျွန်တော်လှူတာပါ။ ကျွန်တော့်အတွက် စားစရာဝတ်စရာ အလုံအလောက် ရှိလာပြီးတဲ့နောက် ငွေတွေအများကြီး ကျွန်တော့်ဆီ ရောက်လာတာဟာ ထူးထူးထွေထွေ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ကျွန်တော့်လောက် ကံမကောင်းသူတွေကို ကျွန်တော့်လို စားနိုင်ဝတ်နိုင်အောင် လုပ်ပေးချင်တဲ့ ကျွန်တော့်ဆန္ဒက အဓိကပါပဲ။ ကျွန်တော့်ဘ၀ တစ်လျှောက်လုံး ကျွန်တော်လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေအထဲမှာ ကျွန်တော့်ကိုကျွန်တော် အကျေနပ်ဆုံး လုပ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ အခု ၂၈ ဘီလျံ ပေးလှူနိုင်လိုက်ခြင်းပါပဲ’ လို့ ဂိတ်စ်က ပြောခဲ့ပါတယ်။
 
ဂိတ်စ်ဟာ အဲဒီလို ပရဟိတလုပ်ငန်းတွေအတွက် ငွေပေးလှူရာမှာ လွဲမှားမသွား အောင်လို့သူရှေ့က အဲဒီလို ပေးလှူ သွာခဲ့ကြဖူးတဲ့ ‘အင်ဒရူးကာနက်ဂျီ’ (၁၈၃၅-၁၉၁၉) Andrew Carnegie ရဲ့ပရဟိတလုပ်ငန်းတွေကို အရင်လေ့လာခဲ့ပါတယ်။ ကာနက်ဂျီဟာ ၁၈၈၉ ခုနှစ်မှာ သူ့စည်းစိမ်ရဲ့ ၉၀% နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို လူမှုရေးနဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေအတွက် ပေးလှူခဲ့ပါတယ်။ အဲဒီငွေဟာ ဒီကနေ့ ၂၀၁၅ ခုငွေတန်ဖိုးနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ၄ ဒသမ ၇၆ ဘီလီယံနဲ့ ညီမျှပါတယ်။ သူနမူနာယူခဲ့တဲ့ နောက် သန်းကြွယ်သူဌေး တစ်ယောက်ကတော့ ‘ရော့ကီးဖဲလား’ Rocke-feller (၁၈၃၉-၁၉၃၇) ဖြစ်ပါတယ်။ ရော့ကီးဖဲလား ကွယ်လွန်သွားတဲ့ အချိန်မှာ သူရဲ့ စည်းစိမ်ဟာ ၂၀၀၇ ခုနှစ် ငွေတန်ဖိုးနဲ့ ချိန်ထိုးကြည့်ရင် ၃၃၆ ဘီလျံ ရှိပါတယ်။ ရော့ကီးဖဲလား မကွယ်လွန်ခင် သူလှူဒါန်းခဲ့တဲ့ စုစုပေါင်း ငွေပမာဏဟာ ဒေါ်လာသန်း ၅၅၀ ရှိပြီး အဲဒီငွေဟာ ၂၀၁၅ ခုနှစ်ရဲ့ ငွေတန်ဖိုးနဲ့ဆိုရင် ၉ ဒသမ ၄ ဘီလျံဒေါ်လာနဲ့ ညီမျှပါတယ်။ ၁၈၉၀ ခုနှစ်လောက်တုန်းက ရော့ကီးဖဲလားဟာ ဆံပင်ညှပ်ဆရာကို ဆံပင်ညှပ်ခ ဆင့်နှစ်ဆယ်ပဲ ပေးခဲ့ပါတယ်။ ဆံသဆရာက အဘက အဘသားလို မဟုတ်ဘူး၊ အဘသားလာရင် လေးငါးဒေါ်လာလောက်တော့ အသာလေး ပစ်ပေးသွားခဲ့တာပဲလို့ ညည်းတွားတော့ ရော့ကီးဖဲလားက ဒါကတော့ ဘယ်တူမလဲ၊ သူက သူဌေးသား၊ ငါက သူဌေးသားမှ မဟုတ်ဘဲလို့ ပြောခဲ့ပါတယ်။ ဒါဟာ အသုံးအဖြုန်းကြီးတဲ့ သားဖြစ်သူကို ဘရိတ်အုပ်စေချင်လို့နဲ့ သူ့စကားက သားဖြစ်သူဆီကို သေချာပေါက် ပြန်ရောက်သွားမယ် ဆိုတာကိုလည်း သိနေလို့ တမင်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ လူသားတွေအပေါ် လှူဒါန်းရမှာကို တွန့်တိုလို့ ဒါမှမဟုတ် မရက်ရောတတ်သူဖြစ်လို့ ပြောခဲ့တာမဟုတ်မှန်း နောက်မှ လူတွေသိလာကြတာ ဖြစ်ပါတယ်။
 
ဒါကြောင့် ခုနစ်ရက်သားသမီးတွေ မျက်ရည်ပေါက် ကြီးငယ်ကျအောင် ပြုမူကျင့်ကြံချင်တဲ့ ပင်လယ်ဓားပြတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်မျိုးဟာ ဒီကနေ့ကမ္ဘာမှာ ခေတ်မစားတော့ဘူးလို့ ဆိုနိုင်ပါတယ်။ လူတစ်ယောက်ဟာ လူဖြစ်ရကျိုး ဘယ်လောက်နပ်သလဲဆိုတာကို ကိုယ်လိုလူသားတွေ ကောင်းကျိုးအတွက် ကိုယ်ဘယ်လောက် လုပ်ပေးနိုင်ခဲ့သလဲဆိုတာနဲ့ ချိန်ထိုးပြီး ဆုံးဖြတ်လေ့ရှိတဲ့ လူသားကမ္ဘာကြီး ဖြစ်ပါတယ်။ ပင်လယ်ဓားပြတွေလို ခိုးမယ်ဝှက်မယ် တိုက်မယ်ခိုက်မယ် လုမယ်ယက်မယ် လူတစ်ဖက်သား မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ရင်ဝယ်သိုမှီး ထားမိမယ် ဆိုရင်တော့ ‘လူ့ဘဝမှာ ငါဟာ လူဖြစ်ရကျိုး မနပ်ဆုံး၊ လူဖြစ်အရှုံးဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါလား’ ဆိုတဲ့ အသိနဲ့ တမလွန်ဘဝကို စံမြန်းရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။