ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း

ပြည်တွင်းစုဆောင်းမှုနှုန်းနှင့် ပြည်ပအရင်းအနှီး စီးဝင်မှုနှုန်း
Published 21 June 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

 (၁)
 
နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းနိမ့်ကျသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် မြင့်မားလေ့ရှိပြီး နိုင်ငံသားတို့၏ စုဆောင်းနိုင်မှုနှုန်းမြင့်မားသော နိုင်ငံများ၏ ဘဏ်တိုးနှုန်းသည် နိမ့်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံသားတို့၏ ဝင်ငွေထဲမှ စားသုံးမှုကုန်ကျစရိတ်၊ အခွန်အခများ၊ အခြားသောစရိတ်စကများ ကို နုတ်၍ ကျန်ရှိသော လက်ကျန်ငွေပမာဏကို စုဆောင်းမှုဟု ခေါ်ဆိုနိုင်သဖြင့် ယင်းစုဆောင်းနိုင်မှုပမာဏ နိမ့်ကျသောနိုင်ငံများတွင် လိုအပ်သော အရင်းအနှီးပမာဏကို ရရှိစေရန် ရည်ရွယ်စေသော ဘဏ်တိုးနှုန်းကို မြှင့်ထားလေ့ရှိခြင်းဖြစ်ပြီး စုဆောင်းနိုင်မှု အင်အားကြီးမြင့်သော နိုင်ငံများတွင်မူ ပြည်တွင်းနှင့် ပြည်ပ(နိုင်ငံတကာ)အရင်းအနှီးဈေးကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိသောကြောင့် ဘဏ်တိုးနှုန်းများသည် နိမ့်လေ့ရှိသည်။
 
(၂)
 
သို့သော် ကမ္ဘာ့ငွေကြေးဈေးကွက်တွင်မူ စုဆောင်းမှုမြင့်မားသောနိုင်ငံများမှ အရင်းအနှီးများသည် စုဆောင်းမှုနိမ့်သောနိုင်ငံများ၏ ငွေကြေးဈေးကွက် (Money Market) ၊အရင်းအနှီးဈေးကွက် (Capital Market) အတွင်းသို့ စီးဝင်လာ(စီးဝင်လာ)လေ့ရှိသည်။ ယင်းစုဆောင်းမှုနိမ့်ကာ ဘဏ်တိုးနှုန်းမြင့်သောနိုင်ငံများအတွင်းသို့ စီးဝင်လာတတ်ပြီး ဘဏ်တိုးနှုန်းကွာဟမှုအပေါ်တွင် စိတ်ဝင်စားကြခြင်းပင် ဖြစ်သည်။
 
(၃)
 
ယနေ့ ကမ္ဘာကြီးတွင် အဓိကလည်ပတ် သုံးစွဲငွေကြေးများအနေဖြင့် အမေရိကန်ဒေါ်လာသည် အများဆုံးဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအနေအထားတွင်လည်း အရေးပါဆုံးသော ငွေကြေးတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ၏ ခေတ်ရှေ့ပြေးနည်းပညာများ (ဥပမာ Google၊ Smart Phone ၊ အာကာသနည်းပညာ၊ ဆေးဝါးဖော်စပ်မှုနည်းပညာ အစရှိသည်) နှင့် လွတ်လပ်သော ဈေးကွက်၊ ကမ္ဘာအနှံ့ဖြန့် ကြက်ချထားနိုင်သော စစ်အင်အား၊ ပေါများကြွယ်ဝသော သဘာဝသယံဇာတ (ဥပမာ - ရေနံ)နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်၊ ကမ္ဘာ့အများသုံး အင်္ဂလိပ်စကားပြောနိုင်ငံ၊ ဧရိယာကျယ်ဝန်းခြင်း အစရှိသောကမ္ဘာပေါ်တွင် ယင်းအချက်အလက်များ ပြည့်စုံသော နိုင်ငံ (တစ်နည်းအားဖြင့်ယှဉ်ပြိုင်နိုင်သော နိုင်ငံ)  မရှိသေးခြင်းကြောင့်ပင် အမေရိကန်ဒေါ်လာသည် အမေရိကန်စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းသာမကဘဲ ကမ္ဘာ့စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပေသည်ဟု ယူဆသည်။
 
(၄)
 
အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခုနစ်ကျပ်ခန့်ဟူသော ငွေလဲနှုန်းစနစ်မှ ယနေ့ထိန်းကျောင်းနှုန်းရှင်စနစ် (Managed Floating System) သို့ ကူးပြောင်းကျင့် သုံးလာနေသော မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ “ပကတိငွေကြေး ကျပ်ငွေတန်ဖိုး  (Red Kyat's Value)သည် မိမိနိုင်ငံ၏ စီးပွားရေးအင်အား (ထုတ်လုပ်နိုင်မှုအင်အား၊ စားသုံးနိုင်မှုအင်အား၊ စုဆောင်းနိုင်မှုအင်အား)တို့နှင့် တိုက်ရိုက်ဆက်စပ်လာနေသည်ဟု ယူဆသည်။
 
(၅)
 
အပိုဒ်(၁)တွင် ဆိုခဲ့သကဲ့သို့ စုဆောင်းနိုင်မှု ပမာဏနိမ့်သောနိုင်ငံသို့ စုဆောင်းနိုင်မှုမြင့်မားသော နိုင်ငံများ၏ ငွေကြေးအရင်းအမြစ်များ ပုံသဏ္ဌာန်မျိုးစုံဖြင့် စီးဝင်လာမည်ဖြစ်ရာ ယင်းစီးဆင်းမှုများ (စီးဝင်မှုများ၊ စီးထွက်မှုများ) မည်ရွေ့မည်မျှမြန်ဆန်နေသည် (ကာလတိုအတွင်းတွင်) ဆိုသည်ကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်နေပေလိမ့်မည်။
 
(၆)
 
မည်ကဲ့သို့သော ပုံစံများဖြင့် စီးဝင်မှုများ (Inflows) နှင့် မည်ကဲ့သို့သော ပုံစံများဖြင့် စီးထွက်မှုများ (OutFlows) ရှိနေသည်ဆိုသည်နှင့် ယင်း “စီးဝင်မှုများ” နှင့် “စီးထွက်မှုများ” ကိုပေါင်းစပ်ကာ “စီးဆင်းမှုများ (Flows) ” ကို ဖြစ်တည်စေနိုင်သနည်းဆိုသည်ကိုလည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်ပေလိမ့်မည်။
 
(၇)
 
ပုံမှန်မဟုတ်သော စီးဝင်မှုများ (Informal Inflows) ၊ပုံမှန်မဟုတ်သော စီးထွက်မှုများ (Informal Outflow) တို့တွင် အမြဲတစေဘေးထွက်ဆိုးကျိုးများကို ချန်ရစ်ထားလေ့ ရှိသောကြောင့်ပင် ဖြစ်သည်။
 
(၈)
 
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်မှု  (Foreign Exchange Rate Stability) နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှု (Price Stability) တို့၏ အပြန်အလှန်ချိတ်ဆက်နေမှု သဘောတရားကို သိရှိထားပြီး ယင်းတည်ငြိမ်မှုနှစ်ရပ်သည် တစ်နည်းအားဖြင့် စီးပွားရေးတည်ငြိမ်မှု  (Economic Stability) ၏ အခြေခံ ဖြစ်ပေမည်။
 
(၉)
 
တစ်နည်းအားဖြင့် ယင်းတည်ငြိမ်မှုနှစ်ခုကို တစ်ပြေးညီ ထိန်းနိုင်ရန်ဆိုသည်မှာ နက်နဲသကဲ့သို့ ယင်းတည်ငြိမ်မှုနှစ်ခုကို ထိန်းသိမ်းရင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု (Economic Growth) ကို မြှင့်တင်ရန်သည်လည်း အရေးကြီးပေသည်။ ဤတွင် မည်ကဲ့သို့ ထိန်းကျောင်းမည်နည်းဆိုသည့် မဟာဗျူဟာ (Strategies) ၊နည်းဗျူဟာများ (Tactics) အပေါ်တွင် မူတည်ပေလိမ့်မည်။
 
(၁၀)
 
ပြည်တွင်းစုဆောင်းမှုနှုန်းနိမ့်လျှင် ယင်းကို ဆွဲဆောင်ရန်အတွက် ရည်ရွယ်ကာ ဘဏ်တိုးနှုန်းများကို မြှင့်ထားလေ့ရှိသော်လည်း ယင်းသည် ပြည်တွင်းမှ ငွေကြေးအရင်းအနှီးများထက် ပြည်ပမှ (စုဆောင်းမှုနှုန်းမြင့်မားသည့် နိုင်ငံများမှ) ငွေကြေးအရင်းအနှီးများ စီးဝင်လာစေခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံးတွင် ဘဏ်တိုးနှုန်းကိုလည်း မလျှော့ချနိုင်ခြင်းနှင့်အတူ ယင်းပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် မြင့်မားသော ဘဏ်တိုးနှုန်းဖြင့် စီးပွားရေးလုပ်ကိုင်ရခြင်းအစရှိသော နောက်ဆက်တွဲများစွာကို ရင်ဆိုင်ရလေ့ရှိသည်။