ပဲခူးဘုရားဖူး ...

ပဲခူးဘုရားဖူး ...
Published 19 June 2015
အေးမို့မို့အောင်သူ

ပဲခူးမြို့ပေါ်ရှိ ဆုတောင်းပြည့်ဘုရားစေတီပုထိုးများ ကျွန်မတို့နေထိုင်တဲ့ မြန်မာနိုင်ငံက ဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးတွေ ပေါများလှပါတယ်။ ပုဂံ၊ ညောင်းရမ်း၊ အင်းဝခေတ် အဆက်ဆက် ရှေးဘုရင်မင်းလက်ထက်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးတွေကဆိုရင်လည်း ယနေ့ထိတိုင်တည်ရှိလို့နေပါတယ်။
 
ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့တဲ့ ဟံသာဝတီရွှေမြို့တော်ကြီး ပဲခူးမြို့ကဆိုရင် ထင်ရှားတဲ့ စေတီပုထိုး၊ သမိုင်းဝင်နေရာတွေနဲ့ မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းမြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ပဲခူးမြို့မှာ ဆိုရင် ဗညားဦးမင်း တည်ထောင်ခဲ့တဲ့ ရှေးဟောင်းဟံသာဝတီမြို့နဲ့ ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့တဲ့ ဟံသာဝတီမြို့လည်း တည်ရှိခဲ့ပါတယ်။
 
မွန်လူမျိုးတွေကလည်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်သူတွေဖြစ်တဲ့အတွက် မွန်ဘုရင်နဲ့ ဗမာဘုရင်တို့ စံမြန်းခဲ့တဲ့ ဟံသာဝတီပဲခူးမြို့တော်ကြီးက ဗုဒ္ဓသာသနာအတော်ပင် ထွန်းကားခဲ့တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
 

 
ဒါကြောင့် ပဲခူးမြို့တော်ကဆိုရင် သမိုင်းဝင်အမွေအနှစ်တွေ အများကြီးရှိခဲ့တဲ့အတွက် မြန်မာလူမျိုးတွေ မဖြစ်မနေ သွားရောက်သင့်တဲ့  နေရာတစ်ခုလည်းဖြစ်တယ်။ ပဲခူးမြို့ကိုက ၁၂၁၃၆ ဒသမ ၆၅ ဧကခန့် ကျယ်ဝန်းပါတယ်။
 
ပဲခူးမြို့က ကျယ်ဝန်းလှတဲ့အတွက် ပဲခူးကို ဘုရားဖူးသွားမယ်ဆိုရင် မဖြစ်မနေ သွားရောက်သင့်တဲ့ နေရာတွေကတော့ ပဲခူးရွှေမော်ဓောဘုရား၊ စိန်သာလျောင်းရုပ်ပွားတော်၊ ရွှေသာလျောင်းရုပ်ပွားတော်၊ စူဠာမဏီ(ရွှေအောင်ရွေး)နဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီ နန်းတော်ကြီးတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာတွေက ပဲခူးကို အလည်အပတ်သွားမယ်ဆိုရင် မသွားမဖြစ် သွားသင့်တဲ့ နေရာလေးပါပဲ။
 
ပဲခူးမှာရှိတဲ့ ရွှေမော်ဓောဘုရားကြီးကဆိုရင် သာသနာနှစ်၂၃၆ ခုနှစ်မှာ စူဉာသီရိမာသောကမင်းက တိုက်စေတီအဖြစ် တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ရွှေမော်ဓောစေတီတော်ကြီးက စူဌာသီရိမာသောကမင်း တည်တော်မူစဉ်အခါက အလျား အတောင်လေးဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ရှစ်တောင်ရှိတဲ့ တိုက်စေတည်တစ်ခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။
 

 
ရွှေမော်ဓောစေတီတော်ကြီးက ငလျင်ဒဏ်ကြောင့် အကြိမ်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီးတော့ ရှေးဘုရင်မင်းများစွာက ပြန်လည်တည်ထား ကိုးကွယ်ခဲ့ပြီး ယခု ဖူးမြော်ရတဲ့ ရွှေမော်ဓောစေတီတော်ကြီးကဆိုရင် ဉာဏ်တော် အမြင့်ပေ ၃၇၃ ပေ ၉ လက်မရှိပြီး ပန်းတင်ခုံများမှာလည်း စေတီရံပေါင်း ၁၂၁ ဆူ တည်ထားကိုးကွယ်ထားပါတယ်။
 
ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကလည်း သက္ကရာဇ် ၆၈၃ ခုနှစ်က ပင်းယမင်းသီဟသူ တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ရွှေသာလျောင်းရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်စဉ်က အလျားအတောင် ၃၀ရှိခဲ့တဲ့ ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။
 
ဒီရွှေသာလျောင်းရုပ်ပွားတော်ကြီးက ဆိုရင်လည်း ခေတ်အဆက်ဆက်မှာ မသမာသူတွေရဲ့ ပျက်စီးမှုဒဏ်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရတဲ့ ရာဇဝင်များလည်း ရှိခဲ့ရပါတယ်။ ယခုဖူးမြော်ရတဲ့ ရွှေသာလျောင်းရုပ်ပွားတော်ကြီး အလျားတော် ပေ ၁၈၀ ခန့်ရှိတဲ့ ရုပ်ပွားတော်ကြီးပဲ ဖြစ်ပါတယ်။
 
ပဲခူးတောင်စုကျေးရွာရဲ့ အရှေ့ဘက်မှာ တည်ထားကိုးကွယ်ထားတဲ့ စိန်သာလျောင်း ရုပ်ပွားတော်ကြီးက ရွှေသာလျောင်းရုပ်ပွားတော်ကြီးထက် အနှစ်၂၀စောပြီး တည်ထားကိုးကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိန်သာလျောင်းစေတီတော်ကြီးကို ပုဂံစောနစ်မင်းနဲ့ ပဲခူးစား မိဂါဒိပ္ပမင်းတို့မှ တည်ခဲ့ခြင်းလည်း ဖြစ်တယ်။
 
ပဲခူးမြို့က မွန်ဘုရင်ရော မြန်မာဘုရင်တွေပါ နန်းစံခဲ့တဲ့ အရပ်ဖြစ်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါများလှတဲ့ဒေသတစ်ခုလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။
 
မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဌာပနာထားရာ စူဠာမဏီ(ရွှေအောင်ရွေး)စေတီတော်ကြီးကဆိုရင် သက္ကရာဇ် ၈၄၅ ခုနှစ် က ဓမ္မစေတီမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတစ်ဆူလည်းဖြစ်ပါတယ်။ စူဠာမဏီ (ရွှေအောင်ရွေး)စေတီတော်ကြီးမှာ မြတ်စွာဘုရားရဲ့ ဆံတော်စစ်စစ်နဲ့ စွယ်တော်ပွား နှစ်ဆူတို့ကို ဌာပနထား တည်ထားကိုးကွယ်ခဲ့တာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်ကိုးကွယ်သူ မြန်မာလူမျိုးတိုင်း မဖြစ်မနေ သွားရောက်ဖူးမြော်သင့်တဲ့ စေတီတော်ကြီးပဲပါ။
 

 
ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သော ကမ္ဘောဇသာဒီနန်းတော်ကြီးကို သက္ကရာဇ် ၉၁၅ခုနှစ်(အေဒီ-၁၅၅၃) မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အမတ်ကြီး ဗညားဒလက တာဝန်ယူပြီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနန်းတော်ကြီး ၃၃နှစ် ကြာအောင် တည်ဆောက်ခဲ့တာဖြစ်ပြီး မြန်မာရာဇဝင်ကြီးကျယ်ခမ်းနားခဲ့တဲ့ ရွှေနန်းတော်ကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးက သားတော် နန္ဒဘုရင် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းမှုကြောင့် သက္ကရာဇ် ၉၆၁  ခုနှစ်မှာ ကမ္ဘောဇသာဒီနန်းတော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဟံသာဝတီနေပြည်တော်မှာလည်း ပျက်စီးခဲ့ရပါတယ်လို့ သမိုင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။
 
အခုလက်ရှိမြင်တွေ့နေရတဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးက ၁၉၉၁ခုနှစ် နန်းတော်ကြီး ပြန်လည်ဖော်ထုတ်ရေးလုပ်ငန်း စီမံကိန်းကြောင့် ရှေးမူမပျက် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒီ ကမ္ဘောဇသာဒီနန်းတော်မှာဆိုရင် ဟံသာဝတီမင်းဆက် ဘုရင်မင်းမြတ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး တည်ဆောက်စဉ်က အသုံးပြုခဲ့တဲ့ သစ်လုံးကြီးများအပြင် ရှေးဘုရင်များအသုံးပြုခဲ့သည့် စီးတော်ယာဉ်နှင့် လှေတွေအပြင် ဘုရင်မင်းမြတ်တွေ ရဲ့ ပလ္လင်တော်နှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။
 

 
အခုလို မြန်မာလူမျိုးတွေရဲ့ ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပေါများလှတဲ့  ဗုဒ္ဓသာသနာနဲ့ ယဉ်ကျေးမှု အလွန်ထွန်းကားခဲ့တဲ့ နေရာတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ နောက်ပြီး အခုဖော်ပြပေးထားတာထက် ပဲခူးမြို့က ရာဇဝင်တွေ၊ ပုံပြင်တွေနဲ့စိတ်ဝင်စားဖွယ် များစွာရှိတဲ့ မြို့တစ်မြို့လည်းဖြစ်တယ်။
 
နေ့ချင်းပြန်ခရီးတစ်ခု သွားမယ်ဆိုရင်လည်း ကုသိုလ်လည်းရပြီး ဗဟုသုတလည်းရနိုင်ပြီး ခရီးစရိတ်စခ သက်သာစေတဲ့အတွက်ကြောင့် ပဲခူးမြို့ကို သွားရောက်ဖူးသူတွေကလည်း ဘာတွေတိုးတက်ပြောင်းလဲသွားလဲဆိုတာ လေ့လာကြည့်ရှု ကုသိုလ်ယူပြီး မရောက်ဖူးသူတွေကလည်း မသိမမြင်ဖူးတာ မရှိရလေအောင် တစ်ခေါက်တစ်ခါ သွားရောက်စေဖို့ ဆိုရင်း  .  .  .။