မိုးကို ဘယ်သူတားမည်နည်း

မိုးကို ဘယ်သူတားမည်နည်း
Published 19 June 2015
တက္ကသိုလ်မိုးဝါ

သဘာဝဘေးအန္တရာယ်များအနက် လေသည် မုန်တိုင်းအဖြစ်သို့ ရောက်ရှိပါကလည်း ကြောက်စရာကောင်းသလို မီးသည်လည်း ကြောက်စရာကောင်းသည်။ (ဓမ္မသဘောအရ လောဘ၊ ဒေါသ၊ မောဟမီးတို့က ကြောက်စရာအကောင်းဆုံးဖြစ်၏)။ ရေသည် မြို့ရွာဒေသတစ်ခုလုံး လွှမ်းပြီဆိုလျှင်လည်း ကြောက်စရာအလွန်ကောင်းပြန်သည်။
 
သတင်းတစ်ပုဒ်တွင် ဂျော်ဂျီယာနိုင်ငံတွင် မိုးသည်းထန်မှုကြောင့် မြို့တော် တီဘီလီစီ၌ ရေလွှမ်း၍ ကသောင်းကနင်းဖြစ်သွားကြောင်း ဖတ်ရသည်။ မိုးသည်းထန်မှုကြောင့် မြစ်ကမ်းပါး ကျိုးပေါက်သွားခဲ့ကာ နေအိမ်ငယ်များနှင့် ကားများ ရေထဲမျောပါသွားခဲ့သည် ဆိုသည်။ 
ပို၍ကြောက်စရာကောင်းသည့် ဖြစ်စဉ်မှာ တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့၊ ရေမြင်းတို့ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်စဉ်ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန်မရှိတော့သလောက် ဖြစ်သွားသည်ဆိုသည်။ ခြင်္သေ့၊ ကျား၊ ခွေးအ၊ ကျားသစ်၊ ပင်ဂွင်း စသည်တို့အား ရှာမတွေ့သောကြောင့် လတ်တလော အသေအပျောက် စာရင်းထဲတွင် ထည့်သွင်းထားရသည်ဆိုသည်။ လွန်ခဲ့သည့် ၂၀၁၂  ခုနှစ်တွင်လည်း ဆင်းရဲသားရပ်ကွက်တွင်  ရေကြီးရေလွှမ်းခဲ့သေးသည်ဟု ဆိုသည်။
 
ပုံမှန်မဟုတ်သည့် ရာသီဥတုပြောင်းလဲမှုအား ဖြစ်စေသော အယ်လ်နီညို ရာသီဥတုသည် ယခု မြန်မာနိုင်ငံ၌ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ အယ်လ်နီညိုကြောင့် မိုးရေချိန်လျော့နည်းခြင်း၊ အပူချိန်လွန်ကဲခြင်း၊ မိုးရွာပါကသည်းထန်ပြီး ရေမြုပ်ရေလွှမ်းမှုဖြစ်စေခြင်း စသည့် အခြင်းအရာတို့ကို တွေ့ရသည်။ အယ်လ်နီညို နှင့် လာနီညာတို့မောင်နှမနှစ်ယောက်အကြောင်းကို ၁၀-၁-၂၀၁၅ နေ့ ထုတ် The Daily Eleven တွင် ရေးခဲ့သည့်အထဲတွင် ပစိဖိတ်သမုဒ္ဒရာမှ စတင်ဖြစ်ပွားတတ်သည့် ယင်းဖြစ်စဉ်သည် ၂၀၁၄ခု ဇွန်လ မှ ၂၀၁၅ ခု ဇွန်လအတွင်း ဖြစ်ပေါ်လာဦးမည်ဟု ပါရှိခဲ့သည့်အပြင် အာရှဒေသသို့လည်း မုချခြေဦးလှည့်လာမည့် ယင်း၏ သက်ရောက်မှုများအား မြန်မာနိုင်ငံအနေဖြင့် မလွဲမသွေ ထိခိုက်ခံစားရမည်ဟု ရေးသားခဲ့ပေသည်။
 
အထူးသဖြင့် အခြေခံလူတန်းစား ပြည်သူလူထုကသာလျှင် ထိုသက်ရောက်မှု ဆိုးကျိုးများအား ခံစားလာရမည်ဖြစ်သည်။
 
ယခုပင်လျှင် ကြည့်ပါ။ မိုးရွာသွန်းမှုမရှိသော ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သုံးရေသာမက သောက်ရန်ရေပင် ပြတ်လပ်နေကြောင်းဆိုသည်။ ဒေသခံများ၏ အပြောအရ အစိုးရဘက်မှ လာရောက်ကူညီခြင်းမရှိသေးဟု ဆိုသည်။ 
ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌လည်း မိုးခေါင်ရေရှားမှု ဖြစ်ပေါ်နေသည်ဟုသိရ၏။ ဤနေရာတွင် ၁၉၈၄ ခုနှစ် ဇူလိုင်လ ရှုမဝမဂ္ဂဇင်းတွင် ရေးခဲ့သော စာရေးသူ၏  “မိုးကိုဘယ်သူတားမည်နည်း” ကဗျာ၏ ရှေ့နှစ်ပိုဒ်ကို ဦးစွာဖော်ပြပြီး မိုးရွာသွန်းရန် ဆောင်ရွက်နိုင်သည့် တိမ်လွှာဖြိုခွင်းခြင်းဟု ခေါ်သောသိပ္ပံပညာတစ်ရပ်အား ရေးသားတင်ပြပါမည်။
 
အများကဆို …
မိုးကိုတောင့်တ၊ ကြောင့်ကြတမ်းမျှော်
လှမ်းခေါ်နေကြပြီ။
မိုးရွာပါလေ …..
စွေစွေသည်းသည်း၊ တိမ်မည်းဖုံးအုပ်
ဂဠုန်ရုပ်ထင်၊ ဆုပန်ဆင်ကြ
မြေပြင်ပပ်အက်၊ ရေသက်ရေငွေ့
မတွေ့ထိရှာ၊ ကြာတောင်းကြာလည်း
တိမ်လွှာဖောက်ထိုး၊ ကောင်းကင်မိုးဆီ
ဒုံးကျည် ခွင်းဖြတ်၊ ဓာတ်ပြုသဘော
လောကဓာတ်ပညာ၊ တုမနှိုင်းသာတည့် 
ရွာပါလေပြီကိုရွှေမိုး။
 
ဓာတုနည်းဖြင့် တိမ်လွှာဖြိုခွင်းကာ မိုးရွာသွန်းစေခြင်းကို ၁၉၄၆ ခုနှစ်က ပညာရှင်တစ်ဦး စတင်တွေ့ရှိခဲ့သည်ဟု မှတ်တမ်းမှတ်ရာများအရ သိရသည်။ ယင်းဖြိုခွင်းနည်းမှာ ဆီးလ်ဗားအိုင်အိုဒိုက်ဒ် (Silver Iodide)အစိုင်အခဲလေးများ ၊ သို့မဟုတ် ရေခဲခြောက် (Dry Ice) ဟုခေါ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် အခဲလေးများအား တိမ်တိုက်အစုအစည်းထဲသို့ လေယာဉ်ဖြင့်ဖြစ်စေ၊ ဒုံးကျည်ဖြင့်ဖြစ်စေ ဖြန့်ကြက်ပစ်ခတ် ထည့်သွင်းလိုက်ခြင်းဖြင့် တိမ်လွှာအစုကို ဖြိုခွင်းကာမိုးရွာချစေရန် ပြုလုပ်နည်းဖြစ်သည်။ လေယာဉ်နှင့် ဒုံးကျည်အစား မြေပြင်ပေါ်ရှိ လေယာဉ်ပစ်အမြောက်ကို အသုံးပြု၍လည်း ဆီးလ်ဗားအိုင်အိုဒိုက်ဒ်ကို ကောင်းကင်ရှိ တိမ်လွှာစုထဲသို့ ပစ်ခတ်နိုင်သေးသည်။ အသုံးပြုနိုင်သော အခြားဓာတုဒြပ်ပေါင်းများမှာ ပိုတက်စီယမ် အိုင်အိုဒိုက်ဒ် အပြင်၊ ပရိုပိန်းအရည် (ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်) တို့လည်း ပါဝင်သည်။
 
အဆိုပါ တိမ်လွှာဖြိုခွင်းခြင်းနည်းစနစ်မှာ ယခုအခါ သမားရိုးကျ သိပ္ပံပညာပညာရပ် သက်သက်မျှသာမဟုတ်တော့ဘဲ ဒေသအများအပြား၌ လိုအပ်သည့် ရေပေးဝေရေးစနစ်အတွက် အထောက်အကူပြုသော စနစ်တစ်ခုဖြစ်နေပေပြီ။ ရေပြတ်လပ်မှု ကုစားရန်အတွက် ရေတွင်းတူးရုံ၊ စက်ရေတွင်းဖန်တီးပေးလိုက်ရုံမျှဖြစ်သော ရေတိုကုထုံးသည် ရေရှည်အတွက် ခရီးပေါက်မည်မဟုတ်ပေ။ အများနည်းတူ မိုးရေအလုံအလောက် သိပ္ပံနည်းကျ ဖန်တီးပေးမှသာလျှင် ဆင်းရဲတွင်းနက်သူ ပြည်သူအများစု၏ အခက်အခဲကို ဖြေရှင်းရာရောက်မည်ဖြစ်သည်။
 
တရုတ်ပြည် ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် ၂၀၀၈ခု နွေရာသီအိုလံပစ်အားကစားပွဲတော်၌ တိမ်လွှာများအား ဆီးလ်ဗားအိုင် အိုဒိုက်ဒ်ကဲ့သို့သော ဓာတုအစိုင်အခဲလေးများဖြင့် ပစ်ခတ်ပြီး အိုလံပစ်ကွင်းနားမရောက်မီ မိုးရွာချစေခြင်းဖြင့် ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို အနှောင့်အယှက် မဖြစ်စေရန် ပြုလုပ်ခဲ့သည်။
 
အတ္တလန္တိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော ဟာရီကိန်းမုန်တိုင်းများအား “ပြုပြင်” ရန် အမေရိကန်စစ်တပ်က ၁၉၆၀ ပြည့်နှစ်တစ်ဝိုက် ကြိုးပမ်းခဲ့သေးသည် ဆိုသည်။ Storm Fury ဟု အမည်တပ်ထားသည့် ယင်းစီမံကိန်းတွင် သိပ္ပံပညာရှင်များ၏ ကျပ်တည်းစွာ ချမှတ်ထားသော စည်းမျဉ်းများကြောင့် အချို့သောဟာရီကိန်းကိုသာ ဓာတုနည်းသုံး၍ စမ်းသပ်ဖြိုခွင်းမှု ပြုလုပ်ခဲ့သည်။ ရလဒ်အားဖြင့် ယင်းစမ်းသပ်ခံ ဟာရီကိန်းမုန်တိုင်းများသည် တည်ဆောက်မှုပုံသဏ္ဌာန်အားဖြင့် ခဏတာအဖြစ်သာ အနည်းငယ်ပြောင်းလဲသွားသည်ကို တွေ့ရသည်။
 
ယင်းသို့စမ်းသပ်ခြင်းကြောင့် အဆိုပါ ဟာရီကိန်းတို့၏ ရွေ့လျားရာလမ်းကြောင်းအား တခြားလမ်းကြောင်းသို့ ရွေ့ပြောင်းသွားစေမည်ကို စိုးရိမ်နေရသေးသည် ဆိုပါသည်။
 
တစ်ကမ္ဘာလုံးတွင် ဓာတုအစိုင်အခဲလေးများဖြင့် တိမ်လွှာဖြိုခွင်းသည့်နည်းစနစ်ကို အကျယ်ပြန့်ဆုံး အသုံးပြုသောနိုင်ငံမှာ အာရှတိုက်ရှိ တရုတ်နိုင်ငံဖြစ်သည်။ မိုးခေါင်ရေရှားဒေသများအတွက် ရေရရှိရန် ယင်းသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု တရုတ်တို့က အခိုင်အမာယုံကြည်သည်။ အဆိုပါလုပ်ရပ်ကြောင့် နိုင်ငံရေးဆိုင်ရာပြဿနာတစ်ရပ်ပင် ပေါ်ပေါက်လာခဲ့သေးသည်။ ယင်းပြဿနာ မှာ ဒေသတစ်ခုက သူတို့၏ သုံးရေအား နောက်ဒေသတစ်ခုက “ခိုး” ယူသွားသည်ဟု စွပ်စွဲပြောဆိုခြင်းများပင် ရှိလာခဲ့သည် ဆိုသည်။
 
မိုးခေါင်ဒေသများအတွက် မိုးရေရရှိရေးပြုလုပ်ဆောင်ရွက်ခြင်းကိုတော့ ထားဦး။ အယ်လ်နီညိုကြောင့် ပုံမှန်မဟုတ်သည့် မိုးသက်လေနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုသည် မြို့ရွာလုံးကျွတ် ရေကြီးခြင်း၊ ရေလွှမ်း ခြင်းကိုဖြစ်စေသည်ကလည်း ရှိသေးသည်။ တစ်နေ့ကပဲ စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင်အင်းတော်မြို့နယ်အတွင်း ကျေးရွာအချို့ မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးခြင်း ဖြစ်ပွားခဲ့သည့် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။
 
မိုးနည်းသည့်နေရာကနည်းပြီး ပုံမှန်မဟုတ် မိုးအလွန်အကျွံများသည့်နေရာ ဒေသကများသဖြင့် လူသားတို့၏  သိပ္ပံပညာစွမ်းပကားဖြင့် မိုးခေါင်သည့်နေရာအတွက် ရေရရှိရန် ဆောင်ရွက်ပေးနိုင်သကဲ့သို့ ရေနစ်မြုပ်၊ ရေလွှမ်းမိုးစေမည့်ကိစ္စကိုမူ သိပ္ပံပညာက အစွမ်းအစ မရှိပြီလော။ ယင်းနှင့်ပတ်သက်၍ စာရေးသူ၏ ကဗျာနောက်ဆုံးပိုဒ်ကို ဖတ်ရှုခံစားကြည့်စေလိုပါသည်။
 
မိုးရွာပါလေ…..
မခေါ်ချေဘဲ၊ သဲကြီး မဲကြီး
မိုးသီး မိုးပေါက်၊ သွန်မှောက် ပွင့်အန်
ရေဆန် လွှမ်းငြိုး၊ တာရိုးကျိုးပျက်
ရက်များဆက်ကာ
သဘာဝတရား၊ မျက်နှာများ၍
နေ့လား ညလား၊ မခွဲခြားတတ်
ယွင်းမှားဖောက်ပြန်၊ အငြိုးရန်ကို
သိပ္ပံစွမ်းပကား၊ ဤတွင်တကားဟု
ထက်ဖျား တိမ်ဆီ၊
ဒုံးကျည်ခွင်းဖြို၊ ပစ်လွှတ်သိုပြီး
မိုးကိုဘယ်သူ တားမည်နည်း။ ။
(ရှုမ၀ မဂ္ဂဇင်း - ၁၉၈၄)
 
မုန်တိုင်းနှင့်အတူ ကျရောက်လာသော သည်းထန်စွာရွာသွန်းသည့် မိုးကို ဘယ်သူ တားပါမည်နည်း။ ရေကြီးရေလွှမ်းမိုးမှု၊ သေကျေပျက်စီးသည့် ဘေးအန္တရာယ်မှ အရေးတယူလုပ်ပြီး ဘယ်သူလာရောက် ဖေးကူပါမည်နည်း။