ဒီမိုကရေစီစိတ်ဓာတ်နဲ့ စည်းကမ်း

ဒီမိုကရေစီစိတ်ဓာတ်နဲ့ စည်းကမ်း
Published 19 June 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ဒီမိုကရေစီနဲ့ပတ်သက်ပြီး အဓိပ္ပာယ်တွေ ဖွင့်ဆိုခဲ့ကြပြီးဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်ချုပ်က အများပြည်သူတွေ ပိုင်စိုးတဲ့ အာဏာကို အုပ်ချုပ်သူလူနည်းစုကို သတ်မှတ်အချိန်ကာလအတွင်း လွှဲအပ်ပေးပြီး မိမိနိုင်ငံနဲ့ မိမိလူမျိုးအကျိုး သယ်ပိုးရွက်ဆောင်စေတာ ဖြစ်ပါတယ်။ အတိတ်ကာလမှာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အဘက်ဘက်က ယိုယွင်းလာခဲ့တဲ့ စီမံခန့်ခွဲမှုပုံစံကိုပြောင်းလဲပြီး ကောင်းမွန်တဲ့အုပ်ချုပ်စီမံခန့်ခွဲမှု၊ သန့်ရှင်းတဲ့ အစိုးရပုံစံနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်လျှောက်လှမ်းရာမှာ စိတ်ဓာတ်မှန်ကန်မှုနဲ့ စည်းကမ်းက အရေးကြီးတယ်။
 
ဒီမိုကရေစီစနစ်ကို လူတွေက ဖန်တီးပေးတာဖြစ်တယ်။ အလားတူ လူတွေလိုက်နာကြရမယ့် စည်းကမ်းတွေကိုလည်း ဆောင်ပုဒ်အမျိုးမျိုး၊ စကားညွှန်းအမျိုးမျိုးတွေ အပါအဝင်ကို လူတွေကပဲ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်သိက္ခာတွေ ကောင်းမွန်လာပြီး မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်လာစေဖို့ဖြစ်တယ်။
 
- စည်းကမ်းလိုက် နာဘေးကင်းကွာ
- စည်းကမ်းသည် လူ၏တန်ဖိုး
- စည်းကမ်းရှိမှ တိုးတက်မယ် 
အပါအဝင် များစွာရှိပါတယ်။ စည်းကမ်းဆိုတဲ့ စကားလုံးမပါပေမယ့် စည်းကမ်းလိုက်နာစေမယ့် စာတန်းတွေလည်း နေရာစုံမှာ တွေ့ရနိုင်တယ်။
 
- လမ်းပေါ်အမှိုက်မပစ်ရ
- ကွမ်းတံတွေးမထွေးရ
- မြက်ခင်းပေါ်မနင်းရ
- အမှိုက်များကို ဤနေရာတွင်မပစ်ချရ
 
စသည်ဖြင့်လည်း လူတွေကိုစည်းကမ်းရှိစေဖို့ စာတန်းတွေလည်း တွေ့ရမှာဖြစ်တယ်။ စည်းကမ်းတွေကို တစ်သဝေမတိမ်း လိုက်နာစေဖို့က လူတိုင်းမှာ စိတ်ဓာတ်ကောင်းတွေရှိ ဖို့လိုအပ်တယ်။ ဒီမိုကရေစီလမ်းကြောင်းမှန် အတိုင်းသွားမယ်ဆိုရင် လူတစ်ဦးချင်းမှာ ဒီမိုကရေစီစိတ်ဓာတ်တွေ ကိန်းအောင်းစေဖို့ လှုံ့ဆော်သိမ်းသွင်းကြရမှာဖြစ်တယ်။ အဓိက ကတော့ စာရေးသူတို့နိုင်ငံက နှစ်ပေါင်းများစွာ စစ်အာဏာရှင်ရဲ့ တစ်သွေးတစ်သံတစ်မိန့်အောက်မှာ ကြောက်စိတ်များစွာ အသိပညာမဲ့မှုများစွာ ဆင်းရဲတွင်းနစ်စေမှုများစွာ နဲ့ နေထိုင်လာခဲ့ကြရတာဖြစ်လို့ ဒီမိုကရေစီစိတ်ဓာတ်နဲ့ စည်းကမ်းကိုလိုက်နာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။
 
မကြာမီက ပြီးစီးသွားခဲ့တဲ့သင်္ကြန်မှာ အချို့နေရာတွေမှာ စတုဒိသာကျွေးမွေးတဲ့အနေနဲ့ ထမင်းဘူးတွေ ဝေပေးတယ်။ အဲဒီ ဝေပေးတဲ့ ထမင်းဘူးတွေကို အမှိုက်ပုံးတွေအထဲကို စနစ်တကျပစ်ရမယ့်အစား အလွယ်တကူပဲ လမ်းပေါ်မှာပစ်ချခဲ့တယ်။ ဘယ်လောက်များ စည်းကမ်းပျက်နေကြသလဲဆိုတာ တွေးမိတယ်။ ဖော့ဘူးခွံတွေကို စည်ပင်အမှိုက်သိမ်းသူတွေက ရှင်းလင်းကြရတယ်။ တက္ကစီယာဉ်မောင်းတစ်ဦးကလည်း ပြောဖူးတယ်။ လူတွေက စည်းကမ်းမရှိကြဘူးဗျာ။ လမ်းပေါ်မှာ ကွမ်းတံတွေးတွေ ထွေးထားတာ အနက်ရောင်ကတ္တရာလမ်းတွေပေါ်မှာ အနီကွက်တွေလွှမ်းပြီး လမ်းတွေကို အလှပျက်စီးနေအောင် လုပ်နေကြတယ်လို့ဆိုတယ်။
 
တက္ကစီယာဉ်မောင်း အတော်များများက ကွမ်းစားကြတယ်။ ပြီးရင် ကားတံခါးကို အသာဖွင့်ပြီး လမ်းပေါ်မှာ ကွမ်းတံတွေး ထွေးချလိုက်တယ်။ အနည်းအကျဉ်းသော တက္ကစီယာဉ်မောင်းတွေကတော့ ကွမ်းတော့စားတယ်သို့ပေမဲ့ ထွေးဖို့အိတ်တစ်လုံးဆောင် ထားပြီး အဲဒီအိတ်ထဲကို ထွေးချတယ်။ ဒါက စည်းကမ်းဖြစ်ပါတယ်။ 
 
လိုင်းကားစီးတဲ့ အချို့ခရီးသည်တွေ တွေ့ဖူးတယ်။ ကားစီးရင်း ပြောင်းဖူးစားလာ၊ စားလို့ကုန်သွားတဲ့ပြောင်းဖူးရိုးကို လမ်းပေါ်ကို ပစ်ချခဲ့တယ်။ စာရေးသူ နိုင်ငံခြားသားတွေကို သတိထားကြည့်မိရာမှာ သူတို့က အမှိုက်တစ်ခုခုပစ်ဖို့ရှိရင် အမှိုက်ပုံးကို ရှာတယ်။ 
အမှိုက်ပုံးတွေ့ရင် အမှိုက်ပုံးထဲကို အမှိုက်တွေ ပစ်လိုက်တယ်။ အမှိုက်ပုံးမတွေ့ရင် သူတို့ ဘောင်းဘီအိတ်ထဲ ထည့်သွားတတ်ကြပြီး အမှိုက်ပုံးတွေ့မှ အမှိုက်ပုံးအတွင်းကို လွှင့်ပစ်ခဲ့ကြတယ်။ ဒါက စည်းကမ်းလိုက်နာမှု ဖြစ်တယ်။ မကြာမီက အင်္ဂလိပ်သတင်းစာ တစ်စောင်မှာ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုရဲ့ စည်းကမ်းကို ရေးထားတာ ဖတ်လိုက်ရတယ်။ အခုတော့ စင်ကာပူဝန်ကြီးချုပ် ကွယ်လွန်ခဲ့ပါပြီ။ သို့ပေမဲ့ သူထားရစ်ခဲ့တဲ့ စည်းကမ်းကို လူတွေက လိုက်နာနေကြရစမြဲဖြစ်တယ်။ အဲဒီက စာရေးသူတို့ဆီမှာ ပီကေလို့ ခေါ်နေ ကြတဲ့ Chewing တွေ စားတာတွေ့ရင် ကြိမ်ဒဏ်ပေးတယ်။ ရောင်းတာဝယ်တာတွေ့ရင် စင်ကာပူဒေါ်လာ တစ်သိန်း ဒဏ်ရိုက်ခံရတယ်။ စာရေးသူလည်း စာရေးသူတို့နိုင်ငံမှာ ဒဏ်ငွေ၊ စည်းကမ်း တင်းကျပ်စွာ လုပ်ဆောင်တာ စည်းကမ်းကို လူတိုင်းလိုက်နာအောင် လုပ်ဆောင်ထားပြီး No One Above The Law ဆိုတဲ့ ဥပဒေအထက်မှာ မည်သူမျှမရှိစေရဆိုတဲ့ ပုံစံလုပ်ဆောင်ထားရင် မဖြစ်နိုင်ဘူးလားလို့ တွေးမိတယ်။ စာရေးသူတို့နိုင်ငံမှာ ဟွန်းမတီးရမြို့နယ်တွေ သတ်မှတ်ထားပေမယ့် ဟွန်းတွေ စည်းကမ်းမဲ့စွာ တီးနေကြတယ်။ 
လမ်းနံဘေးမှာ ကားတွေ စည်းပျက်ကမ်းပျက် ရပ်နားထားတယ်။ မြို့တွင်းနေရာတွေမှာ အနှေးယာဉ်ဆိုက်ကားတွေ မဝင်ရတဲ့ နယ်မြေသတ်မှတ်ထားပေမယ့် ဆိုက်ကားတွေ တွေ့နေရတယ်။
 
တောင်ဒဂုံ၊ မြောက်ဒဂုံတွေကနေလာတဲ့ လိုင်းကားအချို့ စည်းကမ်းပျက်ပုံရေးချင်တယ်။ စည်းကမ်းလိုက်နာစေလိုလို့ပါ။ ရွှေဂုံတိုင်ကနေ မြို့တွင်းဘက်သွားဖို့ အကွေ့နေရာက ကားမှတ်တိုင်မဟုတ်ဘဲ ရပ်ပြီး ခရီးသည်တွေ တင်တယ်။ ချတယ်။ လက်ယာဘက်လမ်းက လိုင်းကားတွေရဲ့လမ်းဖြစ်ပေမယ့် အဲဒီလိုကားတွေက လက်ဝဲဘက်ကနေ မောင်းလာပြီး မီးပွိုင့်ရောက်ခါနီးမှ လက်ယာဘက်လမ်းကို ချိုးကွေ့ဝင်ဖို့လုပ်လိုက်တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် နောက်ကားတွေ လမ်းပိတ်ကုန်တယ်။ အချို့ကားတွေဆိုရင် မီးနီတွေတောင်မှ ဖြတ်မောင်းနေကြတာ တွေ့ရတယ်။
 
နောက်စည်းကမ်းပျက်မှုတွေ့ရတာက အာဏာရှိသူအချို့လူတွေက စည်ပင်အားကစားကွင်းတွေ၊ ကန်ထရိုက်တိုက်တွေ ဆောက်ခွင့်ပေးလိုက်တဲ့အတွက် ကစားကွင်းတွေ ပျောက်သွားစေတဲ့ စည်းကမ်းမဲ့မှုတွေ ဖြစ်တယ်။ 
 
စာရေးသူဖြစ်စေလိုတာကတော့ လူတစ်ဦးချင်းက ဒီမိုကရေစီစိတ်ဓာတ်နဲ့ စည်းကမ်းကိုထိန်းသိမ်းကြဖို့ပါ။ ဒီမိုကရေစီက လူနည်းနည်းကနေ လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ကြရတာပါ။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်စေမှာ သေချာပါတယ်။ ဒါကြောင့် အတ္တစိတ်တွေကို ခဝါချပြီး ဒီမိုကရေစီစိတ်ဓာတ်နဲ့ စည်းကမ်းတွေကို တစ်သဝေမတိမ်းလိုက်နာပြီး အများအကျိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။