ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု တစ်နေ့တခြား ပို၍ဆင်းရဲလာကြောင်း ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု တစ်နေ့တခြား ပို၍ဆင်းရဲလာကြောင်း ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဝေဖန်
Published 17 June 2015
ကျော်ထင်

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု တစ်နေ့တခြား ပို၍ဆင်းရဲလာကြောင်း ဇွန် ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ပြောကြားခဲ့သည်။
ယင်းနေ့တွင် ဒေါက်တာညိုညိုသင်းက လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စုရှိ အိမ်ခြေများအား ဖယ်ရှားပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဝေဖန်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ ဒီနေ့တင်ပြမေးမြန်းသွားမယ့်ကိစ္စကတော့ ပြည်သူတွေ အတိဒုက္ခရောက်နေရတဲ့ နေထိုင်စရာကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ၂၀၁၁ အစိုးရသစ် တက်လာတဲ့နောက်ပိုင်းမှာ ပြည်သူလူထုက ပိုပိုပြီး တစ်နေ့တခြား ဆင်းရဲဒုက္ခရောက်ရှိလာပါတယ်ရှင်။ နေစရာနဲ့ပတ်သက်ပြီး ဒုက္ခရောက်တာဖြစ်ပါတယ်။ ပြည်သူလူထုဟာ စားစရာကို ဖန်တီးရှာဖွေနိုင်ပေမယ့် နေစရာအိမ်စရိတ် ကြီးမြင့်မှုဒဏ်ကိုတော့ ဘယ်လိုမှ ခံနိုင်ရည်မရှိပါဘူး”ဟု ဒေါက်တာညိုညိုသင်း က လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒါကြောင့်မို့ ကျွန်မတို့ ဆင်းရဲသားပြည်သူလူထုတွေဟာ နုန်းတင်မြေနုလို့ နေရာတွေပေါ်လာရင် ဒီနေရာတွေမှာ နေထိုင်ဖို့ မိမိတို့ဘာသာ မိမိတို့ကြံစည်ရတာ ဖြစ်ပါတယ်။ ဒါကို ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ကြုံရင်ကြုံသလို ညွှန်ကြားချက်အသီးသီး ထုတ်ပြီးတော့ ပြည်သူလူထုကို ဖိနှိပ်ပြီး အတင်းအဓမ္မ ဖယ်ရှားတာတွေကို ပြုလုပ်လျက်ရှိပါတယ်။ ရန်ကုန်တိုင်း ပြည်သူလူထုဆင်းရဲပါတယ်။ တော်တော်ကို ဆင်းရဲပါတယ်။ ကျွန်မတို့ ရန်ကုန်တိုင်းမှာ ရာခိုင်နှုန်း ၇၀ ကျော်သော ပြည်သူလူထုဟာ အတိအလင်း ဒုက္ခရောက်နေတဲ့ ပြည်သူလူထုဖြစ်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ဝေဖန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ လုပ်ဆောင်ခဲ့သော်လည်း ဝင်ငွေနည်းပြည်သူများ မတတ်နိုင်သည့်ဈေးနှုန်းများဖြစ်နေပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတခြင်းကြောင့် ဝင်ငွေနည်းမိသားစုများ ယင်းအိမ်ရာများကို လက်ဝယ်ပိုင်ခွင့်မရကြောင်း ဒေါက်တာညိုညိုသင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားသည်။
“ရန်ကုန်မြို့မှာ နေစရာထိုင်စရာ ဒုက္ခရောက်တာ ဘာအချက်အလက်မှ ကောက်စရာလိုဘူး။ အထင်အရှားကို တွေ့နေရတာပဲ။ ကျူးကျော်တွေ များလာတယ်။ ညဘက်တွေ အချို့နေရာတွေမှာ ဖြစ်သလိုအိပ်နေတာတွေ တွေ့နေရတယ်။ အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အိမ်မဝယ်နိုင်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် အငှားအိမ်ရာ ဆောက်ပေးမယ်လို့ပြောတယ်။  အဲဒါဆောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ။ အနည်းဆုံးတော့ တစ်နှစ်လောက်ကြာဦးမယ်။ အဲဒါကြောင့် ဒီ ကာလအတောအတွင်းမှာ နေစရာမရှိတဲ့သူတွေအတွက် စဉ်းစားရမှာဖြစ်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
 

Most Read

Most Recent