အားနာလျက်ပါ လူထုဆရာ

အားနာလျက်ပါ လူထုဆရာ
Published 16 June 2015
ရွှေဒါးမောင်လေးရည်

ကျွန်တော်တို့ အားလုံးသည်ပင် ခရီးသည်များသာ ဖြစ်ကြသည်မှာ ထုတ်ဖော်ကြေညာဖို့ မလိုလောက်အောင် သိရှိကြပြီး ဖြစ်ပေသည်။ အတိုင်းအတာတစ်ခုထိ ခရီးတွင်ပြီးချိန်မှာတော့ လောကကြီးထံမှ ကျွန်တော်တို့ အတန်အသင့်သော လက်ဆောင်မွန်များ လက်ခံရရှိခဲ့ကြပြီးလည်း ဖြစ်ပါသည်။ ထိုလက်ဆောင်ကောင်းများဖြင့် လက်ကျန်ခရီးအတွက် ဆောင်ဖွယ်ရှောင်ဖွယ်တို့ကို လက်နက်ကောင်းများအဖြစ် အသုံးပြုကြရပေသည်။ လူသားတစ်ယောက်အဖြစ် ရှင်သန်ရာ၌ လောကကြီးထံမှ အယူချည်းသက်သက် ဖြတ်သန်းကြမည် ဆိုပါလျှင် လောကကြီးအပေါ် တရားပါမည်လား။ စဉ်းစားသင့်ပေသည်။ အယူရှိလျှင် အပေးလည်း ရှိရမည် ဖြစ်ပါသည်။ သို့မှသာ အပေးအယူမျှစွာဖြင့် လောကကြီးသည်လည်း နေချင့်စဖွယ် ချမ်းငြိမ်းသာယာ ရှိနိုင်မည် မဟုတ်ပါလား။ သည်တော့ ကျွန်တော့ကျွန်တော်တို့ အားလုံးပင် လောကဝန်းကျင် သာယာရေးအတွက် ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းဖြင့် အကျည်းမတန်ရအောင် ဝိုင်းဝန်းပုံဖော်ကြဖို့ တာဝန်ရှိပေသည်။ တစ်ဦးချင်း တာဝန်ကျေပွန်ကြမှသာလျှင်...ဆရာဗန်းမော်ကတော့ သည်လိုပြောခဲ့ပါသည်။ လူတစ်ယောက်၏ တန်ဖိုးမှာ လောကကြီးက သူ့ပခုံးပေါ် ပစ်တင်ပေးလိုက်သည့် တာဝန် ဘယ်လောက်ကျေပွန်တယ် ဆိုတာနဲ့ တိုင်းတာရမယ်ဟု ဆိုခဲ့ပေသည်။ နောက် ကျွန်တော်တို့ လူ့ဝန်းကျင် အသိုင်းအဝိုင်း၌ လူတစ်ယောက်၏ တန်ဖိုးက ကိုယ့်အတ္တ အကျိုးတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အများအတွက် ပရအကျိုးကို ဘယ်ရွေ့ဘယ်မျှ ထမ်းပိုးနိုင်သလဲဆိုသည့် ပေတံဖြင့် တိုင်းတာခြင်းမှာ ပစ္စက္ခအခြေ၌ လက်ခံလျက်ရှိသည့် တရားတစ်ခု ဖြစ်ပါသည်။အပူရောင်နွေကာလ ရက်စွဲများ လွန်မြောက်ခဲ့ပြီးဖြစ်၍ ပုလဲမိုးပေါက်တို့ ဖြိုးမောက်ပက်ဖျန်းခဲ့ပေပြီ။ ရွက်ညွှန့်စိမ်းသစ်တို့ဖြင့်လည်း လောကတစ်ဝန်း ရှုကြည့်လေရာ မြသားကမ္ဗလာ အခင်းအကျင်းဖြင့် လင်းကျင်းသန့်စင်ခဲ့ပြီဖြစ်သည်။ သည်လိုကာလ မိုးစက်မိုးပေါက်တို့ ဖျန်းပက်စ ဇွန်လ၏ မိုးရည်စက်များနှင့်အတူ ဆရာလူထု ကျွန်တော့်ထံပါး စာပေလောကသားတို့ ဝန်းကျင်မှ နှုတ်ဆက်လက်ပြ သွားရှာခဲ့ပြီ။ ဆရာ့သက်တမ်းက ၇၂ နှစ်မျှဖြင့်သာ။ သည်မျှလောက် သက်တမ်းဖြင့် ဆုံးပါးလွင့်မျောဖို့ စောလွန်းလှသည်ဟု ဆရာအပေါ် သံယောဇဉ်အမျှင် မပြတ်ရှာသူ သူ့ကိုချစ်မက်ကြသူ၊ စာပေလောကသားအပေါင်း ရင်မှ လွမ်းမြတသ ရှိခဲ့ကြသည်။ တကယ်တမ်းကော ဆရာထွက်ခွာသွားဖို့ အချိန် ကျရောက်ခဲ့လို့လား။ဆရာ့ဘဝ၌ နေထိုင်ရှင်သန်ခွင့် အချိန်ကာလနှင့် လောကအပေါ် ပေးဆပ်ခဲ့ရသည့် အတိုင်းအဆတို့က တရားမျှတပါရဲ့လား။ ရယူခြင်းက အနည်းအပါး ပေးဆပ်ခဲ့ရသည်များက ဝန်နှင့်အား မမျှတစွာ။ ဟာမိုနီမကျစွာ တစ်ဖက်စောင်းနင်း ရှိလှသည်။ ဆရာ့ဘဝက အကျည်းတန်ရက်စွဲများ ရှည်လျားလွန်းခဲ့သည်။ တစ်ကြိမ်မက နှစ်ကြိမ်မက ကြမ်းရှလွန်းခဲ့သည်။ အကျဉ်းစံရက်များမှ လွန်မြောက်ခဲ့သည့်တိုင် တနင့်တပိုး ရရှိခဲ့သည့် ထောင်တွင်းလက်ဆောင်များက မချိမဆံ့ အမှတ်တရ။ ဝေဒနာအနာတရ အပေါင်းဖြင့် ဒုက္ခိတတစ်ဦး၏ ဘဝဖြင့် ရုန်းကန်ရှင်သန် ခဲ့ရသည်။ သို့သော်လည်း အနိုင်မခံ အရှုံးမပေးတတ်သူ တစ်ဦး၏ ရုပ်ပုံလွှာဖြင့် လောကဓံအပေါ် စိန်ခေါ်၍ ဖြတ်သန်းခဲ့သည်။ လက်တစ်ဖက် အားလျော့သွားခိုက် ကျန်ရှိသည့် လက်တစ်ဖက်ဖြင့် တော်လှန်တိုက်ပွဲ ရင်ဆိုင်ခဲ့သည်။ အားမာန်သစ်ဖြင့် ကျော်လွှား အောင်ပွဲများဖြင့် ဖြတ်ကျော်ပျံသန်းပြခဲ့သည်။ သည်သို့ဖြင့် စာပေနယ်အပေါ် လူငယ်ထုအပေါ် သင့်လျော်ရာ အခန်းကဏ္ဍမှ ဝင်ရောက်အားဖြည့်ခဲ့သည်။ အကျိုးပြုခဲ့သည်။ အားပေးအားမြှောက်ပြု၍ လူငယ်ထုအပေါ် မျှော်လင့်ချက်ထားခဲ့သူလည်း ဖြစ်ပါသည်။ လူငယ်အပေါင်းတို့အတွက် ဆရာ့လက်ဆောင် ကဗျာတစ်စကို ဝေငှလိုပါသည်။စွမ်းအားရှိသမျှ စိတ်ရှည်ရှည်နဲ့ ရှေ့ဆက်သွားခဲ့ရင် ရှေ့မှာကြုံရမယ့် စိန်ခေါ်ချက်မှန်သမျှကို ရင်ဆိုင်ဖို့စွမ်းအားတွေရမှာ ဖြစ်တယ်။ ရောက်ခဲ့တဲ့ ပန်းတိုင်ဟာ ရှေ့ဆက်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုပေပဲ။ ကြိုးစားလှမ်းတက်သူအတွက် အောင်ပွဲဆိုတာ လက်တစ်ကမ်းမှာပဲ ရှိပါတယ်လို့ လမ်းပြခဲ့သူပါ။လူထုဆရာမှာ သတင်းသမားပီသစွာပင် လူငယ်သတင်းသမားများအတွက် သူ၏ လမ်းညွှန်ချက်ဆန်ဆန် ဆောင်းပါးတစ်ပုဒ်ကို ညွှန်လိုက်ရပါသည်။ စာနယ်ဇင်းပညာ လေ့လာလိုက်စားလိုတဲ့ လူငယ်များ စာများများဖတ်ပါ။ လက်လှမ်းမီတာလည်း ဖတ်ပါ။ လက်လှမ်းမမီတာများကိုလည်း ရှာဖွေပြီး ဖတ်ပါ။ နိုင်ငံခြားက စာအုပ်တွေလည်း ဖတ်ပါ။ မြန်မာစာ စာအုပ်စာတမ်းတွေကိုလည်း ပိုပြီး များများဖတ်ပါလို့ တိုက်တွန်းနှိုးဆော် ချင်ပါတယ်။ မြန်မာလူမျိုးတွေဖတ်ဖို့ မြန်မာစာနယ်ဇင်းတွေမှာ မြန်မာစာနဲ့ ရေးသားနေကြတာ ဖြစ်တာကြောင့် မြန်မာစာကို ပိုပြီး များများဖတ်ပါလို့ တိုက်တွန်းနှိုးဆော်ရတာပါ။ပြီးတော့ ရေးတဲ့အခါများမှာ အတတ်နိုင်ဆုံး မြန်မာစကားသက်သက်နဲ့သာ ရေးဖို့လည်း အလေးဂရုပြုစေချင်တယ်။ မြန်မာစကားနဲ့ရှိပြီး ဘာသာပြန်ပြီး စကားလုံးတွေကို အင်္ဂလိပ်စာလုံးတွေ ထည့်ရေးလိုက်တော့ စာစီစာပြင် မှားသွားတဲ့အခါ ဘာမှန်းညာမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ မြန်မာကို ကမ္ဘာက သိစေဖို့ နိုင်ငံခြားက စာနယ်ဇင်းတွေမှာ အင်္ဂလိပ်လိုရေးဖို့ လိုအပ်ပါတယ်။ ဆက်၍လည်း စာရေးလိုသူတို့အတွက် စာဖတ်ရင် စဉ်းစားစရာပါရမယ်လို့ ဆိုချင်ပါတယ်။နှစ်ကာလတွေ လွန်မြောက်ပြီး ဂန္ထဝင်ဖြစ်တင် ကျန်ရစ်တဲ့ စာကြီးပေကြီးတွေကို ကြည့်လိုက်ရင် စဉ်းစားစရာ တွေးတောဆင်ခြင်စရာတစ်ခုခု ချန်ထားရစ်နိုင်တဲ့ စာပေမျိုးတွေ ဖြစ်တယ်ဆိုတာ တွေ့နိုင်တယ်။ ရှိတ်စပီးယားရဲ့ ဟင်းမလက်ပြဇာတ်ကိုဖတ်ပြီး ရှိတ်စပီးယားက ဘာပြောချင်တာလဲဆိုတာ မတွေးတော့ဘဲ ဘယ်သူမှ မနေနိုင်ကြဘူး။ မိုနာလီဇာ ပန်းချီကားကြီးကိုကြည့်ပြီး မိုနာလီဇာရဲ့အပြုံးက ဘာအဓိပ္ပာယ်ဆောင်သလဲဆိုတာ ဒီနေ့ထိတွေးလို့ မဆုံးနိုင်ကြသေးပါဘူး။ အလားတူပဲ တေမိဇာတ်တော်ကြီးကို ဖတ်ပြီး အလောင်းတော် တေမိမင်းသားရဲ့ စကားမပြောဘဲ အ,ချင်ယောင်ဆောင်နေပုံကို တွေးဆဆင်ခြင် ကြည့်နေကြရဆဲ ဖြစ်တယ်။ ဦးပုညတို့၊ ဦးကြင်ဥတို့ရဲ့ဇာတ်တွင် ရည်ရွယ်ချက်ကို မဆုံးနိုင်အောင် တွေးတောနေကြရဆဲပဲ ဖြစ်တယ်။ ကျွန်တော်တို့တစ်တွေ စာရေးတဲ့ အခါမှာလည်း ရေးလိုက်တဲ့စာဟာ ပြောစရာတစ်ခုခု ရှိလို့သာ ရေးတဲ့စာမျိုးဖြစ်ဖို့ သတိပြုရပါမယ်။ အဲဒီပြောစရာ အကြောင်းအရာကလည်း နားထောင်သူ ဖတ်သူအဖို့ လေးလေးနက်နက် တွေးစရာ ဆင်ခြင်စရာ ဒါမှမဟုတ် ငြင်းခုံစရာ အကြောင်းအရာဖြစ်ဖို့ လိုအပ်ကြောင်း ပြောပြချင်ပါတယ်လို့ ဆိုပါသည်။ ဒါတွေကို ဖတ်ရှုရခြင်းဖြင့် ဆရာ့စေတနာ အနက်အရှိုင်းကို တိုင်းတာကြည့်နိုင်မည် ထင်ပါသည်။ခပ်စောစောပိုင်းဆီကပင် ဆရာ့သဘောထားက စာနယ်ဇင်းတွေ လုံးဝအနှောင်အဖွဲ့ ကင်းစေချင်သူဆိုတာ ကျွန်တော်တို့ သဘောပေါက်ပြီး ဖြစ်ပါသည်။ ဆရာ၏ ရင်တွင်းစကားများကို ကျွန်တော်တို့ နားဆင်ခဲ့ပြီး ဖြစ်လို့ပါ။ စာနယ်ဇင်းဆိုတာ လုံးဝအမှီအခို ကင်းရပါတယ်။ နှောင်ကြိုးနည်းနည်းကလေးမှကို အတည်းခံလို့ မဖြစ်ပါဘူး။ နှောင်ကြိုးနဲ့ အမှီအခိုရှိနေရင် ရပ်တည်ချက်က ကယိမ်းကယိုင်နဲ့ တိမ်းစောင်းနိုင်တယ်။ ယိမ်းလိုက်တာနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတော့ဘူး။ စာနယ်ဇင်းသမား အာပတ်သင့်သွားပြီ။ စာနယ်ဇင်းသမားကြည့်ရမယ့် မျက်နှာတစ်ခုပဲ ရှိတယ်။ အဲဒါက စာဖတ်သူ ပြည်သူလူထုကြီးရဲ့ မျက်နှာဖြစ်တယ်။ စာနယ်ဇင်းလောကသားတွေ ဖက်ပွေ့နေရတဲ့ လက်ရှိအနေအထားလေးကို ပြောပြလိုပါတယ်။ အာဏာပိုင်များကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိနေပြီလို့ ပြောနေကြတာပါ။ဒါပေမဲ့ စာနယ်ဇင်းသမားအ များစုကို တပ်ချင်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲကြ၊ ထောင်သွင်းအကျဉ်းစံဘဝဆီ တွန်းပို့ကြနဲ့ အပြောနဲ့ အလုပ်တွေက တခြားစီပဲ။ တချို့ သတင်းသမားတွေဆို မတရားအသတ်ခံရတဲ့အထိ ပြုချင်တိုင်းပြုနေကြတာ။ ဆရာသာ ရှိနေဦးမယ်ဆိုရင် ဒီလိုမတရားမှုမျိုးကို လက်ပိုက်ကြည့်နေလိမ့်မယ် မဟုတ်ဘူးဆိုတာ ယုံကြည်လျက်ပါ ဆရာ။ ကျွန်တော်တို့ ရှေ့နားက ရပ်တည်ပြီး အဖိနှိပ်ခံ စာနယ်ဇင်းသမားများအတွက် တိုက်ပွဲဝင်လိမ့်ဦးမယ်ဆိုတာ တွက်ဆမိလို့ပါပဲ။ ကျွန်တော်တို့တွေကလည်း စာနယ်ဇင်းသမားပီပီ စာဖတ်သူတွေကို မေ့လျော့မထားတတ်သူ၊ ပစ်ပယ်မထားရက်သူတွေမို့ အုပ်ချုပ်သူများနဲ့ ကျွန်တော်တို့ အနေအထားက ခေါင်းနဲ့ပန်းလို ကိုယ်ကအဖြူ  သူကအမည်းချည်း ဖြစ်နေရတာ မဆန်းပါဘူးလို့ပဲ ဆိုရမှာပါ။အရင်ကာလများကတည်းက ထောင်းလမောင်းထလောက် အောင်ပြုခဲ့ကြတဲ့ မြေသိမ်းယာသိမ်း ကိစ္စတွေက ဒီနေ့ထိကိုပဲ အရှိန်မသေဘဲ ရှိနေတဲ့ မီးတောက်မီးလျှံများသဖွယ် ဆင်းရဲသား လယ်သမားတွေကို လောင်မြိုက်ဆဲ နှိပ်ကွပ်ဆဲပဲလေ။ မတရားအမှုတွေဆင် အကျဉ်းခံဘဝတွေဆီ တွန်းပို့ကြနဲ့ ဆင်းရဲတွင်း နက်နေကြရပုံများက ကျွန်တော်တို့ အသည်းနှလုံးတွေပေါ် သံရည်ပူတွေနဲ့ သွန်းလောင်းချနေသလို ခံစားနေကြတာပါ။ တာဝန်မဲ့သူများရဲ့ နိုင်ငံ့သယံဇာတတွေအပေါ် မတရားပြုမှုတွေနဲ့ ကိုယ်ကျိုးရှာနေပုံများ ကိုယ့်ရေကိုယ်မြေပေါ် ကျူးကျော်စော်ကားပြီး နိုင်ငံသားများအပေါ် ခေါင်းပုံဖြတ် အညွန့်ခူးပြီး အဆီအနှစ်တွေ မျိုဝါးနေသူတွေကို ‘ကျွန်တော်တို့အပေါ် ကျေးဇူးတွေရှိတယ်’ ဆိုသူတွေနဲ့ အကျည်းတန်ပုံရိပ်တွေ ဆရာမမြင်ရတာ ကံကောင်းခြင်းတစ်ခုလို့ ဆိုရမှာပါ ဆရာ...ထားလိုက်ပါတော့။ဆရာ့ဆန္ဒက ကိုယ့်နိုင်ငံကို ဒီမိုကရေစီ အပြည့်အဝနဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါင်းနဲ့ လင်းကျင်းနေတဲ့ မြင်ကွင်းများကို ရှုမြင်လိုသူ တစ်ဦးဆိုတာ ဆရာကိုယ်တိုင်ပဲ ဖွင့်ဟခဲ့တာလေ။ ကျွန်တော်တို့ရှေ့က ပုဂ္ဂိုလ်များပြောဆို ခိုင်းနှိုင်းခဲ့ကြသလိုပဲ...ဒီမိုးဒီလေ ဒီလူတွေနဲ့ ဒီကနေ့ထက်တိုင် ဆရာရှုမြင်လိုတဲ့ နိုင်ငံ့ပုံရိပ်တွေက စံနှုန်းပြည့် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ ဖြစ်မလာသေးဘူးလို့ပဲ အားနာနာနဲ့ မက်ဆေ့ချ်ပို့လိုက်ရပါတယ်။