မှတစ်ပါး အခြားမရှိလေပြီ

မှတစ်ပါး အခြားမရှိလေပြီ
Published 15 June 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဓမ္မစကြာတရားဦးမှာ “အပ္ပိ ယေဟိ သမ္ပယောဂေါ ဒုက္ခော - ချစ်ဖို့ မကောင်းတဲ့ သက်ရှိသက်မဲ့တွေနဲ့ အတူယှဉ်တွဲ ပေါင်းသင်းနေထိုင်ရခြင်းဟာ ဒုက္ခသစ္စာတစ်ပါးပါပဲ” လို့ ဘုရားမိန့်ခဲ့တယ်။ မိမိတို့ မြန်မာပြည်သူတွေ နိုင်ငံရေးသို့မဟုတ် လူမှုရေး အရ ကြည့်တဲ့အခါ အဲဒီဒုက္ခကြီးကို ခံစားခဲ့ရတာဟာ နှစ်ပေါင်းငါးဆယ် ကျော်ခဲ့ပါပြီ။ ထိုနှစ်များအတွင်း ချစ်ဖို့ကောင်းတဲ့ ခေါင်းဆောင်နဲ့လည်း အတူယှဉ်တွဲ မနေထိုင်ခဲ့ရပါဘူး။ ချစ်ဖို့ကောင်းတဲ့ အစိုးရတွေနဲ့လည်း အတူယှဉ်တွဲ မနေထိုင်ခဲ့ရပါဘူး။
ဘုရားက မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးမှာ “အသေဝနာစဗာလာနံ- ဗာလနဲ့ မပေါင်းတာမင်္ဂလာ၊ ပဏ္ဍိတာနဉ္စသေဝနာ- ပဏ္ဍိတနဲ့ပေါင်းတာ မင်္ဂလာ” လို့  ဟောကြားခဲ့ပေမယ့် ထိုနှစ်များအတွင်း မိမိတို့ ပေါင်းသင်းခဲ့ရတဲ့ နိုင်ငံခေါင်းဆောင်၊ နိုင်ငံတော် အစိုးရအမည်ခံသူတွေဟာ နိုင်ငံနဲ့ နိုင်ငံသားတို့အတွက် မင်္ဂလာမရှိခဲ့ကြဘူးလို့ ပြည်သူတွေနားလည် ခံစားခဲ့ကြရပါတယ်။
သောတာပန်ဖြစ်ကြောင်း အင်္ဂါ လေးပါးမှာ “သပ္ပုရိသသံသေဝေါ- သူတော်ကောင်းနဲ့ ပေါင်းရမယ်” ဆိုတဲ့ အချက်ပါသလို လောကီကြီးပွား ချမ်းသာကြောင်း တရားလေးပါး ဟောကြားရာမှာလည်း “သပ္ပုရိသူ ပနိဿယော- သူတော်ကောင်းကို မှီရမယ်” လို့ ဘုရားမိန့်ခဲ့ပါတယ်။ ထိုနှစ်များအတွင်း မိမိတို့နိုင်ငံသားတွေ အမှီပြုခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်နဲ့ နိုင်ငံတော်အစိုးရဆိုတဲ့ သူတွေဟာ သပ္ပုရိသတွေ ဟုတ်ဟန်မတူကြပါဘူး။
လောကမှာ မှီရာဟာ အရေးကြီးပါတယ်။ ဒါကြောင့် ဘုရားက ပဋ္ဌာန်းပါဠိတော်မှာ “ပုဂ္ဂလောပိဥပနိ ဿယပစ္စယေနပစ္စယော-မှီရာပုဂ္ဂိုလ်ဟာ အားကြီးသောမှီရာနဲ့  ကျေးဇူးပြုနိုင်တယ်” လို့ ဟောခဲ့တာပါ။ နိုင်ငံသားတို့ရဲ့ မှီရာဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်နဲ့ နိုင်ငံတော်အစိုးရက သပ္ပုရိသဖြစ်ပါမှ နိုင်ငံနဲ့ နိုင်ငံသားတွေက ကြီးပွားချမ်းသာ ကြမှာပါ။
နိုင်ငံကို ဦးဆောင်နေသူတွေက ပဏ္ဍိတဖြစ်ပါမှ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် မင်္ဂလာရှိမှာပါ။ နိုင်ငံကို ဦးဆောင်သူတွေက ဗာလတွေဖြစ်နေခဲ့ရင် နိုင်ငံအတွက်လည်း အမင်္ဂလာပါပဲ။ နိုင်ငံသားတေ ွအတွက်လည်း အမင်္ဂလာပါပဲ။ ဗျဂ္ဃပဇ္ဇအမျိုးသားတွေကို လောကီကြီးပွားကြောင်း တရားလေးပါး ဟောကြားရာမှာ အပေါင်းအသင်း အမှီအနေနဲ့ ကလျာဏမိတ္တ- မိတ်ကောင်းရှိရမယ်ဆိုတဲ့ တစ်ချက်ပါပါတယ်။ ဒီကလျာဏမိတ္တနဲ့စပ်လို့ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်က ကလျာဏမိတ္တသုတ်တော်ကို တင်ပြချင်ပါတယ်။ တစ်ခါက ကောသလမင်းကြီးက စဉ်းစားတယ်။ “သွာက္ခာတော ဘဂဝတာ ဓမ္မော- ဘုရားရှင်သည် တရားတော်ကို ကောင်းစွာဟောကြားအပ်ပြီ၊ ထိုကောင်းစွာ ဟောကြားအပ်တဲ့ တရားတော်ဟာ  ကလျာဏမိတ္တ-မိတ်ကောင်းရှိသူ တွေအတွက်လား၊ ပါပမိတ္တ-မိတ်ဆိုး မိတ်ညံ့ရှိသူတွေ အတွက်လား”။ အဲဒီအကြောင်းကို ဘုရားသွားလျှောက်တော့ ဘုရားက “ငါဘုရား ကောင်းစွာဟောကြားအပ်တဲ့ တရားတော်ဟာ မိတ်ကောင်းရှိသူတွေ အတွက်သာ ဖြစ်တယ်။ မိတ်ဆိုးရှိသူတွေအတွက် မဟုတ်ဘူး” လို့ မိန့်တော်မူပါတယ်။
ဒီအချက်က နက်နဲပါတယ်၊ အထူး စဉ်းစားဖွယ်ရာပါ။ လူဆိုတာ ထက်အောက်ဝန်းကျင်က လူတွေနဲ့ အတူယှဉ်တွဲ ပေါင်းသင်းနေထိုင် ကြရပါတယ်။ ဒါတွေအားလုံးဟာ မိတ္တသဟာယ- မိတ်သဟာ မိတ်ဆွေတွေပါပဲ။ အဲဒီမိတ်ဆွေတွေဟာ ကလျာဏမိတ္တ-မိတ်ကောင်းဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဘုရားမိန့်တာက သူဟောထားတဲ့ တရားတော်တွေဟာ မိတ်ကောင်းရှိသူအတွက်သာ သွာက္ခာတော ဖြစ်ပါသတဲ့။ ဒါဆိုရင် မိတ်ဆိုး မိတ်ညံ့ရှိသူတွေ အတွက်ကတော့ ဘုရားတရားတော်ဟာ လူမိုက် တိရစ္ဆာန် နိဗ္ဗာန်စကား လွန်နားခါး၏ ဆိုသလိုနေမှာပါပဲ။
ဘုရားက အရှင်အာန္ဒာနဲ့ ပြောဖြစ်ခဲ့တဲ့အကြောင်းလေးကို ကောသလမင်းကြီးအား ပြန်ပြောပြပါတယ်။ တစ်ခါက အရှင်အာနန္ဒာဟာ ဘုရားကို လျှောက်တယ် “အရှင်ဘုရား ... မြတ်သောအကျင့်ကို ကျင့်သူအတွက် မိတ်ကောင်းများရှိခဲ့ရင် ကိစ္စတစ်ဝက်တော့ ပြီးတာပါပဲဘုရား” တဲ့။ ထိုအခါ ဘုရားရှင်က “အာနန္ဒာ... အဲဒီလို မပြောနဲ့၊ မြတ်သောအကျင့်ကို ကျင့်သူအတွက် မိတ်ကောင်းရှိခဲ့ရင် ကိစ္စတစ်ဝက်မဟုတ်ဘူး၊ ကိစ္စအားလုံး ပြီးနိုင်တယ်” လို့ မိန့်တော်မူတယ်။
ကဲ... ကလျာဏမိတ္တ-မိတ်ကောင်းရှိရင် မိမိတို့ကိစ္စအားလုံး ပြီးပြည့်စုံနိုင်ပါသတဲ့။ ကလျာဏမိတ္တ - မိတ်ကောင်းဆိုတာ အဲဒီလောက် အရေးပါပါတယ်။ အဲဒီလောက် အရေးကြီးပါတယ်။ မိမိတို့မှာ ကလျာဏမိတ္တ မရှိခဲ့တာ နှစ်ပေါင်းငါးဆယ် ကျော်ခဲ့ပါပြီ။
ယခု ကလျာဏမိတ္တဖြစ်နိုင်သူ ရှိနေပါတယ်။ ဒါပေမဲ့ ကလျာဏမိတ္တ ကျန်စစ်မင်းအပေါ် အမြင်မှောက်တဲ့ စောလူးမင်း လက်သစ်တွေ ကလည်း တစ်ဖက်မှာ ရှိနေပါတယ်။
ပုထုဇဉ်ဆိုတာ ဝိနိပါတဓမ္မော- ဖောက်လှဲဖောက်ပြန် ဖြစ်တတ်တဲ့ သဘောရှိတာမို့ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဝါဒတစ်ခုခု ထူထောင်တဲ့သူရှိရင်  နောက်လိုက် နောက်ပါဆိုတာ ရှိစမြဲပါပဲ။ ကောလိတနဲ့ ဥပတိဿတို့ ဗုဒ္ဓဟူသော ကလျာဏမိတ္တနဲ့ တွေ့ရလို့ သူတို့မူလဆရာ သိဉ္ဇည်းဆရာကြီးကို သွားခေါ်ကြတဲ့အခါ သိဉ္ဇည်းဆရာကြီးက ဘာပြောလဲဆိုတော့ လောကမှာ ဗာလနဲ့ပဏ္ဍိတ ဘယ်ဟာကများလဲတဲ့။ ဗာလက များပါတယ် ဖြေတော့ ဒါဆိုရင် ဗာလဖြစ်တဲ့သူတွေ ငါ့ဆီလာလိမ့်မယ်။ ပဏ္ဍိတဖြစ်တဲ့သူတွေ ဂေါတမဗုဒ္ဓဆီ သွားလိမ့်မယ်လို့ ပြောလိုက်တယ်။ ဒါကလည်း မှတ်သားစရာပါပဲ။ ဘာပဲဖြစ်ဖြစ် စောလူးမင်းလက်သစ်နဲ့ နောက်လိုက် နောက်ပါတွေကိုတော့ ကျန်စစ်မင်းက စောလူးမင်းကို ပြောသလို မင်းဆိုးမင်းညစ်တွေရဲ့ လက်ထဲမှာ ခွေးသေဝက်သေ သေရစ်ကြတော့လို့ ပြောရမလိုပါပဲ။
ဘုရားက ကောသလမင်းကြီးကို ဆက်မိန့်တယ်။ “မိတ်ကောင်းရှိတဲ့သူဟာ အပ္ပမာဒ- ကုသိုလ်တရားတွေကို မမေ့မလျော့ နေထိုင်ခြင်း အကျင့်တရားကို ကျင့်သုံးတယ်။ အဲဒီလိုခေါင်းဆောင်က အပ္ပမာဒတရားကို ကျင့်ရင်း နောက်လိုက်နောက်ပါ အားလုံး အပ္ပမာဒတရား ကျင့်ကြပါလိမ့်မယ်” တဲ့။
ဒီနေရာမှာ ကလျာဏမိတ္တ- မိတ်ကောင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ဥဒါနအဋ္ဌကထာမှာလာတဲ့ အတိုင်းပြောပါ့မယ်။ ကလျာဏမိတ္တဆိုတာ အကြောင်းတရားနဲ့ အကျိုးတရား အပေါ်ကိုသာ နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်ရမယ်။ သီလနဲ့ ပြည့်စုံသူ၊ ကိုယ်ကျင့်တရား ဖြူစင်သူဖြစ်ရမယ်။ ဗဟုသုတကြွယ်ဝလို့ နှံ့စပ်သိမြင်သူ၊ အမြင်ကျယ်သူ ဖြစ်ရမယ်။
စွန့်လွှတ်နိုင်သူ၊ ကိုယ်ကျိုးစွန့်နိုင်သူ၊ သဘောထားကြီးသူ ဖြစ်ရမယ်။ ကောင်းတဲ့အလုပ်ကို တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်သူ ဖြစ်ရမယ်။ သတိကြီးသူဖြစ်ရမယ်။ သမာဓိအားကောင်းသူ၊ တည်ကြည်ဖြောင့်မတ်သူ ဖြစ်ရမယ်။ ဉာဏ်ပညာနဲ့ ပြည့်စုံသူ၊ အမြော်အမြင်ကြီးသူ ဖြစ်ရမယ်။
နောက် အဋ္ဌကထာ တော်တော်များများမှာ လာတဲ့ဂါထာအရ ဆိုရင်တော့ ကလျာဏမိတ္တဆိုတာ ချစ်ဖို့ကောင်းသူဖြစ်ရမယ်၊ လေးစားဖို့ ကောင်းသူဖြစ်ရမယ်၊ စိတ်နှလုံးကို တိုးပွားစေသူ၊ ချစ်ခြင်းမေတ္တာကို တိုးပွားစေသူ၊ စိတ်ထားမြင့်မြတ်သူ ဖြစ်ရမယ်။ ပြောစရာရှိက ဓမ္မလမ်းကြောင်းအတိုင်း ပြောတတ်သူဖြစ်ရမယ်။ အပြောအဆို အဝေဖန်ခံနိုင်သူဖြစ်ရမယ်။ နက်နဲသူ၊ နက်နဲတဲ့ စကားမျိုးကို ပြောတတ်သူဖြစ်ရမယ်။ မဟုတ်မမှန်တဲ့ ကိစ္စကို မတိုက်တွန်းတတ်သူ၊ ဟုတ်မှန်တဲ့ကိစ္စကို တိုက်တွန်းသူဖြစ်ရမယ်။ အခုဆိုခဲ့တဲ့ အချက်အလက်တွေနဲ့ အနီးစပ်ဆုံးသူဟာ ဘယ်သူများဖြစ်နိုင်မလဲ။ အမြင်မှန်သူ၊ အမှန်မြင်သူ၊ တည်ကြည်သူ တွေအတွက် အဖြေရှိပါတယ်။
ဘုရားဟောကြား ကလျာဏ မိတ္တသုတ္တန် တရားတော်များအရ မိမိတို့ဟာ မိမိတို့ ဘဝခရီးလမ်းအတွက် ကလျာဏမိတ္တကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့၊ ကလျာဏမိတ္တရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီအတွက် သမ္မာဒိဋ္ဌိ- အမြင်မှန်ဖို့၊ အသိမှန်ဖို့ လိုအပ်ပါတယ်။ သိမှ သိ၊ မသိကို သိမယ်၊ မသိလျှင် သိ၊ မသိကို မသိနိုင်ဘူး။ ဗဟုသုတကြွယ်၀ နှံ့နှံ့စပ်စပ် သိထားမှ၊ စစ်မှန်သော အသိတရားရှိမှ အမှန်တရားကို မျက်မှောက်ပြုနိုင်ပါတယ်။
ဒီနေ့လို သတင်းခေတ်ကြီးထဲမှာ အရာရာကို နှံ့စပ်သိမြင်ဖို့ လိုလားပါတယ်။ ဒီအတွက် မျက်စိကြီး၊ နားကြီးဖို့ လိုပါတယ်။ နေ့စဉ် ပုဂ္ဂလိက သတင်းစာ တစ်စောင်လောက်၊ အနည်းဆုံး ဂျာနယ်တစ်စောင်လောက်တော့ ဖတ်ဖို့လိုပါတယ်။ ဒါမှကလျာဏမိတ္တ အစစ်ကို ခွဲခြမ်းဝေဖန်နိုင်စွမ်း၊ မှန်မှန်ကန်ကန် ရှာဖွေနိုင်စွမ်း ရှိပါလိမ့်မယ်။
ကလျာဏ မိတ္တတွေ့၍၊ ကလျာဏမိတ္တရ၍ အစစအရာရာ အဆင်ပြေကြပါစေ။