တစ်သီးသာသီးသော အပင်

တစ်သီးသာသီးသော အပင်
Published 15 June 2015
ဒေါက်တာခင်မောင်ညို

(၁)
“တစ်သီးသာသီးတဲ့ အပင်ဆိုတာ ရှိတယ် ဆရာညိုရဲ့”ကိုဘသစ် ဒီလိုပြောတော့ တစ်ခုခုတော့ တစ်ခုခုပဲဟု ကျွန်တော် ရိပ်မိပါသည်။ထို့ကြောင့် ခေါင်းညိတ်၍သာ နားထောင်နေမိပါသည်။“တစ်သီးသာ သီးသော အပင်ကို တစ်ခါသီးပြီးပေမယ့် ရေလောင်းပေါင်းသင် မြေသြဇာထည့်ပြီး မျှော်လင့်နေတဲ့သူတွေ ရှိတတ်တယ်”“ဘယ်လိုမျိုးလဲ”“ကျွန်တော့်မိတ်ဆွေ တစ်ယောက် ရှိတယ်။ သူက ရုက္ခဗေဒ ပညာရှင်ပဲ။ ဒါပေမဲ့ သူဟာ ပညာတွေ အများကြီး သင်ပြီးတဲ့နောက် ကကြီး ခကွေးကို မေ့သွားသလိုမျိုး ဖြစ်သွားတယ်”“ဟုတ်၊ ကျွန်တော်တို့လည်း ဋသန်လျင်းချိတ်တို့ ဌဝမ်းဘဲတို့ကို မေ့သွားကြတာပဲ”“မှန်တာပေါ့။ သူ့မှာ ခြံလေးတစ်ခြံ ရှိတယ်။ အဲဒီခြံမှာ ငှက်ပျောပင်တွေ ရှိတယ်။ ဒါပေမဲ့ ငှက်ပျောပင် တစ်ပင်တည်းကို နေ့စဉ် ဂရုတစိုက် ရေလောင်းတယ်။ မြေသြဇာတွေ ထည့်တယ်”“မျိုးကောင်းလို့ ဖြစ်မှာပေါ့”“ဟုတ်တယ်။ ကျွန်တော် သူ့ခြံကို ရောက်ရင် မေးတယ်”“ဘယ့်နှယ့်လဲ ကိုဝင်းသိန်း၊ ခင်ဗျားငှက်ပျောတွေ မသီးသေးဘူးလား” ပေါ့။ သူက “ဟင့်အင်း၊ မသီးသေးဘူး” လို့ ဖြေတယ်။ ဒါနဲ့ ကျွန်တော်သူ့ကို ပြောတာပေါ့။ “ခင်ဗျားလည်း ဒီအပင်ကို ဂရုအရမ်းစိုက်တာပဲ” ဆိုတော့ သူက “ဂရုစိုက်ရမှာပေါ့ဗျာ၊ ဒီအပင်ကရတဲ့ အရင်တစ်ခိုင်တုန်းက အသီးတွေ အရမ်းအောင်တယ်တဲ့”“ဟာဗျာ”ကျွန်တော် အတော် အံ့သြသွားပါသည်။ သူက ထိုအပင်ကို ရေလောင်းပေါင်းသင်ပေးလျှင် နောက်တစ်ကြိမ် သီးလာမည်ဟု ထင်နေဟန် တူသည်။ ငှက်ပျောပင်သည် တစ်ကြိမ်သာ သီးသည်။ ကိုဘသစ်က ပြုံးနေလေသည်။“ဒါ တကယ့်အဖြစ်အပျက်လား”“တကယ်ပါဗျာ၊ ဒီနေရာမှ ကျွန်တော်အတော်လေး စဉ်းစားစရာတွေ ပေါ်လာတယ်။ ငှက်ပျောပင်လိုမျိုးတွေ ရှိတယ်။ ပေတစ်သီး ကျီးတစ်သားဆိုတာ ကြားဖူးတယ် မဟုတ်လား”“ပေပင်တွေဟာ သူ့သက်တမ်းမှာ တစ်သီးပဲ သီးတယ်။ ကျီးတွေဟာ သူတို့သက်တမ်းမှာ တစ်သားပဲ မွေးတယ် ဆိုတာမျိုးပေါ့”“အင်း ကျီးကန်းတွေ တစ်သားသာ မွေးမမွေး မသေချာဘူး။ ဒါပေမဲ့ ပေပင်ကတော့ တစ်ကြိမ်ပဲ သီးတယ်။ သီးပြီးတဲ့နောက် သေတယ်။ ငှက်ပျောပင်ကတော့ အသီးသီးပြီးနောက် မခုတ်မချင်း ရှင်သန်နေတယ်”          
(၂)“ခင်ဗျားက ဘာလို့ ဒီအကြောင်း ပြောနေတာလဲ” ကျွန်တော် ကိုဘသစ်ကို မေးတော့ သူသည် လဘက်ရည်ကို တစ်ငုံချင်းသောက်ကာ ပြုံးစိစိနှင့် ကျွန်တော့်ကို ကြည့်နေသည်။“ခင်ဗျား မဆလ လက်ထက်ကို မီတယ် မဟုတ်လား”“ခင်ဗျားနဲ့ ကျွန်တော် အသက် ဘာကွာလို့လဲ ကိုဘသစ်ရာ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ ကြီးပြင်းခဲ့တာပဲ မဟုတ်လား”“ဝန်ထမ်းတွေက ပါတီဝင်တွေ ဖြစ်ကြရတယ်။ မဝင်ရင် ရာထူး မတိုးဘူး”“ဒါက အစိုးရလုပ်တာပဲ မဟုတ်လား”“ဟုတ်ပါတယ်။ အစိုးရက ဝန်ထမ်းတွေကို သူ့ရဲ့ လက်အောက်ခံ ငယ်သားလို့ သဘောထားတယ်။ အင်္ဂလိပ်လို Subject တွေလို့ ခေါ်တယ်”“ဒါကတော့ ဆိုးတာပဲ၊ Subject ဆိုတာ ကိုလိုနီပြုထားတဲ့ နေရာတွေမှာ သုံးတာ။ ဥပမာ ၁၉၉၇ ခုနှစ် ဇွန်လအထိ ဟောင်ကောင်ဟာ ဗြိတိသျှ ကိုလိုနီ ဖြစ်နေတယ်။ သူ့ကို British Subject လို့ ခေါ်တယ်၊ တစ်နည်းအားဖြင့် အခိုင်းခံဘဝလို့ ဆိုနိုင်တယ်”“ရှင်းရှင်းပြောရင် ကျွန်ပေါ့၊ တကယ်တော့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုမှာ အားလုံးတစ်ပြေးညီ ဖြစ်သင့်တယ်။ အစိုးရကော၊ အရာရှိတွေရော၊ လက်အောက်အမှုထမ်းတွေရော ဘယ်သူမှ ကျွန် မဟုတ်ဘူး”“ထားပါတော့ ကျုပ်က တစ်သီးစား၊ နှစ်သီးစား၊ သုံးသီးစားတွေအကြောင်း ပြောချင်လို့”“ဒါလည်း ကောင်းတာပါပဲ”“လိုရင်းကို ပြောရရင် လူတစ်ယောက်ဟာ အလုပ်တစ်ခု လုပ်တယ်၊ ပင်စင်တစ်ခုပဲ ရတယ်။ ဒါကို တစ်သီးစားလို့ ခေါ်တယ်”“ဒါက ထုံးစံပဲလေ”“ဒါပေမဲ့၊ ဒီလူဟာ ပါတီတာဝန် ထမ်းတယ်ဆိုရင် ပါတီက ပင်စင်ရတယ်၊ နှစ်သီးစားပေါ့”“ဟုတ်ပါတယ်”“အဲဒီခေတ်က စစ်ဗိုလ်တစ်ယောက်ဟာ စစ်တပ်က ပင်စင်ရတယ်။ ပြီးတော့ ပါတီက ရာထူးတစ်ခုရပြီး ပင်စင်ယူလို့ ရတယ်။ ပြီးတော့ တရားသူကြီးလို ရာထူးကို ယူပြီးနောက် ပင်စင်ယူလို့ ရတယ်။ ဒါကို သုံးသီးစားလို့ ခေါ်တယ်”“ဒါလည်း မှန်တာပဲ” 
(၃)“တကယ်တော့ မမှန်ဘူး။ တစ်သီးစား ဆိုတာ အပင်စိုက်တဲ့သူက စားရတာ”“စိုက်တဲ့လူက စားတာပေါ့”“ဟုတ်တယ်လေ။ ဝန်ထမ်းတွေ အစိုးရမင်းတွေဟာ ပြည်သူတွေအတွက် အလုပ်အကျွေး ပြုတယ်။ သူတို့က ပြည်သူအတွက် ဖြစ်တာပဲပေါ့”“အင်း၊ ဒါလည်း မှန်တာပဲ။ တစ်သီးစား နှစ်သီးစား သုံးသီးစားဆိုပြီး သူတို့ချည်း စားသွားတယ်၊ ပြည်သူတွေ မစားရဘူး”“ပထမ တစ်သီးကိုတော့ ပြည်သူတွေ စားရပါတယ်။ ဒါပေမဲ့ တကယ်ပဲ အသီးရော သီးရဲ့လားလို့ ကျွန်တော် စဉ်းစားနေတာ”“ဘယ်လိုမျိုးလဲ”“စောစော ကျွန်တော်ပြောတဲ့ ငှက်ပျောပင်လိုပေါ့၊ သူ့သဘာဝက တစ်သီးပဲ သီးတယ်။ ဒီတစ်သီး ပြီးသွားရင် နောက်ထပ် မသီးတော့ဘူး။ ဘယ်လိုပဲ ရေလောင်းလောင်း၊ ဘယ်လိုပဲ ပေါင်းသင်သင်၊ မြေသြဇာတွေ ဘယ်လိုပဲ ထည့်ပေမယ့်လည်း အသီး ထပ်မသီးတော့ဘူး”“ဒါဆိုရင် အပင်ကပဲ စားသွားတာပေါ့”“မှန်တယ်။ သူတို့ချည်း စားသွားတာတွေပေါ့။ ကလေးတွေ စကားထာဝှက်တဲ့အပင်လို ဖြစ်နေတယ်”“ဘယ်လိုမျိုးလဲ”“အသီးမသီးတဲ့ အပင်ဟာ ဘာအပင်လဲတဲ့၊ အရွက်လည်း မရှိ၊ အပွင့်လည်း မရှိတာမျိုးတဲ့”“ဘာအပင်လဲ”“စည်ပင်တဲ့”“အတော်နောက်တာပဲ”“မြန်မာတွေက ပျော်တတ်လို့ပါ”“မလုပ်နဲ့ ကျွန်တော်ဆို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဆိုတာ ဗုဒ္ဓဟူးနာမ်နဲ့ စတယ်၊ နေပြည်တော်မှာ နေတယ်ပြောတော့ အဲဒီအရာရှိက စိတ်ဆိုးတယ်”“ကျွန်တော်လည်း ကြားမိတယ်။ ခင်ဗျားကလည်း သွားပြောတာကိုး”“ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်မှာ မိန်းကလေးတစ်ယောက်ကို သွားပြောမိတာ။ သူက ရေးတာပေါ့၊ သူက သတင်းထောက်ကိုး”“အမှန်တော့ သတင်းထောက်တွေဟာ အကြောင်းအရာ တစ်ခုကို ရေးတဲ့အခါ မှန်မမှန် အတည်ပြုချက်တွေ ယူရသေးတယ်လေ။ တစ်ယောက်ကပြောတာကို ရေးလို့မရဘူး။ ပြီးတော့ ဒါကို ရေးမယ်ဆိုပြီး ကာယကံရှင်ကို ပြောရသေးတယ်။ အမှန်တော့ ပြောတဲ့လူကို တရားစွဲလို့ မရဘူး။ ရေးတဲ့လူကိုပဲ စွဲလို့ရတယ်။ ခင်ဗျားကို ခေါ်စစ်သေးလား”“စစ်တာပေါ့။ ဆိတ်ဖွားကိစ္စနဲ့ နေပြည်တော် အလည်တစ်ခေါက် ရောက်သွားသေးတယ်”     
(၄)“ကိုဘသစ်နဲ့ စကားပြောရတာ ကောင်းပါတယ်။ ဒီနေ့ပြောတဲ့ ရည်ရွယ်ချက်ကို ခုထက်ထိ နားမလည်သေးဘူး”“ဒီလိုဗျ၊ ရွေးကောက်ပွဲ နီးလာပြီ မဟုတ်လား”“နိုဝင်ဘာလမှာ ကျင်းပမယ်လေ”၂၀၁၅ ရွေးကောက်ပွဲ နီးလာပါပြီ။ ကျွန်တော်တို့ မဲစာရင်းတွေလည်း အမှားတွေ အများကြီး ဖြစ်နေသတဲ့။ မဲစာရင်းကိုတောင်မှ သေသေချာချာ မလုပ်တတ်သော အဖွဲ့အစည်းသည် နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မည်နည်း။ စာရင်းဇယားသည် အရေးကြီးလှသည်။ ရွေးကောက်ပွဲအတွက် စရိတ်စကများကိုလည်း အလျှံအပယ် ပေးထားပါသည်။ သို့သော် လူတွေကို မလေးမစား လုပ်နေကြသည်။“ဒီတော့ ကျုပ်တို့ မဲထည့်ရမယ်။ ဒီလို မဲထည့်တဲ့ အခါမှာ ကိုယ်မဲထည့်တဲ့သူဟာ တစ်သီးစားလား နှစ်သီးစားလား ဒါမှမဟုတ် သုံးသီးစားလားဆိုတာ သိဖို့လိုတယ်”“အင်း ငှက်ပျောပင်လို အပင်မျိုး ဖြစ်မှာ စိုးလို့လား”“ငှက်ပျောပင်တွေ အများကြီးပဲလေ၊ နောက်ထပ် မသီးတော့ဘူး”ကိုဘသစ်သည် သူ၏ ငှက်ပျောပင်ဥပမာကို အတော်လေး သဘောကျနေဟန် တူသည်။ ကျွန်တော်တို့တွင် ဒီလိုအပင်မျိုးကို ရေလောင်းပေးနေသူတွေ ဘယ်လောက်တောင် ရှိပါသလဲ၊ ထိုငှက်ပျောပင်များကို ခုတ်ပစ်ရပါသည်။“ပေပင် ဆိုရင်ကော”“သူက ပိုဆိုးတာပေါ့၊ အပင်က ကြီးကြီးရှည်ရှည်ကြီး၊ ပြီးတော့ ပြိုလဲပျက်စီးသွားတာပဲ”“ခင်ဗျားပြောတော့ ဟစ်တလာတို့၊ ပိုပေါ့တို့ကို သတိရတယ်”“ဒါမျိုးတွေ ရှိပါတယ်။ ယနေ့ အိုင်အက်စ်တွေလည်း လူတွေကို ဒုက္ခတွေပေးတဲ့ အဆိပ်ပင်တွေလို ဖြစ်နေတယ်”တိုက်ပွဲတွေဖြစ်ပြီး လူတွေကို သတ်သည်။ မိမိနှင့် အယူအဆ မတူသော သူများကို သတ်ရမည်ဟူ၍ ဘယ်ဘာသာကမှ ဟောကြားထားခြင်း မရှိပါ။ ထိုနည်းတူ မိမိနှင့် အယူအဆ မတူသော သူများကို ထောင်သွင်းအကျဉ်းချသည်လည်း မမှန်ကန်ပါ။သူတို့ အယူအဆ မှန်မမှန်ကို တစ်စုံတစ်ယောက်က မဆုံးဖြတ်နိုင်ပါ။လက်ပံတန်းတွင် ကျောင်းသားများ ဆန္ဒပြသည်။ ရွှေပြည်သာမှာ အလုပ်သမား ဆန္ဒပြသည်။ လက်ပံတောင်းတောင်တွင် ဆန္ဒပြသည်။ရန်ကုန်မြို့တွင်း ဆန္ဒပြသည်။ကိုဘသစ်က ငှက်ပျောပင် ဥပမာကို ပြောသွားပါသည်။ ကျွန်တော်တို့တွင် အစွဲအလမ်းတော့ မရှိပါ။သို့သော် တစ်သီးကတော့ ပြည်သူတွေအတွက် သေသေချာချာ စားရဖို့ အခွင့်အလမ်း များသည်။ချိုမြိန်သော ဒီမိုကရေစီ အသီးအပွင့်တွေကို ပြည်သူတွေ စားသုံးဖို့ ပြည်သူများကသာ ဆုံးဖြတ်ကြရမည်။အသီးမသီးသော အပင်များကို ရေလောင်းကာ အချိန်မဖြုန်းကြပါနဲ့စို့။