စနိုးဒင်က သူ့နိုင်ငံအတွက် သူရဲကောင်းလား၊ သစ္စာဖောက်လား

စနိုးဒင်က သူ့နိုင်ငံအတွက် သူရဲကောင်းလား၊ သစ္စာဖောက်လား
Published 14 June 2015
နရီမင်း

ရုရှားနဲ့ တရုတ်က အနောက်တိုင်းရဲ့ သူလျှိုတွေ ဘယ်သူတွေလဲဆိုတာသိဖို့ စနိုးဒင်ရဲ့ဖိုင်တွေကို ဝင်ရှာမယ်ဆိုတဲ့အကြောင်း MI6 က ပြောတယ်လို့ Sunday Times သတင်းစာက ဇွန် ၁၄ ရက်မှာ ဖော်ပြပါတယ်။ ဗြိတိန်အစိုးရက အဲဒီနှစ်နိုင်ငံ အနေနဲ့ စနိုးဒင်တွေရဲ့ ဖိုင်တွေကို ဝင်ရှာပြီး သူတို့ရဲ့ သူလျှိုတွေကို ဖော်ထုတ်မှာမို့ ဒုက္ခရောက်နိုင်တယ်လို့ ယုံကြည်ပါတယ်။ဗြိတိန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဖြစ်တဲ့ MI6 ဟာ ပြည်ပတိုင်းပြည်တွေမှာ လျှို့ဝှက်ချထားတဲ့ သူတို့ရဲ့ သူလျှိုတွေကို ပြန်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုရှားလုံခြုံရေးဌာနတွေက အမေရိကန်နိုင်ငံသား ကွန်ပျူတာပညာရှင် စနိုးဒင်က လျှို့ဝှက်သင်္ကေတတွေနဲ့ ထိန်းသိမ်းထားတဲ့ ဖိုင်တွေကို ဝင်ရှာပြီး ဖြစ်တာကြောင့်ပါ။စနိုးဒင်ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က ထိပ်တန်းလျှို့ဝှက် အထောက်အထားတွေကို Guardian သတင်းစာကို ပေးခဲ့ပါတယ်။ အဲဒီ အထောက်အထားတွေအရ အနောက်တိုင်းထောက်လှမ်းရေး အေဂျင်စီတွေဟာ ဖုန်းနဲ့ အင်တာနက် အသုံးပြုသူတွေကို အကြီးအကျယ် စောင့်ကြည့်ခဲ့ကြောင်း တွေ့ရှိရပါတယ်။စနိုးဒင်ဟာ ဟောင်ကောင်ကို ထွက်ပြေးပြီး အဲဒီကနေ မော်စကိုကို ရောက်သွားပါတယ်။ ဒါကြောင့် တရုတ်နဲ့ ရုရှားလုံခြုံရေး အာဏာပိုင်တွေ အနေနဲ့ စနိုးဒင်ရဲ့ ဖိုင်တွေကို လေ့လာခွင့် ရသွားပါတယ်။အဲဒီဖိုင်တွေကို စနိုးဒင်က လျှို့ဝှက်သင်္ကေတနဲ့ ထိန်းသိမ်းထားတာပါ။ ဒါပေမဲ့ အခု သူတို့ အဲဒီဖိုင်တွေထဲကို ဟက်ကင်းလုပ် ဝင်ရောက်ပြီးပြီလို့ ဗြိတိန်အာဏာပိုင်တွေက ယူဆပါတယ်။Sunday Times သတင်းစာက ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးရုံးနဲ့ ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီက အမည်ဖော်လိုသူ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စနိုးဒင်ရထားတဲ့ အထောက်အထားတွေထဲမှာ နိုင်ငံရပ်ခြားက တာဝန်ရှိသူတွေ အနေနဲ့ ဗြိတိန်နဲ့ အမေရိကန်က သူလျှိုတွေက ဘယ်သူတွေလဲဆိုတာ သိရှိနိုင်တဲ့ အချက်အလက်တွေနဲ့ ထောက်လှမ်းရေးနည်းစနစ်တွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။Sunday Times သတင်းစာက ဗြိတိန်ဝန်ကြီးချုပ်ရုံးက အကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး ရုရှားနဲ့ တရုတ်တို့မှာ အချက်အလက်တွေ ရှိနေပြီလို့ ဆိုပါတယ်။အဲဒီ သတင်းရင်းမြစ်အရ အချက်အလက်တွေ ပျံ့နှံ့သွားပြီမို့ သူတို့လုပ်နေတာတွေကိုရပ်ပြီး လျှို့ဝှက်သူလျှိုတွေကို ပြန်သိမ်းရတော့မယ်လို့ သိရပါတယ်။ အဲဒီ သတင်းရင်းမြစ်ကပဲ သူတို့သူလျှိုတွေထဲက ဘယ်သူမှတော့ တစ်စုံတစ်ရာ ထိခိုက်တယ်လို့ အထောက်အထား မရသေးဘူးလို့ ဆိုပါတယ်။ပြည်ထဲရေးဌာနက အကြီးတန်းအရာရှိ တစ်ဦးကို ကိုးကားပြီး သူက “ပူတင်က စနိုးဒင်ကို ဘာအတွက်နဲ့မှ ခိုလှုံခွင့်ပေးမှာ မဟုတ်ဘူး။ သူ့အထောက်အထားတွေကို လျှို့ဝှက်သင်္ကေတတွေနဲ့ လုပ်ထားတယ်။ ဒါပေမဲ့ အဲဒါတွေက အပြည့်အ၀ လုံခြုံမှုတော့ ရှိမှာမဟုတ်ဘူး။ အခု ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ သူလျှိုတွေနဲ့ ပစ်မှတ်ထားခံရတဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်ရတော့မယ်” လို့ ပြောပါတယ်တဲ့။Sunday Times သတင်းစာက ဗြိတိန်ထောက်လှမ်းရေး သတင်းရင်းမြစ်ကို ကိုးကားပြီးတော့လည်း ရုရှားနဲ့ တရုတ်အာဏာပိုင်တွေဟာ စနိုးဒင်ရဲ့ အထောက်အထားတွေကို စစ်ဆေးလာလိမ့်မယ်လို့ ဆိုထားပါတယ်။အဲဒီ ဗြိတိန်ထောက်လှမ်းရေးက အရာရှိက “စနိုးဒင်ဟာ မရေမတွက်နိုင်အောင်များတဲ့ ပျက်စီးမှုတွေ ဖြစ်စေခဲ့တာပဲ။ တချို့ကိစ္စတွေမှာ အေဂျင်စီတွေ အတင်းကြားဝင် နှောင့်ယှက်ခံရပြီး သူတို့သူလျှိုတွေကို စစ်ဆင်ရေးကနေ ပြန်ရုပ်သိမ်းလိုက်ရပါတယ်။ သူတို့ ဘယ်သူလဲဆိုတာ သိသွားပြီး အသတ်ခံရမှာ စိုးလို့ပါ” လို့ ဆိုပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောရေးဆိုခွင့်ရ အမျိုးသမီးကတော့ ဇွန် ၁၃ ရက်ညမှာ “ပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာမှတ်ချက်မှ မပေးဘူး” လို့ ဆိုပါတယ်။စနိုးဒင်ဆိုတာအက်ဒဝပ်ဂျိုးဆက် စနိုးဒင်ကို ၁၉၈၃ ခုနှစ် ဇွန် ၂၁ ရက်မှာ မွေးပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က လျှို့ဝှက်အချက်အလက်တွေ အများကြီးကို ပေါက်ကြားစေခဲ့တဲ့ ကွန်ပျူတာပညာရှင်ပါ။ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက်နဲ့ ကာကွယ်ရေးဌာန ထောက်လှမ်းရေးအေဂျင်စီ (DIA) အတွက် အလုပ်လုပ်ပေးသူပါပဲ။ နောက်တော့ NSA မှာ ကန်ထရိုက်နဲ့ အလုပ်လုပ်ပါတယ်။ ၂၀၁၃ မတ်လမှာတော့ ဟာဝိုင်အီမှာရှိတဲ့ NSA ဌာနမှာ အခြေခံအဆောက်အအုံ သုံးသပ်သူအဖြစ် အလုပ်လုပ်ပါတယ်။Photo:Guardian
၂၀၁၃ ခုနှစ် မေ ၂၀ ရက်မှာ စနိုးဒင်ဟာ ဟာဝိုင်အီကနေ ဟောင်ကောင်ကိုထွက်သွားပြီး ဇွန်လအစောပိုင်းမှာ ဂျာနယ်လစ်နှစ်ဦးဖြစ်တဲ့ ဂလန်ဂရင်းဝိုးနဲ့ လော်ရာပွိုင်ထရက်တို့ကို ဟောင်ကောင်ကိုခေါ်ပြီး NSA လျှို့ဝှက်အထောက်အထားတွေ အများကြီးကို ပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ စနိုးဒင်ဆီကရတဲ့ အထောက်အထားတွေကို ဂျာနယ်လစ်တွေက မီဒီယာပေါင်းများစွာမှာ ဖော်ပြခဲ့တာမို့ စနိုးဒင်ကို နိုင်ငံတကာက အကြီးအကျယ် အာရုံစိုက်လာပါတယ်။ စနိုးဒင်ဆီကနေ ပေါက်ကြားတဲ့ အထောက်အထားတွေကြောင့် NSA နဲ့ Five Eyes ဆိုတဲ့ အဖွဲ့တို့ဟာ ဆက်သွယ်ရေးကုမ္ပဏီတွေ၊ ဥရောပတိုက်က အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တစ်ကမ္ဘာလုံးကို စောင့်ကြည့်နေတဲ့ များပြားလှတဲ့ အစီအစဉ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။စာနယ်ဇင်းတွေကနေတစ်ဆင့် ပထမဆုံး ပေါက်ကြားမှုတွေ ဖြစ်ပွားပြီး လေးရက်အကြာ ဇွန် ၉ ရက်မှာ စနိုးဒင်ဟာ သူဘယ်သူလဲလို့ လူသိရှင်ကြား ထွက်ပြခဲ့ပါတယ်။ ဇွန် ၁၄ ရက်မှာ အမေရိကန် တရားရေးဌာနက သူလျှိုမှု၊ အစိုးရပိုင်ဆိုင်မှုကို ခိုးယူမှုတွေနဲ့ စနိုးဒင်ကို တရားစွဲဆိုပါတယ်။ အဲဒီပြစ်မှုတွေအရ သူ့ကို ထောင်ဒဏ် နှစ် ၃၀ အထိ အပစ်ပေးလို့ ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက စနိုးဒင်ရဲ့ ပတ်စပို့ကို ဇွန် ၂၂ ရက်မှာ ရုပ်သိမ်းခဲ့ပါတယ်။ဇွန် ၂၃ ရက်မှာ စနိုးဒင်ဟာ ဟောင်ကောင်ကနေ မော်စကိုမြို့ နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားပါတယ်။ စနိုးဒင်ရဲ့ ပြောကြားချက်အရ သူဟာ ဟာဗားနားကို သွားမယ်ဆိုပြီး လက်မှတ်ဝယ်ခဲ့တယ်လို့ သိရပါတယ်။ စနိုးဒင်ဟာ ပတ်စပို့မရှိတဲ့အတွက် မော်စကိုလေဆိပ်က ခရီးသည်ကူးပြောင်းတဲ့ နေရာမှာပဲ ၃၉ ရက်ကြာ သောင်တင်နေပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှာတော့ ရုရှားအာဏာပိုင်တွေက သူ့ကို ယာယီခိုလှုံခွင့် တစ်နှစ်ပေးခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ ရုရှားက သုံးနှစ်နေထိုင်ခွင့် ပေးလိုက်တာကြောင့် စနိုးဒင်ဟာ ရုရှားနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားနိုင်တဲ့အပြင် ပြည်ပကို သုံးလမကြာတဲ့ ခရီးထွက်ခွင့်လည်း ရှိသွားပါတယ်။ အခု စနိုးဒင်ဟာ ရုရှားနိုင်ငံအတွင်း လျှို့ဝှက်တစ်နေရာမှာ နေထိုင်ပြီး EU နိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။စနိုးဒင်အပေါ် အမြင်တွေကတော့ အငြင်းပွားဖွယ်ဖြစ်နေပြီး အမျိုးမျိုးခေါ်ဆိုတာ ခံရပါတယ်။ သူရဲကောင်းလို့ ခေါ်သူကခေါ်၊ ဖော်ကောင်လုပ်သူလို့ ပြောသူကပြော၊ အစိုးရ အတိုက်အခံလို့ ဆိုသူကဆိုပေါ့။ မျိုးချစ်တစ်ဦးလို့ ယူဆသူက ယူဆပြီး သစ္စာဖောက်တစ်ဦးလို့ ဒေါသထွက်သူကလည်း ထွက်ပါတယ်။ သူ့ရဲ့ ဖွင့်ချမှုတွေက လူအစုလိုက် အပြုံလိုက်ကို ထိန်းချုပ်စောင့်ကြည့်မှု၊ အစိုးရရဲ့ လျှို့ဝှက်မှုတွေအပြင် နိုင်ငံတော်လုံခြုံရေးနဲ့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက် လွတ်လပ်ခွင့်အကြား ချိန်ခွင်ညာတို့နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ အများကြီးဖြစ်လာဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ပထမဆုံး ပေါက်ကြားမှုတွေ ဖြစ်ပွားပြီးတဲ့နောက် တရားရုံးက စွဲချက်တင်ခဲ့မှု နှစ်မှုက NSA ရဲ့ ဖုန်းနဲ့အင်တာနက်တွေကို အကြီးအကျယ် သူလျှိုလုပ်ဖို့ အခိုင်အမာ ဖွဲ့စည်းထားမှုကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေခဲ့ပါတယ်။ စနိုးဒင်ကတော့ “သူဟာ သစ္စာဖောက်လည်း မဟုတ်ဘူး။ သူရဲကောင်းလည်း မဟုတ်ဘူး။ သူဟာ အမေရိကန်နိုင်ငံသား တစ်ဦးပါ” လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စနိုးဒင်ဟာ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူလို့တော့ ဆိုနိုင်ပါလိမ့်မယ်။