စီလီကွန် ပင်လယ်ဓားပြများ

စီလီကွန် ပင်လယ်ဓားပြများ
Published 14 June 2015
နီမင်းဆွေ

ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ လက်အောက်ဝန်ထမ်းတွေကို စိတ်မချမ်းမသာဖြစ်အောင်လုပ်၊ အမျိုးမျိုးနှိပ်စက်၊ ဖြုတ်ထုတ်သတ်တဲ့နေရာမှာ အလွန်နာမည်ကြီးတဲ့ ဝန်မင်းတစ်ပါးရှိသတဲ့။ အကြောင်းရှိလို့ သူ့ဆီကို အခစားဝင်ချင်တဲ့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေဟာ ကိုယ်လိုချင်တဲ့ကိစ္စ ရှိလာတဲ့အခါ အောင်မြင်ပြီးမြောက်စေဖို့ အဲဒီဝန်မင်းဆီမှာ အခစားဝင်ရပါတယ်။ အခစားမဝင်ခင်မှာ ဝန်မင်းဖြုတ်ပစ်လိုက်တဲ့ ဝန်ထမ်းဟောင်းတွေရဲ့သတင်းကို အရင်သေသေချာချာ အသေးစိတ် လေ့လာစုံစမ်းပြီးမှ အခစားဝင်ရပါတယ်။ ဝန်မင်းနဲ့တွေ့တဲ့အခါမှာ “ငါနှိပ်ထည့်လိုက်တဲ့ ဟိုကောင်နဲ့ရော တွေ့သေးလားကွ၊ ဒီကောင်အခု ဘယ်လိုနေလဲ” ဆိုပြီး မေးတတ်လေ့ရှိပါတယ်။ အဲဒီအခါမှာ လက်ရှိဝန်ထမ်းက “အဲဒီကောင် ဘဝပျက်နေပါသဖျာ့၊ ကုန်းကောက်စရာမရှိ အောင်မွဲနေပါသဖျာ့၊ ဒူးနဲ့မျက်ရည် သုတ်နေရပါသဖျာ့” လို့ လျှောက်တင်လိုက်မှ ဝန်မင်းက သဘောတော်ခွေ့သွားလေ့ရှိသတဲ့။ အဲသလို လျှောက်တင်သံကိုကြားရမှ ဝန်မင်းလည်း လာတင်ပြသူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးလေ့ ရှိတယ်ဆိုပဲ။
 
ဒီဝန်မင်းဟာ ရှေးယခင်တုန်းက ဗာရာဏသီပြည်မှာ တကယ်ပဲရှိခဲ့တာပါ။ သူ့ရဲ့ ပင်ကိုစိတ်နေသဘောထားလို့ပဲ ပြောပြော၊ သူ့ရဲ့ ကိုယ်ပိုင်မူဝါဒလို့ပဲ ဆိုဆို၊ ဒီအလုပ်ကို သူနှစ်သက်ခုံမင်လို့ ဒါမှမဟုတ်ရင်လည်း ဒီအလုပ်ကို မှန်တယ်ထင်လို့ သူလုပ်ခဲ့တာပါပဲ။ ပတ်ဝန်းကျင်က လူတွေအနေနဲ့ ဒီလုပ်ရပ်အပေါ် ပြုံးကောင်းပြုံးနေကြလေမလားလို့လည်း သူတစ်ကြိမ်တစ်ခါမှ စဉ်းစားခဲ့မိဟန် မတူပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ပြည်သူလူထုနဲ့ မတရားကင်းကွာနေတဲ့ ဝန်မင်းတစ်ပါး ဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် လူသားတွေရဲ့ဘဝကို တိုးတက်စေလိုတဲ့ ဆန္ဒလည်းရှိ၊ ကိုယ်ကိုယ်တိုင်ကလည်း အောင်မြင်နေတဲ့ ကမ္ဘာပေါ်က လူပုဂ္ဂိုလ်တချို့ရဲ့ လူ့ဘဝအပေါ် ရှုမြင်သုံးသပ်တဲ့အမြင်နဲ့ သူ့ရဲ့ဒီလုပ်ရပ်ကို ချိန်ထိုးကြည့်ပြီး စာဖတ်ပရိသတ်ကြီးကို ကိုယ့်အနေနဲ့ တစ်ခုခုတော့ပြောဖို့ လိုအပ်လာပြီလို့ ယူဆမိပါတယ်။ ဒီလိုစဉ်းစားလိုက်မိတဲ့ အချိန်မှာပဲ ၁၉၉၉ ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ “စီလီကွန်တောင်ကြားမှ ပင်လယ်ဓားပြများ” Pirates of Silicon Valley ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်မိတာပါပဲ။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ပြောမပြခင်မှာ ဒီဇာတ်ကားထဲက အရေးပါတဲ့ ဇာတ်ကောင်နှစ်ကောင်အကြောင်းကို အရင်ပြောပြထားမှ ဇာတ်လမ်းအကြောင်း ဆက်ပြောရတာ အဆင်ပြေချောမွေ့မှာပါ။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒီကနေ့ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ “ဘီလ်ဂိတ်စ်” Bill Gates ဆိုသူရဲ့ အပြင်ဘက်က တကယ့်ဘဝနဲ့ တကယ့်ဖြစ်ရပ်မှန်တချို့ကို အရင်တင်ပြချင်ပါတယ်။
 
ဂိတ်စ်ဟာ အထက်တန်းတုန်းကတည်းက သူနဲ့ခင်မင်ခဲ့တဲ့ “ပေါလ်အလန်” Paul Allen ဆိုသူနဲ့ ၁၉၇၄ ခုနှစ်မှာ ဟားဗာဒ်တက္ကသိုလ်မှာ ပြန်ဆုံမိကြပါတယ်။ အီလက်ထရောနစ် မဂ္ဂဇင်းတစ်စောင်ထဲမှာ ကွန်ပျူတာအသေးလေးတစ်လုံးရဲ့ ကြော်ငြာကို အလန်ကပြလို့ ဂိတ်စ်တွေ့လိုက်ရပါတယ်။ အဲဒီကွန်ပျူတာကို ဝယ်ချင်သူတွေက စာတိုက်က မှာရပါတယ်။ ကုမ္ပဏီက ကွန်ပျူတာအစိတ်အပိုင်းတွေကို အိမ်ရောက်အောင်ပို့ပေးပြီး ဝယ်သူက ကိုယ့်ဘာသာကိုယ် တပ်ဆင်ရပါတယ်။ ကွန်ပျူတာကို အမှန်တကယ်သုံးချင်တဲ့သူတွေ အတွက်သာ မဟုတ်ဘဲ ဝါသနာပါသူတွေ ကွန်ပျူတာကို ဖြုတ်တတ်တပ်တတ်အောင် လေ့ကျင့်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီက ခုလိုစီစဉ်တာလို့ ဆိုတဲ့သူတွေကလည်း ဆိုကြပါတယ်။ အဲဒီကွန်ပျူတာဟာ အရိုးရှင်းဆုံး ပြုလုပ်ထားတဲ့အတွက် လုပ်ငန်းတာဝန်တွေ အများကြီးကိုတော့ ကွန်ပျူတာက ထမ်းဆောင်ပေးနိုင်သေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် တပ်ဆင်ချင်တယ်ဆိုရင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၃၉ ကုန်ကျပါတယ်။ တပ်ဆင်ပြီးသားကို အဆင်သင့်ပဲ ဝယ်ချင်တယ်ဆိုရင်တော့ ၆၂၁ ဒေါ်လာ ကျသင့်မှာပါ။ “၁၈၂  ဒေါ်လာကြီးများတောင် ဘာဖြစ်လို့ အပိုအကုန်ခံမလဲကွာ၊ ကိုယ့်ဘာသာကိုယ်ပဲ ဝယ်ဆင်မှာပေါ့” လို့ ကြုံးဝါးပြီး ကိုယ့်ဘာသာကိုယ် တပ်ဆင်ကြတဲ့လူတွေက ပိုများပါတယ်။ အနှစ်သာရကတော့ ဈေးသက်သာတာက သိပ်အကြောင်းမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်တပ်ဆင်တော့ ကွန်ပျူတာရဲ့ အခြေခံသဘောတရားကို ပိုနားလည်သွားကြတယ်။ ခေတ်ပေါ်နည်းပညာတွေအပေါ် ပြည်သူတွေ ဈာန်ဝင်သွားကြတော့ တိုင်းပြည်အတွက်လည်း တစ်နည်းတစ်ဖုံ အကျိုးရှိသွားတာပေါ့။ ရည်ရွယ်ချက်က ထူးခြားပြီး ချီးကျူးစရာကောင်းတယ်လို့လည်း ဆိုရမှာပါ။ အဲဒီကွန်ပျူတာရဲ့နာမည်က “အောတဲလ် ၈၈၀၀” Altair 8800 လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် ဒီကွန်ပျူတာဟာ အခုခေတ်လူတွေ သုံးနေတဲ့ ပီစိလို့ခေါ်တဲ့ ကွန်ပျူတာတွေရဲ့ ဖခင်ကြီးလို့ ဆိုရင်လည်း မှားနိုင်မယ် မထင်ဘူး။ အောတဲလ်ကွန်ပျူတာဟာ မျှော်မှန်းထားတာထက်လည်း အများကြီးပိုရောင်းခဲ့ရပါတယ်။
 
ဂိတ်စ်နဲ့ အလန်တို့ဟာ အဲဒီကွန်ပျူတာ ကုမ္ပဏီဆီကိုသွားပြီး “ခင်ဗျားတို့ကွန်ပျူတာကို ဒီအတိုင်းထားရင် မီးလုံးတစ်လုံးအထဲက ထွန်းပေးထားတဲ့ သံဖြူပုံးတစ်လုံးပဲ ဖြစ်နေမှာ၊ အဲဒီသံဖြူပုံးကြီး အစွမ်းထက်တဲ့ ကွန်ပျူတာတစ်လုံးဖြစ်လာအောင် ကျွန်တော်တို့ software တွေရေးပေးမယ်” လို့ သွားပြောကြပါတယ်။ ပြောသာပြောရတယ်၊ ကိုယ်က ဆော့ဝဲလ်တွေသာ ရေးတတ်တာ၊ ကိုယ့်မှာ အောတဲလ်ကွန်ပျူတာ တစ်လုံးတောင်မှ ရှိသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအောတဲလ်ကိုထုတ်တဲ့ နယူးမက္ကဆီကိုပြည်နယ် “အပ်ဘခါးခီ” Albuquerque မြို့က Micro Instrumentation and Telemetry Systems (MITS) ကုမ္ပဏီက သူတို့နှစ်ဦးအပေါ် ယုံကြည်အားထားမှုတော့ ရှိပါတယ်။ လွယ်လွယ်နဲ့ ငြင်းဆန်လိုက်လို့တော့ ဘယ်ဖြစ်ပါ့မလဲ၊ ဘာဖြစ်လို့လဲဆိုတော့ အစွမ်းထက်တဲ့ ဆော့ဖ်ဝဲလ်တွေကိုသာ သူတို့ကွန်ပျူတာထဲကို ထည့်လိုက်နိုင်မယ်ဆိုရင် အင်မတန်အားကိုးရတဲ့ ကွန်ပျူတာတစ်လုံးဖြစ်လာပြီး ဈေးကိုလည်း အများကြီးတင်ရောင်းလို့ ရတော့မယ်ဆိုတာကို ကြိုသိနေကြတာကိုး။ ဒါ့ကြောင့် “မောင်ရင်တို့ ဆော့ဖ်ဝဲလ်နမူနာရေးပြကြ” လို့ ကုမ္ပဏီလူကြီးတွေက ပြန်ပြောလိုက်ပါတယ်။ ဒါနဲ့ပဲ သူတို့နှစ်ဦးဟာ ဟားဗာဒ်တက္ကသိုလ်ကို ပြန်သွားကြပြီး ကွန်ပျူတာလက်တွေ့ခန်းတွေထဲမှာ နေ့မအားညမအား ဆော့ဝဲတွေကို ရေးကြတော့တာပါပဲ။ နောက်နှစ်လအကြာ MITS ကိုပြန်သွားပြီး သူတို့ရေးထားတဲ့ ဆော့ဖ်ဝဲလ်တွေကို အလန်ပြလိုက်တဲ့ အခါမှာတော့ ကုမ္ပဏီက သူ့ကိုတစ်ခါတည်း တန်းအလုပ်ခန့်လိုက်ပါပြီ။ အဲဒီနောက်တော့ ဂိတ်စ်ပါဟားဗာဒ်က ထွက်လာခဲ့ပြီး အလန်နဲ့အတူ အဲဒီကုမ္ပဏီမှာ အလုပ်ဝင်လုပ်ပါတော့တယ်။ နောက်နှစ် ၁၉၇၅ ခုနှစ်ရောက်တော့ နှစ်ယောက်ပေါင်းပြီး Micro-Soft ကုမ္ပဏီကို တည်ထောင်လိုက်ကြပါတယ်။ နောက်နှစ်ရောက်တော့ Micro-Soft ဆိုတဲ့နာမည်ရဲ့ အလယ်ကောင်က ဟိုက်ဖင်ပြုတ်သွားပြီး ကုမ္ပဏီရဲ့ နာမည်ဟာ Microsoft ရယ်လို့ ဖြစ်လာတော့တာပါပဲ။
 
နောက်တင်ပြမယ့် ဇာတ်ကောင်တစ်ယောက်ကတော့ “စတိဂျော့” Steve Jobs (၁၉၅၅-၂၀၁၁) ဖြစ်ပါတယ်။ စတီဂျော့ကတော့ ဂိတ်စ်ဖွားမြင်ခဲ့တဲ့ ကာလဖြစ်တဲ့ ၁၉၅၅ ခုနှစ်မှာပဲ ဆန်ဖရန်စစ္စကိုမှာ ဖွားမြင်ခဲ့ပြီး ဂိတ်စ်ထက် ရှစ်လကြီးပါတယ်။ စတိဖ်ရဲ့ မိဘရင်းတွေကတော့ ဆီရီးယားနွယ်ဖွား “အဗ္ဗဒူလာဖတ်တာ” ဆိုသူနဲ့ အမေရိကန်နိုင်ငံသူ “ဂျိုဝမ်း” ဆိုတဲ့ “မစ္စကိုဗင်” တက္ကသိုလ်က ဘွဲ့ရနှစ်ဦးတို့ ဖြစ်ကြပါတယ်။ စတိဖ်ကို ဂျိုဝမ်းကိုယ်ဝန်ဆောင်ထားရစဉ် ကာလက ဂျိုဝမ်းရဲ့ ဘာသာရေးအယူဝါဒစွဲကြီးတဲ့ ဖခင်ဖြစ်သူက သဘောမတူလို့ သူတို့နှစ်ဦးဟာ လက်မထပ်နိုင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ရလာတဲ့ ဂျိုဝမ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်ကို တစ်ယောက်တည်းသွားပြီး စတိဖ်ကို မွေးရပါတယ်။ ကလေးမျက်နှာမြင်ပြီးတဲ့ အခါမှာ “ပေါ”  နဲ့ “ခလားရာ” ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးတို့ မွေးစားဖို့ စတိဖ်ကို ဂျိုဝမ်းက တရားဝင် လွှဲပြောင်းပေးလိုက်ပါတယ်။ သားဖြစ်သူကို ကောလိပ်ရောက်အောင် ထားပေးရမယ်ဆိုတဲ့ ခံဝန်ကတိ တစ်ခုနဲ့ပေါ့။ အဗ္ဗဒူလာနဲ့ ဂျိုဝမ်းတို့ နှစ်ဦးလည်း စတိဖ်ကိုပေးလိုက်ပြီး မကြာခင်မှာပဲ တရားဝင်လက်ထပ်နိုင်ခဲ့ကြပါတယ်။ သူ့မှာ အဖေရင်း အမေရင်းတွေ ရှိနေမှန်း အသက် ၂၇ နှစ်ရောက်မှ စတိဖ်သိခဲ့ရတာပါ။ စတိဖ်ဟာ သူ့ကိုမွေးစားတဲ့ ပေါနဲ့ ခလားရာတို့ဟာ ရာခိုင်နှုန်း ၁၀၀ အပြည့် သူ့မိဘတွေ ဖြစ်တယ်လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ လက်ထဲငွေနည်းနည်း ရှိလာတဲ့အချိန်မှာ သူ့အမေရင်း ဘယ်သူလဲဆိုတာ သိရအောင် အလွတ်စုံထောက်တစ်ယောက်ကို ပိုက်ဆံတွေအများကြီးပေးပြီး လိုက်စုံစမ်းခိုင်းခဲ့ပါတယ်။ စတိဖ်ဟာ အလွန်ထက်မြက်သူဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဦးတည်ရာမဲ့ ရမ်းကားတတ်သူဖြစ်တယ်လို့ စွယ်စုံကျမ်းတချို့ထဲမှာ မှတ်ချက်ပြုထားတာကိုလည်း ဖတ်ရှုရပါတယ်။ မွေးစားတဲ့ မိဘနှစ်ပါးဖြစ်ကြတဲ့ “ပေါ” နဲ့ “ခလားရာ” တို့နှစ်ဦးဟာ ကယ်လီဖိုးနီးယားက “တောင်ပေါ်ရှုခင်းသာ” Mountain view ဆိုတဲ့အရပ်မှာ နေထိုင်ကြပြီး နောင်အခါမှာ အဲဒီအရပ်ဒေသဟာ “စီလီကွန်တောင်ကြား” Silicon Valley ရယ်လို့ ဖြစ်လာပါတယ်။ စက်ပြင်ဆရာလည်းဟုတ် လက်သမားအလုပ်လည်းလုပ်တဲ့ ပေါဟာ မွေးစားသားဖြစ်သူ စတိဖ်ကို အခြေခံ အီလက်ထရောနစ်ပညာရပ်တွေကို လက်တွေ့သင်ကြားပေးခဲ့ပါတယ်။ သားအဖနှစ်ယောက်ဟာ အိမ်က ကားဂိုဒေါင်ထဲမှာ အိမ်မှာရှိတဲ့ ရေဒီယိုတွေ ရုပ်မြင်သံကြားစက်တွေကို ဖြုတ်လိုက်တပ်လိုက်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေလေ့ ရှိကြတာပေါ့။ အဲဒီကတည်းက စတိဖ်ဟာ အီလက်ထရောနစ် နည်းပညာကို တအားစိတ်ဝင်စားသွားခဲ့တာ ဖြစ်ပါတယ်။
 
“စီလီကွန်တောင်ကြားက ပင်လယ်ဓားပြများ” ရုပ်ရှင်ဇာတ်ကားဟာ ဇာတ်ကောင်တွေရဲ့ တကယ့်အဖြစ်အပျက်မှန်တွေကို အတော်နီးစပ်အောင် ရိုက်ကူးနိုင်ခဲ့တယ်လို့ ကာယကံရှင်တွေက ဆိုကြပါတယ်။ ဇာတ်ကားအစပိုင်းအခန်းတွေမှာ ဘာကလေတက္ကသိုလ် U.C Barkeley က ကျောင်းသားတွေ ဗီယက်နမ်စစ်ဆန့်ကျင်ရေးအတွက် ဆန္ဒပြကြတဲ့ အခန်းတွေပါပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး ကျောင်းသားတွေကို လိုက်ဖမ်း၊ ကျောင်းသားတွေက အူယားဖားယားနဲ့ ထွက်ပြေးကြပေါ့။ ပြေးရင်းလွှားရင်းနဲ့ လုံခြုံတဲ့နေရာ တစ်နေရာရောက်တော့ ဟောဟဲလိုက်နေတဲ့ စတိဖ်က ငယ်သူငယ်ချင်းဖြစ်သူ ဝေါ့ဇ်ကို စိတ်ကူးထဲရှိတဲ့အတိုင်း အမောတကောနဲ့ အခုလို ပြောလိုက်ပါတယ်။ “ဒီ မောင်တွေက သူတို့ကိုယ်သူတို့ တော်လှန်ရေးသမားတွေလို့ ထင်နေကြတာ၊ တကယ်တော့ တော်လှန်ရေးသမားဆိုတာ သူတို့မဟုတ်ဘူး၊ ငါတို့ကမှ တကယ့်အစစ်ကွ” လို့ ဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “စတိဖ်ဟာ ဘယ်အရာမှာမဆို အဲဒီလိုထူးထူးခြားခြား တွေးတတ်မြင်တတ်သူပါပဲ” လို့ ဝေါ့ဇ်က မှတ်ချက်ပြုခဲ့ပါတယ်။ 
 
ဝေါ့ဇ် ဘာပဲပြောနေပြောနေပေါ့လေ၊ “လူသားတွေအားလုံးအတွက် တော်လှန်ရေးဆိုတာ ဘာလဲ” ဆိုတဲ့ စတိဖ်ရဲ့ အယူအဆနဲ့ ဒီရုပ်ရှင်ဇာတ်လမ်းထဲက စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေကို ပရိသတ်ကြီး သိရှိသွားရအောင် မကြာခင်မှာ ဒီဇာတ်လမ်းတွေကို ပေါင်းစည်းဆက်စပ်ပြီး အမြန်ဆုံး ရှင်းပြရပါဦးမယ်။