လူသားဆန်မှု ပျောက်ဆုံးခြင်း

လူသားဆန်မှု ပျောက်ဆုံးခြင်း
Published 14 June 2015
ကျွန်း

ယမန်နေ့မှအဆက် >>> 
 
တတိယနေ့က မိဘတွေ လာတွေ့ခွင့်ရတဲ့နေ့ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ အနေအထားတွေကိုတွေ့ရင် မိဘတွေက အကျဉ်းသားတုတွေကို ပြန်ခေါ်သွားမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခန်းတွေကို သန့်ရှင်းရေးလုပ်ထားတာ၊ အကျဉ်းသားတုတွေ မိဘတွေနဲ့ မတွေ့ခင်မှာ ပူနွေးတဲ့ အစားအသောက်တွေ ကျွေးတာ၊ အချိုပွဲတွေ ကျွေးတာ စတာတွေ ပြုလုပ်ပြီး၊ စကားကြာကြာပြောခွင့်မရအောင် ဧည့်တွေ့ချိန်ကို လျှော့လိုက်ပါတယ်။ မိဘတွေ လာချိန်မှာ ကောင်းမွန်စွာကြိုဆိုပြီး စာရင်းသွင်းခိုင်းတာ၊ နောက်ခံသီချင်းဖွင့်ထားတာ စတာတွေကို လုပ်ခဲ့ပြီး နာရီဝက်လောက် ထိုင်စောင့်ခိုင်းထားပါတယ်။ မိဘတွေနဲ့ အကျဉ်းသားတုတွေ တွေ့ဆုံစကားပြောချိန်မှာ အစောင့်တုတွေက တောက်လျှောက် ထိုင်နားထောင်နေခဲ့ပြီး စကားပြောချိန်ကို ၁၀ မိနစ်ပဲ ပေးခဲ့ပါတယ်။ မိဘတွေ ပြန်သွားတဲ့အချိန်မှာ နှိပ်စက်အနိုင်ကျင့်မှုတွေကို ပြန်လည်စတင်ပါတယ်။ ဒိုက်ထိုးခိုင်းတဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုက ပိုမိုမြင့်မားလာပါတယ်။ ခိုင်းစေမှုကလည်း နာရီပေါင်းများစွာအထိ ကြာလာပါတယ်။ အိမ်သာကို လက်ဗလာနဲ့ ဆေးခိုင်းတာ၊ အစောင့်တုတွေရဲ့ ဖိနပ်တွေကို တိုက်ခိုင်းတာမျိုးတွေလည်း လုပ်လာပါတယ်။ အဲဒီအချိန်မှာ အကျဉ်းသားတု နံပါတ် ၈၁၉ က တစ်စခန်းထလာပါတယ်။ ၆ နာရီ လူစစ်ချိန်မှာ မပါဝင်ဘဲ လေ့ကျင့်ခန်းလုပ်ဖို့ ငြင်းဆန်ပါတယ်။ အခန်းထဲမှာ ပိတ်ပြီး သူ့ကိုယ်သူ ကာကွယ်ထားပါတယ်။ ဒါပေမဲ့ အစောင့်တုတွေက လူအင်အားသုံး၊ ဆွဲထုတ်ပြီး သူ့ကို အလွန်ကျဉ်းတဲ့ အခန်းကလေးထဲ ထည့်ပိတ်ထားလိုက်ကြပါတယ်။ 
 
အဲဒီနောက်မှာ တကယ့်အကျဉ်းထောင်တွေကို သွားနေတဲ့ ဘုန်းတော်ကြီးက သူတို့ အကျဉ်းထောင်ပုံစံက အစစ်နဲ့ ဘယ်လောက်တူသလဲဆိုတာ ကြည့်ရှုစစ်ဆေးပေးဖို့ ရောက်လာခဲ့ပါတယ်။ ၈၁၉ ကလွဲလို့ အကျဉ်းသားတု အားလုံး ဘုန်းတော်ကြီးကို လာစကားပြောကြပါတယ်။ အံ့သြစရာကောင်းတာက တစ်ဝက်လောက်က ကိုယ့် ကိုယ်ကိုယ် နာမည်နဲ့ မိတ်မဆက်ကြဘဲ နံပါတ်တွေနဲ့ မိတ်ဆက်ခဲ့ကြပါတယ်။ ဘာကြောင့် ထောင်ကျရသလဲလို့ မေးတဲ့အခါ သူတို့ကို ဖမ်းဆီးစဉ်က ရဲတွေ ပြောခဲ့တဲ့ ပုဒ်မတွေကို ပြန်ပြောကြပါတယ်။ နောက်ဆုံးမှာ ၈၁၉က ဘုန်းတော်ကြီးကို စကားလာပြောပြီး ငိုပါတယ်။ အကျဉ်းသားတုတွေနဲ့ တွေ့ဆုံပြီးစဉ်မှာ ဘုန်းတော်ကြီးက အဲဒီမှာဖြစ်နေတာတွေက တကယ့် ထောင်အစစ်မှာဖြစ်နေတာနဲ့ အလွန်တူကြောင်း ဒေါက်တာဇင်ဘာဒိုကို ပြောပြပါတယ်။ သူတို့ စကားပြောနေစဉ်မှာ အစောင့်တုတွေက မနက် ၁၁ နာရီ လူစစ်ခြင်းကို လုပ်နေပါတယ်။ အစောင့်တုတွေက အခြားအကျဉ်းသားတုတွေအားလုံးကို အကျဉ်းသား ၈၁၉ က မကောင်းတာတွေ လုပ်ခဲ့တယ်လို့ အဆက်မပြတ်ေ အော်ခိုင်းပါတယ်။ ဒေါက်တာဇင်ဘာဒိုက အဲဒီအသံတွေကို ကြားတာနဲ့ ၈၁၉ ကို အပြေးသွားကြည့်တော့ ၈၁၉က ထိန်းမနိုင်သိမ်းမရ ငိုနေတာကို တေ့ွရပါတယ်။ သူက ငါက မကောင်းတဲ့ အကျဉ်းသား၊ ငါ့ကြောင့် တခြားသူတွေ အပြစ်ပေးခံနေရတယ်လို့ ပြောပါတယ်။ ပထမရက်တွေမှာလို မဟုတ်ဘဲ ကျန်တဲ့ အကျဉ်းသားတွေအားလုံးက လေသံတစ်ခုတည်းဖြစ်အောင် ပြောင်းလဲသွားကြပါတယ်။ ၈၁၉ ကို ပြန်ချင်ရင်ပြန်လို့ ဒေါက်တာ ဇင်ဘာဒိုက ပြောပေမယ့် သူက ဆက်နေမယ်၊ အခြားအကျဉ်းသားတွေက သူ့ကို လူဆိုးလို့ ထင်နေတဲ့အချိန်မှာ သူ ထွက်မသွားနိုင်ဘူးလို့ ဆိုပါတယ်။ ဒေါက်တာဇင်ဘာဒိုက ဒါဟာ စမ်းသပ်မှုတစ်ခုသာဖြစ်ပြီး တကယ့် အကျဉ်းထောင်အစစ် မဟုတ်ကြောင်း၊ သူကလည်း ကောလိပ်ကျောင်းသားသာဖြစ်ပြီး အကျဉ်းသားအစစ်မဟုတ်ကြောင်း သတိပေးတော့မှ ၈၁၉ က ဒီစမ်းသပ်မှုကနေ ထွက်မယ်လို့ ဆုံးဖြတ်ပါတယ်။ သူ့ကို အစားထိုးဖို့ စမ်းသပ်မှုမှာ ပါဝင်မယ့်သူ အသစ်တစ်ယောက်ကို ထပ်ထည့်ခဲ့ပါတယ်။ သူ့နံပါတ်က ၄၁၆ ပါ။ သူက အစာမစားခြင်းအားဖြင့် စတင်ပုန်ကန်ပါတယ်။ အခြားအကျဉ်းသားတုတွေက အတော်လေး သွေးကွဲနေခဲ့ကြပါပြီ။ သူ့ နောက်ကိုလိုက်မယ့်အစား သူ့ကို ပြဿနာ ကောင်လို့ ယူဆနေကြပါတယ်။ အစောင့်တုတွေက သွေးကွဲမှုကို အသုံးချပြီး နှိပ်စက်နည်းအသစ်တွေနဲ့ နှိပ်စက်ပါတယ်။ 
အခြားသူတွေ ဒိုက်ထိုးချိန်မှာ ၄၁၆ ကို သီချင်းဆိုခိုင်းထားတာမျိုးပါ။ 
 
အဲဒီအချိန်မှာ အကျဉ်းသားတုတွေက ပုံစံသုံးမျိုး ကွဲသွားပါတယ်။ အဲဒီနေရာက ထွက်ဖို့ ကြိုးစားသူ၊ ပုန်ကန်သူနဲ့ စံပြအကျဉ်းသားဖြစ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ အများစုက စံပြအကျဉ်းသားဖြစ်ဖို့ ကြိုးစားနေကြသူတွေပါ။ အစောင့်တုတွေကိုလည်း ပုံစံသုံးမျိုး တွေ့ရပါတယ်။ ကိုယ်ချင်းစာသူ၊ မျှတသူနဲ့၊ ရက်စက်သူတွေ ဖြစ်ကြပါတယ်။ အစောင့်တုတွေက အကျဉ်းထောင်တုကို ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ၄၁၆ ကလွဲလို့ ကျန်သူတွေအားလုံး သူတို့ပြောသမျှ လိုက်နာအောင် ထိန်းချုပ်နိုင်ပါတယ်။ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် အစောင့်တွေက အကျဉ်းသားတွေကို အိမ်ကို စာရေးခိုင်းပါတယ်။ လာတွေ့ဖို့ မလိုကြောင်း၊ သူတို့အားလုံး အဆင်ပြေကြောင်းတွေကို ပါးစပ်က ခေါ်ပေးတဲ့အတိုင်း လိုက်ရေးစေခဲ့တာ နာခံကြပါတယ်။ ညနေမှာ ၄၁၆ က နေ့လယ်က ကျန်တဲ့ ဝက်အူချောင်းကို စားဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့ကို အခန်းကျဉ်းထဲ ထည့်ပိတ်ထားပြီး သူ အဲဒီဝက်အူချောင်းကိုမစားရင် ကျန်တဲ့သူတွေအားလုံးကို ဧည့်တွေ့ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ပါတယ်။ အကျဉ်းသားတုတွေရဲ့ ဒေါသတွေအားလုံးက ၄၁၆ အပေါ်မှာ စုပြုံကျလာအောင် တမင်လုပ်ခြင်း ဖြစ်ပါတယ်။ 
 
အဲဒီနောက်မှာ အရက်စက်ဆုံးအစောင့်တုက လူစစ်ပါတယ်။ သူက အကျဉ်းသားတုတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အရှက်ခွဲခြင်း၊ လိင်တူဆက်ဆံမယ်လို့ ခြိမ်းခြောက်ခြင်း၊ ပုံစံမျိုးစုံနဲ့ လမ်းလျှောက်ခိုင်းခြင်း စတာတွေကို ပြုလုပ်ပါတယ်။ အားလုံးထဲမှာ အမိန့်အနာခံဆုံးဖြစ်တဲ့ ၂၀၃၉ တောင်မှ မတရားခိုင်းစေနှိပ်စက်ခြင်းတွေကို ခံရပါတယ်။ ဘယ်အကျဉ်းသားတုကမှ အဲဒီလို ပြု မူဆက်ဆံခံရခြင်းတွေကို ငြင်းပယ်ခြင်း မပြု ခဲ့ကြပါဘူး။ လူစစ်ပြီးချိန်မှာ ၄၁၆ကို အခန်း ကျဉ်းထဲ ပြန်ပိတ်ထားလိုက်ပါတယ်။ သူစားဖို့ ငြင်းဆန်ခဲ့တဲ့ ဝက်အူချောင်းကလည်း ကြမ်းပေါ်ကျရာက အတော်ပေရေနေခဲ့ပါပြီ။ အဲဒီမှာ လူစစ်တဲ့အစောင့်တုက အခြားအကျဉ်းသားတုတွေကို သူတို့ရဲ့ ခြုံစောင်တွေကို ပေးမယ်ဆိုရင် ၄၁၆ ကို အကျဉ်းခန်းကလေးထဲကနေ လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ 
ဘယ်သူကမှ မပေးကြပါဘူး။ အဲဒီလိုအနေအထားကို ဒေါက်တာဇင်ဘာဒိုက ဘွဲ့လွန်ကျောင်းသူတစ်ဦးနဲ့အတူ သူ့အခန်းထဲက တီဗွီနဲ့ ကြည့်နေခဲ့ပါတယ်။ သူနဲ့အတူ ကြည့်နေတဲ့ ကျောင်းသူက ဒေါက်တာဇင်ဘာဒိုကို စမ်းသပ်မှုရဲ့ ရလဒ်တွေက အတော်လေး ဆိုးရွားနေပြီ၊ စမ်းသပ်မှုကို ရပ်သင့်ပြီလို့ ပြောခဲ့ပါတယ်။ အဲဒီတော့မှ ဒေါက်တာဇင်ဘာဒို အသိစိတ်ဝင်လာပြီး စမ်းသပ်မှုတွေကို ရပ်ပစ်ခဲ့ပါတယ်။ 
 
အဲဒီစမ်းသပ်မှုမှာ တွေ့ရတာတွေက အပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့လည်း အတော်လေး တူညီနေပါတယ်။ ဥပမာ အမေရိကန်တွေ အီရတ်ကို ဝင်တိုက်စဉ်ကာလမှာ၊ အီရတ်က အာဗူဂရေး အကျဉ်းထောင် အစောင့်တွေက သူတို့လုပ်တာတွေကို လူမသိဘူးလို့ ထင်တဲ့ကာလတွေမှာ အကျဉ်းသားတွေကို အလားတူနည်းတွေနဲ့ အနိုင်ကျင့်၊ မတရားပြုမူတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားဖို့ ရည်ရွယ်ပြီး စတန်းဖို့ဒ်ထောင်စမ်းသပ်မှုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ Quiet Rage  ရုပ်ရှင်ကို အီရတ်သွားနေတဲ့ အမေရိကန်စစ်တပ်က ခေါင်းဆောင်ပိုင်းတွေကို ကြည့်စေခဲ့ပါတယ်။ 
 
ဒေါက်တာဇင်ဘာဒိုက တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီး “လူကောင်းတွေကို မက်လုံးပေးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဇာတ်သွင်းခြင်းတွေနဲ့ မကောင်းဆိုးဝါး တစ်ကောင်လို ပြုမူအောင် ဆောင်ရွက်လို့ ရပါတယ်။ စတန်းဖို့ဒ်ထောင် စမ်းသပ်မှုကနေ ရလိုက်တဲ့ ရိုးစင်းတဲ့ အဓိကသင်ခန်းစာက အခြေအနေတွေက အရေးကြီးတယ်ဆိုတာပါပဲ။ လူမှုရေးဆိုင်ရာ အခြေအနေတွေက လူတစ်ဦးတစ်ယောက်ချင်းတွေ၊ အုပ်စုတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပေါ်မှာ ကျွန်တော်တို့ ထင်ထားတာတွေထက် ပိုမိုအားကောင်း နက်ရှိုင်းစွာ သက်ရောက်နိုင်စွမ်းရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ 
 
Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာသင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ ပလောက်စ်က “လူမှုရေးစိတ်ပညာရဲ့ စိတ်မသက်သာစရာ အမှန်တရားက “အခြေအနေ”ဆိုတဲ့အချက်က လူတွေရဲ့ကောင်းတဲ့ရည်ရွယ်ချက်တွေကို ပယ်ဖျက်ပြီး လူကောင်းတွေကို မကောင်းတာတွေ လုပ်စေနိုင်တယ်”လို့ ဆိုခဲ့ပါတယ်။ 
 
လူကောင်းတွေကနေ မကောင်းဆိုးဝါး တွေ ဖြစ်သွားခြင်းကို ဒေါက်တာဇင်ဘာဒိုက လူစီဖာအဖက် Lucifer Effect  လို့ ခေါ်ပါတယ်။ ကောင်းမွန်တဲ့ နတ်တစ်ပါးကနေ စေတန်ဖြစ်သွားခဲ့တဲ့ လူစီဖာနတ်သားကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါတယ်။ ဒေါက်တာ ဇင်ဘာဒိုက အဲဒီတွေ့ရှိချက်တွေကို လူအများ သိနားလည်အောင် ပြုလုပ်ခြင်းကို “အမှောင်တွေကို မြင်သာအောင် ဆောင်ရွက်တဲ့ ကျွန်တော့်ရဲ့ ခရီးလမ်း”လို့ တင်စားထားပြီး အဲဒီခရီးလမ်းကို သူနဲ့အတူ ပါဝင်လျှောက်လှမ်းကြဖို့ သူ့ရဲ့ လူစီဖာအဖက် အင်တာနက်စာမျက်နှာမှာ ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ 
 
■ (ညွှန်း - www.coursera - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ ချချက်၊ www.lucifereffect.com )

Most Read

Most Recent