နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေ၍ အစိုးရအာဏာပိုင်များအနေဖြင့် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အထူးဂရုပြုဆောင်ရွက်ပေးရန် AAPP တောင်းဆို

နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေ၍ အစိုးရအာဏာပိုင်များအနေဖြင့် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အထူးဂရုပြုဆောင်ရွက်ပေးရန် AAPP တောင်းဆို
Published 13 June 2015
ဇာလီမြင့်ဦး

အစိုးရအာဏာပိုင်များအနေဖြင့် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြုဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 
 
AAPP ၏ ထုတ်ပြန်ချက်တွင် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေခြင်းနှင့်ပတ်သက်၍ အကျဉ်းထောင်များအတွင်း ထိန်းသိမ်းထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာ ယခုလပိုင်းအတွင်း သိသိသာသာဆိုးရွားလာသည်ကို သိရကြောင်း ဖော်ပြထားသည်။ 
 
၂၀၁၅  မတ် ၁၀ ရက်တွင် လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်စစ်ကြောင်းကို ဝန်းရံပေးရင်း ကျောင်းသားများနှင့်အတူ သာယာဝတီထောင်တွင် ဖမ်းဆီးအကျဉ်းချခံနေရသည့် ကိုတင်ဝင်းသည် ဇွန် ၂  ရက် တရားရုံးထုတ်ရာ၌ အသက်ပုံမှန်ရှူမရဘဲ တရားခွင်တွင် လဲကျသွား၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေခဲ့ရကြောင်း၊ ကိုတင်ဝင်းသည် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံနေရစဉ်က နံရိုးများတွင်ရရှိခဲ့သည့်ဒဏ်ကြောင့် အကြောများ ပုံမှန် အလုပ်မလုပ်ခြင်း၊ သွေးအန်ခြင်းတို့ ခံစားနေရသည့်အပြင် လည်ပင်းနေရာတွင်ရရှိခဲ့သည့် ဒဏ်ချက်ကြောင့်အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရသည်အထိ ကျန်းမာရေးဆိုးရွားခဲ့ကြောင်း ဖော်ပြထားသည်။
 
ထို့ပြင် ကျောင်းသားသပိတ်စစ်ကြောင်းတွင် ဝန်းရံသူတစ်ဦးဖြစ်သူ ကိုခင်လှိုင်သည်လည်း ဇွန် ၉ ရက် တရားရုံးထုတ်ခြင်းသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း၊ အင်းစိန်ထောင်တွင် ထောင်ဒဏ်လေးနှစ်နှင့် လေးလ ထောင်ဒဏ်ကျခံနေရပြီး လက်ကျန်အမှုများ ရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်သည်လည်း ခါးဆစ်ရောင်ရောဂါကြောင့် လမ်းမလျှောက်နိုင်သည်အထိ ကျန်းမာရေးဆိုးရွားနေကြောင်း ဖော်ပြထားသည်။
 
အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား အများစုသည် အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သလောက်မရရှိကြောင်း သိရှိရသည်ဟုလည်း ဖော်ပြထားကာ ၂၀၁၄ ခုနှစ်တွင် ဖမ်းဆီးခံရကာ ပခုက္ကူထောင်တွင် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ယူနတီသတင်းဂျာနယ်သတင်းထောက် ကိုသဲရာဇာဦးသည်လည်း အသည်းရောင် အသားဝါဘီရောဂါကို အပြင်းအထန် ခံစားနေရသည်ကို ၎င်း၏ အမျိုးသမီး၏ ပြောပြချက်အရသိရှိရကြောင်း ဖော်ပြထားသည်။
 
ထို့အတွက် အကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးရွားနေသည့် နိုင်ငံရေးအကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျ ပံ့ပိုးဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ အထူးသဖြင့် လက်ပံတန်းမြို့ ဒီမိုကရေစီပညာရေးစစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲ ကာ ဖမ်းဆီးခြင်းခံရပြီး သာယာဝတီထောင်အတွင်း ရောက်ရှိနေသော ကျောင်းသားများ နှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး ကျန်းမာရေးစစ်ဆေးပေးရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။ 
 
မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအား ပြည့်ပြည့်၀၀ ပြုစုစောင့်ရှောက်ပေးရန်၊ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အစိုးရအာဏာပိုင် အဆင့်ဆင့်အနေဖြင့် တာဝန်ရှိသည့်အတိုင်း အထူးဂရုပြု ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာအစိုးရအား အလားတူတောင်းဆို တိုက်တွန်းကြောင်း ရေးသားထုတ်ပြန်ခဲ့သည်။
 
 

Most Read

Most Recent